ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ဆရာတော်တပါး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ကရင် လက်နက်ကိုင် အဖွဲ့များ စုပေါင်း၍ အထူးခုံရုံးဖွဲ့ စစ်ဆေးပြီး အလုပ်ကြမ်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကြောင်း သိရသည်။
လှိုင်းဘွဲ့မြို့နယ် မယ်လရွာသစ်၌ ကျောင်းထိုင်နေသည့် သက်တော် ၆၈ နှစ်ရှိ ဆရာတော် ဦးကုသလသည် ၂၀၁၄ ခုနှစ်အတွင်းက အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို ယခုနှစ် မေလ ၁၈ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုလူသတ်မှုနှင့် ပတ်သက်ပြီး ကရင်ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များက မကျေမနပ် ဖြစ်နေကြသဖြင့် အထူးခုံရုံးဖွဲ့၍ အများပြည်သူ ရှေ့မှောက်၌ တရားစီရင်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့၏ သာသနာရေးနှင့် ပြည်ထဲ ရေး တာဝန်ခံ ပဒို စောအားတိုးက ဧရာဝတီကို ပြောသည်။
“ခုံရုံးဖွဲ့ စီရင်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ ဒီလို လုပ်ရခြင်းဟာလည်း ကျနော်တို့ ဒေသမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီးတော့ လုပ်ရခြင်း ဖြစ်ပါတယ်။ နောင်လည်းပဲ ပြစ်မှုကြီးတွေ ဖြစ်လာရင် အခုလိုမျိုး အထူးခုံရုံးဖွဲ့ စစ်ဆေး သွားမှာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။
အထူးခုံရုံး အဖွဲ့၌ KNU နှင့်အတူ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) စသည့် ကရင် လက်နက်ကိုင် အဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်ကြကြောင်း သိရ သည်။
လူသတ်မှု ကျူးလွန်ရာတွင် KNU နှင့် KNU/KNLA-PC တို့မှ အဖွဲ့ဝင် ၅ ဦး နှင့် သံဃာတော်တပါး ပါဝင်ကြောင်း၊ သစ်ပင်များ မခုတ် ရန် တားမြစ်ခြင်းကြောင့် အသတ်ခံခြင်း ဖြစ်ကြောင်း ကရင် သတင်းဌာန တခုဖြစ်သည့် KIC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြစ်မှု ကျူးလွန်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်၊ ၁၀ နှစ် စသည်ဖြင့် စီရင်ချက် ချမှတ်ခဲ့ပြီး KNU ထိန်းချုပ်ရာ အကျဉ်း ထောင်၌ ထိန်းသိမ်းထားကြောင်း၊ KNU နယ်မြေ၌ ပြစ်မှုကျူးလွန်သူများကို ထိုက်သင့်သော ပြစ်ဒဏ်များ ပေးလေ့ရှိပြီး ထောင်ဒဏ် ကျခံနေရသူများ ရှိနေကြောင်း ပဒို စောအားတိုးက ဆက်ပြောသည်။
KNU ထိန်းချုပ်ရာနယ်မြေ ဒေသများ၌ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်ရန် ကရင်အမျိုးသား အစည်းအရုံး ရဲတပ်ဖွဲ့ (KNPF) တခုကို ဖွဲ့စည်းထားကြောင်း၊ ယခုလူသတ်မှုကို ထိုရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော် ပြစ်မှုကျူးလွန်သူများ အနက် သံဃာတော် ဦးဗုဒ္ဓဝံသ နှင့် စောတာဝါးတို့ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။
KNPF သည် ၎င်းတို့နယ်မြေ၌ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေးတို့အပြင် ရုံးပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အမှုလိုက်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ သင်တန်းများ ပို့ချဆောင်ရွက်ပေးနေသည်ဟု ပဒို စောအားတိုးက ပြောပြသည်။
“ရဲတပ်ဖွဲ့ကို ကျနော်တို့ ပြည်ထဲရေး အဖွဲ့က သင်တန်းတွေ ပေးပါတယ်၊ သီးသန့် ကရင် ရဲတပ်ဖွဲ့ ဖွဲ့စည်းထားတဲ့ အတွက်လည်း နိုင်ငံ တော် အစိုးရက ဘာမှတော့ နှောင့်ယှက် တားဆီးတာမျိုး မရှိပါဘူး”ဟုလည်း ၎င်းက ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး ရဲတပ်ဖွဲ့ (KNPF) ကို ၁၉၉၂ ခုနှစ် ဝန်းကျင်က စတင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုအခါ KNU ထိန်း ချုပ် နယ်မြေ ၇ ခု တွင် ရှိနေပြီး စုစုပေါင်း အင်အား ၆၀၀ ကျော် ရှိကြောင်း သိရသည်။