ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထား ကိုးကွယ်ရာဖြစ်ပြီး ကမ္ဘာမှာပါ ထင်ရှား ကျော်ကြားတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနာဂတ်က မြို့ပြဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်က ပေါ်ထွက်လာတဲ့ အိမ်ရာစီမံကိန်းတွေကြောင့် ခြိမ်းခြောက်ခံ လာရပြီလို့ ဗိသုကာပညာရှင်တွေ၊ အင်ဂျင်နီယာတွေက ကျယ်ကျယ်လောင်လောင် ဝေဖန်ထောက်ပြ ပြောဆိုလာကြပါပြီ။
ရွှေတိဂုံစေတီတော်ကြီးရဲ့ အနာဂတ်ကို စိုးရိမ် ကြတဲ့ ဗိသုကာပညာရှင်တွေ ၊ အင်ဂျင်နီယာတွေ ၊ ဘူမိဗေဒ ပညာရှင်တွေ ၊ ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်တွေ၊ မြေဆီလွှာအကြောင်းနားလည်တတ်ကျွမ်းတဲ့ သုတေသီ တွေ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ စုပေါင်းလို့ မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာအိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရုံးမှာ Save Shwedagon ဖိုရိမ်တခုကို ကျင်းပခဲ့ ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်က စီမံကိန်းတွေကို စနစ်တကျ မထိန်းကွပ်ရင် “ရွှေတိဂုံ စေတီတော် ရေရှည် တည်တံ့ဖို့အတွက် စိုးရိမ်ရနေရပြီ” ဆိုတဲ့အချက်ကို အားလုံးက သဘော တူခဲ့ကြပါတယ်။ မြန်မာနိုင်ငံဗိသုကာအသင်း (AMA) ဥက္ကဋ္ဌ ဦးဆန်းဦးက ရွှေတိဂုံစေတီတော်ရဲ့ ရေရှည် တည်တံ့မှုကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ဆိုပါတယ်။
“ရွှေတိဂုံဘုရားကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဧရိယာတခုရှိဖို့ လိုအပ်ပြီး အဲဒီဧရိယာဟာ လူတစု အတွက် မဟုတ်ဘဲ လူထုအတွက် ဖြစ်ဖို့လိုတယ်” လို့ ဦးဆန်းဦးက ပြောပါတယ်။
AMA က ရွှေတိဂုံစေတီတော်နဲ့ ရွှေတိဂုံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သမ္မတ ဦးသိန်း စိန်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာန တွေနဲ့ အဖွဲ့အစည်း အသီးသီးဆီကို အကြံပြုစာ တစောင် ပေးပို့ခဲ့ပြီး အဓိက ကျတဲ့ အကြံပြုချက်တွေ ထဲမှာ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်မှာရှိတဲ့ စီမံကိန်းတွေကို ဆက်လက်အကောင် အထည်ဖော်ခွင့်မပြုမီ သဘာဝပတ်ဝန်းကျင်နဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်ချက်တွေကို မဖြစ်မနေ ပြုလုပ် ဖို့၊ စေတီတော်ကြီးရဲ့ လက်ရှိ ခိုင်ခံ့မှုအခြေအနေ၊ သိင်္ဂုတ္တရကုန်းမြေရဲ့ လက်ရှိမြေလွှာ မြေကြောတွေရဲ့ ခိုင်ခံ့မှုအခြေအနေ၊ စေတီတော်ကြီး အနီးတဝိုက်မှာ ရှိတဲ့ မြေပေါ်မြေအောက် ဂေဟစနစ်၊ သစ်ပင်၊ သစ်တောအုပ်များ၊ ဒီအပေါ်မှာ မှီခိုနေတဲ့ ကျေးငှက် တိရစ္ဆာန် ကြီးငယ်တွေရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုအခြေအနေတွေကို ထည့်သွင်းဆန်းစစ်ဖို့ လိုတယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။
သမ္မတနဲ့ အစိုးရအဖွဲ့ဆီ ပေးပို့ထားတဲ့ အကြံ ပြုစာထဲမှာ ရွှေတိဂုံစေတီတော်အနီး လုပ်လာမယ့် စီမံကိန်းတွေ ကြောင့် ဖြစ်လာနိုင်တဲ့ ယာဉ်ကြော ကျပ်တည်းနိုင်မှု၊ စေတီတော်ကြီး အနီးတဝိုက် ရေဝေရေလဲ နယ်မြေတခု လုံးရဲ့ ရေစီးရေလာစနစ်တွေ၊ စေတီတော်နဲ့ ဝန်းကျင်မှာ ရှိတဲ့ မြေအောက်ရေ ထုတ်ယူအသုံးချမှု စနစ်နဲ့ ပမာဏ၊ အဲဒီ ပတ်ဝန်း ကျင်မှာရှိတဲ့ ရေဆိုး၊ မိလ္လာနဲ့ ရေစီးရေလာ စနစ်တွေ ကိုလည်း လေ့လာဆန်းစစ်ဖို့ ထောက်ပြထားပါတယ်။
ရွှေတိဂုံ စေတီတော်ကြီး၊ မဟာဝိဇယ စေတီ တော်နဲ့ ဆံတော်ကြို (အလံပြ) ဘုရားတို့ကို လူအများ ဖူးမြော်ကြည်ညိုနိုင်တဲ့ မြင်ကွင်းကိုထိခိုက်စေနိုင်တဲ့ မြေအသုံးချမှု၊ အဆောက်အအုံ ဆောက်လုပ်မှု၊ အဆောက်အအုံ အမြင့်၊ အဆောက်အအုံ ထုထည်နဲ့ မြေဝင် ပမာဏ၊ ရှေ့မြေနေရာချန်ထားမှု၊ အဆောက် အအုံရဲ့ ဒီဇိုင်းအရည်အသွေး၊ တည်ဆောက်ပစ္စည်း အမျိုးအစား၊ ဆောက်လုပ်မယ့် စနစ်တွေကို ဇုန် အလိုက် စည်းကမ်းသတ်မှတ်ပြီး စနစ်တကျ လေ့လာ ထိန်းညှိဖို့ လိုအပ်နေပြီလို့ ဗိသုကာ ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒီလို သုတေသနနဲ့ လေ့လာဆန်းစစ်မှုတွေ အပြင် ရွှေတိဂုံ စေတီတော်ကြီးနဲ့ သိင်္ဂုတ္တရကုန်းမြေရဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှု အစီအမံ (Conservation Management Plan) မဖြစ်မနေ ရေးဆွဲရန်လိုအပ်ပြီး စေတီတော်ကြီး ရေရှည်တည်တံ့ အောင် စနစ်တကျ ထိန်းသိမ်းရေးအတွက် တတ်ကျွမ်းနားလည်တဲ့ ပညာရှင် တွေ၊ ဌာနဆိုင်ရာတွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ မြို့မိမြို့ဖတွေ ပါဝင်တဲ့ အတိုင်ပင်ခံအဖွဲ့တခု ဖွဲ့စည်း နိုင်ဖို့လည်း လိုတယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။
ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် နေရာလပ် တွေကို အများပြည်သူသုံးနေရာ (Public Space) တွေ အဖြစ် ချန်လှပ် အသုံးပြုသင့်ပြီး အထပ်မြင့် အဆောက်အအုံမဟုတ်ဘဲ လုပ်လို့ရနိုင်တဲ့ တခြား ရွေးချယ်လို့ရနိုင်တဲ့ အချက်တွေ အများကြီးရှိတယ် လို့ ဗိသုကာပညာရှင်တဦးဖြစ်သူ ဦးခိုင်ဝင်းလတ်က ဧရာဝတီကို ပြောပါတယ်။
“အိမ်ဆိုတာမျိုးက ဝယ်တဲ့သူ တယောက်တည်း ပိုင်မှာ။ စီးပွားရေး အဆောက်အအုံဆိုရင်လည်း စီးပွားရေး လုပ်တဲ့သူကပဲ ပိုင်သွားမှာ။ ဖြစ်စေချင် တာက အများပြည်သူ နားခိုလို့ရတဲ့ ဇရပ်၊ ဘာသာ ရေး လုပ်လို့ရတဲ့ နေရာမျိုး၊ ယဉ်ကျေးမှုနဲ့ ပတ်သက် လို့ လုပ်လို့ရတဲ့ ပွဲ၊ ပြည်သူ့ရင်ပြင်လိုမျိုး စိမ်းလန်းမှု ကို ပျက်မသွားဘူး ဆိုတဲ့ အဆောက်အအုံ အသေး လေးတွေကိုပဲ ဆောက်စေချင်တယ်။ အများပြည်သူ ကို သုံးစွဲခွင့် ပေးစေချင်တယ်” လို့ ဦးခိုင်ဝင်းလတ်က ပြောပါတယ်။
ရွေတိဂုံစေတီ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် Shwedagon Conservation Zone သတ်မှတ်ခြင်းကို ဒီစီမံကိန်းတွေ မပေါ်ခင်ကတည်းက ရေးဆွဲနိုင်ခဲ့ပေမယ့် အခုမြေက စစ်တပ်ပိုင်မြေ ဖြစ်နေလို့ ပြဿနာ ရှိနေတာလို့ ဗိသုကာပညာရှင် တဦးဖြစ်တဲ့ ဦးသံမိုးက ပြောပါတယ်။
“တပ်အနေနဲ့ ယူထားတော့ သူတို့အနေနဲ့ တခြားစီမံကိန်းတွေ မလုပ်လောက်ဘူး ထင်ထားတာ။ ဒါတွေကို ဥပဒေနဲ့ ကာကွယ်ဖို့ကလည်း Legal Mandate မရသေးဘူး။ လူတွေကလည်း Plan ရေးပြီးရင် ပြီးပြီလို့ ထင်ကြတာ”လို့ ဦးသံမိုးက ဧရာဝတီကို ပြောပါတယ်။
အခုတော့ ရန်ကုန်မြို့ပြ အမွေအနှစ်တွေကို ကာကွယ်နိုင်ဖို့အတွက် Land use and Zoning Regulation ဆိုတာမျိုး ထုတ်ပြန်ပြီး ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ဖို့ အများပြည်သူကြားနာပွဲတွေ လုပ်တာ ၃ ခါ ရှိပေမယ့် မြေတွေအများကြီး ဝယ်ထားတဲ့ စီးပွားရေးသမားတွေက ဒီကိစ္စကို တော်တော်လေး ဆန့်ကျင်နေကြပြီး ဒီဥပဒေ အတည်ပြုသွားမှာကို မကြိုက်ကြပါဘူး။ အဲဒီစီးပွားရေးသမားတွေကလည်း တပ်မတော်ထိပ်ပိုင်းနဲ့ရော သမ္မတနဲ့ ပါ အရမ်းကို နီးစပ်တဲ့ အသိုင်းအဝိုင်းဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်နဲ့လည်း နီးစပ်သူတွေဖြစ်တယ်လို့ ဆိုပါ တယ်။
“အဲဒီလူတွေကလည်း သိတဲ့အတိုင်း အင်မတန် နီးစပ်တဲ့သူတွေ ဖြစ်နေတော့ ဒီဥပဒေ အတည်ပြုမှာ ကို မကြိုက်ကြဘူး။ ကန့်ကွက်တဲ့သူက နည်းနည်းပဲ ရှိပေမယ့် အကောင်ကြီးကြီးတွေ ဖြစ်နေတယ်။ အဲဒီလူတွေက ဆင်တွေလေ။ ဥပဒေဆိုတဲ့ ပင့်ကူမျှင်က ယင်ကောင်လောက်ပဲ ဖမ်းလို့ရတာ၊ ဆင်သွားဖမ်းလို့ မရဘူး။ အခုက ဆင်တွေဖြစ်နေတယ်”လို့ ဦးသံမိုးက ဆက်လက်ပြောဆိုပါတယ်။
သမိုင်းဝင်နေရာတွေကို ထိန်းသိမ်း ကာကွယ်ရ မယ့်ဇုန် သတ်မှတ်တာ၊ မြေအသုံးချမှု သတ်မှတ်တာ တွေ မလုပ်နိုင်သေးတာက မြို့ပြဖွံ့ဖြိုးရေးဥပဒေ (Urban Planning Law) ဆိုတာ မရှိသေးလို့ပါ။ ဒါကြောင့် ပညာရှင်တွေက မြို့ပြဖွံ့ဖြိုးရေးဥပဒေ ရေးဆွဲပြီး ဇွန်လမှာ လွှတ်တော်မှာ တင်လို့ရအောင် ကြိုးစားနေ ကြပါတယ်။
လတ်တလောရှိနေတဲ့ ရှေးဟောင်းနေရာတွေ ကို ထိန်းသိမ်းတဲ့ ဥပဒေတွေက မြို့ပြဒေသမှာ အံမဝင်လို့ မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေ ဆိုတာ ရေးဖို့စီစဉ်နေပေမယ့် လူဦးရေများပြားလွန်း တဲ့ ရန်ကုန်မှာ ဥပဒေတွေ ဘယ်လို အသက်ဝင်အောင် လုပ်မလဲဆိုတာက စိန်ခေါ်မှုတရပ် ဖြစ်နေ ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မှာရှိတဲ့ ရှေး ဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်တဲ့ဥပဒေ မရှိသေးပါဘူး။
အခု အိမ်ရာနဲ့မြို့ပြ စီမံကိန်းတွေ ဖော်ဆောင် မယ့် မြေတွေက စစ်တပ်ပိုင်မြေတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၁၉၈၂ ခုနှစ် Lower Burma Town and Village Act ဥပဒေအရ တပ်မတော် အနေနဲ့ ကာကွယ်ရေးအတွက် အသုံးမပြုတော့ဘူး ဆိုရင် စစ်တပ်ပိုင်မြေတွေကို နိုင်ငံတော်ကို ပြန်လည် အပ်နှံရမှာဖြစ်ပြီး နိုင်ငံတော်က သင့်လျော် သလို စီစဉ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တပ်မတော်အတွက် အသုံးမလိုတော့တဲ့ မြေကို စီးပွားရေးလုပ်ငန်းနဲ့ အိမ်ရာစီမံကိန်းအတွက် ငှားရမ်းတာ၊ ရောင်းစားတာမျိုးက ဥပဒေချိုးဖောက် ရာ ရောက်တယ်လို့ ဆိုကြပါတယ်။ ဒီစီမံကိန်းတွေ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကိုလည်း ပြည်သူ တွေက ရှင်းရှင်းလင်းလင်း မသိကြပါဘူး။
စစ်တပ်ပိုင် မြေနေရာကို ပုဂ္ဂလိကကို လွှဲတော့ မယ်လို့ သတင်းကြားစဉ်က ကာကွယ်ဝန်ကြီးဌာနကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်ပြီး သတင်း ထုတ်ပြန်ပေးဖို့ အကြိမ်ကြိမ် ကြိုးစားမေးမြန်းခဲ့ပေ မယ့် သတင်းကို အတည်မပြုနိုင်ခဲ့ဘဲ သတင်း အမှောင်ချခြင်း ခံခဲ့ရပါတယ်။
ဒီပြဿနာတွေ ပြေလည်နိုင်ဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးရလိုအပ်တယ်လို့ နခသီနလရဲ့ ဒါရိုက်တာ ဦးဝင်မျိုးသူက ပြောပါတယ်။
“ရွှေတိဂုံနားက အဆောက်အအုံတွေကို မသုံး တော့ရင် အစိုးရကို ပြန်အပ်ရမယ်။ ဒီစီမံကိန်းကြီးကို လုပ်မယ်ဆိုရင် တင်ဒါခေါ်ပြီး ပွင့်လင်းမြင်သာအောင် လုပ်သင့်တယ်။ အခုက ဥပဒေအထက်မှာ မိုးကျ ရွှေကိုယ်တွေ အများကြီးပဲ ရှိနေပါတယ်။ အခုတော့ မြင်ကွင်း ပသာဒတန်ဖိုးနဲ့ အမျိုးသားရေး လက္ခဏာ တွေ ပျောက်ပျက်ကုန်ပါပြီ” လို့ ဦးဝင်းမျိုးသူက ပြောဆိုပါတယ်။
ရွေတိဂုံကို ပြည်လမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ အရှေ့ကြားတောရလမ်း၊ ရွှေဂုံတိုင်တံတား၊ အင်း လျားလမ်း တလျှောက်၊ ဦးဝိစာရလမ်း၊ ကန်တော် မင်္ဂလာပန်းခြံ၊ ဦးထောင်ဘိုအဝိုင်းနဲ့ ကန်တော် ကြီး ပန်းခြံစတဲ့ အများပြည်သူပိုင်လမ်းကြောင်း နေရာ ၉ ခုကနေ လှမ်းမြင်နိုင်ပါတယ်။ အဲဒီ မြင်ကွင်းလမ်း ကြောင်း ၉ ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ထိန်းသိမ်းဖို့ ကြိုးစားခဲ့ ပေမယ့် ဦးထောင်ဘို အဝိုင်းဘက်မှာရှိတဲ့ Dagon City One စီမံကိန်းကြောင့် ဦးထောင်ဘိုအဝိုင်း ဘက်ကမြင်ရတဲ့ ရွှေတိဂုံမြင်ကွင်းကတော့ ပျောက် ကွယ်သွားတော့မှာဖြစ်တယ်လို့ ဗိသုကာကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။
“ပြည်သူအများက ပိုင်ဆိုင်တဲ့ မြင်ကွင်း ဖြစ်ပါ တယ်။ အထပ်မြင့် အဆောက်အအုံတွေ အများ ကြီး တည်ဆောက်လာရင် အလင်းရောင်ကအစ ရွှေတိဂုံဘုရားနဲ့ ဖက်ပြိုင်လာမယ်ဆိုရင် သူ့ရဲ့ Character ပျောက်သွားနိုင်တဲ့ အခြေအနေရှိပါ တယ်” လို့ ဒေါ်လှိုင်မော်ဦးက ရှင်းပြပါတယ်။
၂၀ဝ၉ ခုနှစ်မှာ ရွှေတိဂုံစေတီရဲ့ ကိုယ်တော် အတွင်းပိုင်း ကြံ့ခိုင်မှုကို ဆန်းစစ်ဖို့ လိုတဲ့အတွက် ဘုရား ကိုယ်တော်မှာ ၃၁ လက်မထူတဲ့ အုတ် ၂ လွှာ အထိ အပေါက် ၉၆ ပေါက် ဖောက်ကြည့်ခဲ့ဖူးပြီး အခုချိန်မှာ ဘုရားကြီးရဲ့ ကြံ့ခိုင်ခံမှုကို ထပ်မံစစ်ဆေး ဖို့ လိုအပ်နေပြီလို့ ရန်ကုန် နည်းပညာ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Óဏ်မြတ်ကျော်က ပြောပါ တယ်။
ဘုရားရဲ့ ကိုယ်ထည်အတွင်းပိုင်းက အုတ်က တသားတည်းမဟုတ်ဘူး။ အပြင်ဘက်ဆုံး အုတ်က ၉ လက်မနဲ့ ၁၂ လက်မကြားထဲမှာ တလွှာရှိတယ်။ အဲဒီနောက်မှာ နောက်တလွှာ ရှိတယ်။ အုတ် ၂ လွှာက ၄ လက်မကနေ ၈ လက်မလောက်အထိ ခြားတယ်။ အဲဒီခြားတဲ့နေရာမှာ ရွှံ့အပျော့ကြီးတွေ ဖြစ်တယ်။ ဘုရားကိုယ်ထည် တောက်လျှောက်က အစို၊ ကိုယ်ထည်အပေါ်မှာ ကြေးပြား အုပ်ထားတဲ့ အတွက် ဝင်သွားတဲ့ ရေငွေ့တွေဟာ ပြန်ထွက်ပေါက် မရှိဘူးလို့ ဒေါက်တာÓဏ်မြတ်ကျော်က ရှင်းပြပါ တယ်။
Dagon City One စီမံကိန်းဆောင်ရွက်မယ့် Marga Landmark ကုမ္ပဏီကတော့ တည်ဆောက် မယ့် အိမ်ရာစီမံကိန်းက ရန်ကုန်မြို့တော်စည်ပင်ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၉၀၊ ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်တော်အောက် ဆိုတဲ့ အမြင့်ကန့်သတ်ချက်နဲ့ တည်ဆောက်ဖို့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလကတည်းက ခွင့်ပြုမိန့်ရရှိ ထားပြီးဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်၊ မေလ ၉ ရက် နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စီမံကိန်းကို ဝေဖန်သူတွေက “နိုင်ငံရေးအရ အမြတ်ထုတ်မှုနှင့် စီးပွားရေးအရ အမြတ်ထုတ်မှုများနှင့် ပတ်သက် ဆက်နွှယ်မှုရှိနိုင်မည်” လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Yangon Heritage Trust မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်ကတော့ ရွှေတိဂုံစေတီတော်ရဲ့အမြင့် ကို ပေ ၁၉၀ ဆိုပြီး ထိန်းသိမ်းနေပေမယ့် တချို့ နေရာတွေမှာဆိုရင် ဒီပေ ၁၉၀ ဟာ လုံလောက်တဲ့ Rule (စည်းမျဉ်း) မဟုတ်ဘူးလို့ ဆိုပါတယ်။
“ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် ပွင့်လင်းမြင်သာပြီး တော့ အများပြည်သူကို ထည့်သွင်းတိုင်ပင်တဲ့ နည်းမျိုးကိုလည်း ဆက်လက်ပြီးတော့ အကောင်အထည် ဖော်ဖို့ လိုပါတယ်” လို့ ဒေါ်မိုးမိုးလွင်က ပြောပါ တယ်။
နိုင်ငံတကာမှာလည်း သမိုင်းဝင်နေရာတွေကို ထိန်းသိမ်းကြပြီး ဥပမာအားဖြင့် ပြင်သစ်နိုင်ငံမှာ ဆိုရင် အီဖယ်မျှော်စင်၊ လန်ဒန်မြို့မှာ St.Paul Cathedral ဘုရားကျောင်း၊ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာဆိုရင် National Mall ၊ ဂရိနိုင်ငံ၊ အေသင်မြို့မှ Acropolis၊ ဩစတြေးလျနိုင်ငံက ဆစ်ဒနီအော်ပရာဟောက်စ် တွေကို ဥပဒေတွေ ပြဋ္ဌာန်းထိန်းသိမ်းထားကြတာမို့ မြန်မာနိုင်ငံမှာလည်း ရွှေတိဂုံစေတီတော်ကိုလည်း သတ်သတ်မှတ်မှတ် ထိန်းသိမ်းဖို့လိုတယ်လို့ ဒေါ်မိုး မိုးလွင်က ပြောပါတယ်။
ရွှေတိဂုံစေတီအနီးမှာလုပ်ဆောင်မယ့် စီမံကိန်း ၅ ခုကို လတ်တလော သမ္မတဦးသိန်းစိန် အမိန့်နဲ့ ယာယီ ရပ်ဆိုင်းထားပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ကွင်းဆင်းစစ်ဆေးလျက် ရှိပါတယ်။
“ရွှေတိဂုံစေတီတော်ဟာ မြန်မာနိုင်ငံအတွက် ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးအကြီးဆုံး အမွေအနှစ် တခု ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် အရေး ပါတဲ့ ရှေးဟောင်းယဉ်ကျေးမှု နေရာတခုလည်း ဖြစ်တဲ့အတွက် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရန် လွန်စွာ ထိုက်တန်တဲ့နေရာဖြစ်ပါတယ်”လို့ Yangon Heritage Trust တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက သတင်းထုတ်ပြန်ပြောဆိုပါတယ်။
ရွှေတိဂုံစေတီတော်ကြီးရဲ့အနာဂတ်က လက်ရှိ အစိုးရခေါင်းဆောင်တွေပေါ်မှာ အဓိကမူတည်နေ ပြီး သူတိုရဲ့ ဆုံးဖြတ်ချက်က ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ရွှေတိဂုံစေတီတော်နဲ့ နိုင်ငံရဲ့ အနာဂတ်ကိုပုံဖော် တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာ မယ်လို့ ဝေဖန်သုံးသပ်သူတွေက ဆိုကြပါတယ်။