ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီ ခရိုင် နတ်တလင်းမြို့နယ်တွင် အစိုးရဝန်ကြီးဌာနနှင့် စစ်တပ်က သိမ်းဆည်း ထား သော လယ်ယာမြေများ ပြန်လည်ရရှိရေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)က ကူညီ ဆောင်ရွက် ပေးခြင်းမရှိ၍ လယ်သမား ၄၁ ဦးက ကြံ့ခိုင်ရေးပါတီဝင်အဖြစ်မှ မေလ ၂၀ ရက်နေ့တွင် နုတ်ထွက်သွားကြောင်း သတင်း ရရှိသည်။
နတ်တလင်းမြို့နယ်အတွင်း စစ်တပ်၊ ခရိုင်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတချို့က လယ်ယာမြေ ၄၅၀ ဧကခန့် သိမ်းဆည်း ထားပြီး မြေယာအသိမ်းခံရသော လယ်သမားများသည် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြောင်း၊ ထို့ကြောင့် သိမ်းဆည်း လယ် ယာ မြေများ ပြန်လည်ရရှိရေး အကူအညီတောင်းခဲ့သော်လည်း ပါတီက တစုံတရာ ကူညီဆောင်ရွက်ခြင်းမရှိ၍ ပါတီဝင် အဖြစ် မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကြံ့ခိုင်ရေးပါတီဝင်အဖြစ် နုတ်ထွက်ကြသူများမှာ နတ်တလင်းမြို့နယ်ရှိ ဒမငယ်၊ အုန်းနဲကုန်း၊ ဖလံပင်၊ ရှားစီးပို၊ ဆီဆုံကုန်း၊ ကံစု၊ အောင်ချမ်းသာ၊ သရက်ပင်ကန်ရိုး၊ လက်ပံပင်စုနှင့် ဥယျာဉ်စု ကျေးရွာမှ လယ်ယာမြေသိမ်းဆည်းခံရသည့် တောင်သူ များ ဖြစ်ကြောင်း သိရှိရသည်။
“ ပြည်ခိုင်ဖြိုး ပါတီ ကမှန်တာဆိုရင် မားမားမတ်မတ် ရပ်တည်ပေးမယ်။ ပါတီအကျိုးနဲ့ ပြည်သူ့အကျိုးကိုဆိုရင် ပြည်သူ့ အကျိုး ကိုပဲ လုပ်မယ်၊ ပါတီအကျိုးကိုမလုပ်ပါဘူး လို့ပြောတယ်။ တကယ်လည်း မြေယာသိမ်းမှုတွေ ဖြစ်လို့ ပါတီကို တင်ပြ တော့ဘာမှဆောင်ရွက်မပေးဘူး။ ပြည်သူရဲ့ အကျိုးကိုမကြည့်တဲ့ ပါတီကနေ ကျနော်တို့နုတ်ထွက်ကြတာပါ”ဟု ဒေသခံ တဦးဖြစ်သူ ကိုမြင့်နိုင်က ပြောသည်။
မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ပါတီဝင် လယ် သမား ၄၁ ဦးက ပါတီဝင်ကတ်ပြား လာရောက်အပ်နှံခဲ့ပြီး ပါတီဝင်တချို့ကလည်း ပါတီဝင်လျှောက်လွှာများ ပြန်လည် ပေးအပ်ရန် အော်ဟစ်တောင်းဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“၂၀၀၈ တုန်းကလည်းကျနော်တို့ အခြေခံဥပဒေ အတည်ပြုဖို့ မဲပေးခဲ့တယ်၊ ၂၀၁၀ တုန်းကလည်းကျနော်တို့ မဲထည့်ခဲ့တဲ့ ပါတီပါ။ ကျနော်တို့ဘက်က ရွာတွေက ပြည်ခိုင်ဖြိုးရွာလို့ဆိုင်းဘုတ် ထောင်မထားတာ၊ အကုန်လုံးက ပြည်ခိုင်ဖြိုးတွေပါ။ မနှစ် အောက်တိုဘာလမှာ ကျနော်တို့ရွာကို ပါတီ စည်းရုံးရေးမှူးတွေ တအိမ်တက် တအိမ် ဆင်း ဓာတ်ပုံတွေ ရိုက်ခိုင်း ပြီး ပါတီ ဝင် လျှောက်လွှာတွေ ဖြည့်ခိုင်းတော့လည်း ကျနော်တို့ ဖြည့်ပေးတယ်။ အခုအဲဒီလျှောက်လွှာနဲ့ ဓာတ်ပုံတွေ ပြန်လာ ယူတာ။ ဘာမှအားမကိုးရတဲ့ပါတီကို ဘာလို့ဝင် နေတော့မလဲ” ဟု ဒမငယ်ကျေးရွာမှ လယ်သိမ်းခံ တောင်သူ ဦးချစ်ကိုက ပြောသည်။
နတ်တလင်းမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးလည်းဖြစ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးတင့်လွင်က ပါတီဝင်အဖြစ်မှ နုတ်ထွက်သူ ၄၁ ဦးတွင် ၁၁ ဦးသည် ပါတီမှ ထုတ်ပယ် ထားသူများဖြစ်ကြောင်း နှင့် ပါတီ ဝင်ဖြစ်ရန် လျှောက်လွှာတင်ထားပြီးမှ လျှောက်လွှာပြန်လည်ရယူလိုသူများကိုလည်း ဆန္ဒအတိုင်း လျှောက်လွှာ ပြန် ပေး မည်ဖြစ် သည်ဟု ပြောဆိုသည်။
“တကယ်နစ်နာတဲ့ တောင်သူက ၁၂၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ ကျနော်တို့ပါတီဝင်က၁၆ ဦးပဲရှိတယ်။ ၄၁ ဦး နုတ် ထွက် တယ်ဆိုတာက မိသားစုဝင်တွေပါ ပါလာလို့ပါ။ ပါတီရဲ့စည်းမျဉ်းစည်းကမ်းအရ ပါတီဝင် ၁ ဦးကတော့ ကတော့ထုတ် ထားတာကြာပါပြီ။ ဒီအပြင် ၁၀ ဦးကိုလည်း မနေ့ကတည်းက မြို့နယ်အလုပ်အမှုဆောင် ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ် ပြီး သားဖြစ်ပါတယ်”ဟု ဦးတင့်လွင်က ပြောဆိုသည်။
၁၉၉၅ ခုနှစ် နတ်တလင်းမြို့နယ်တွင် သာယာဝတီ ခရိုင်အုပ်ချုပ်ရေးမှူးက မူလတောင်သူများအတွက် လယ်မြေဧက ၁၀၀၀ သတ်မှတ်ချထားပေခဲ့သော်လည်း လယ်မြေဧက၅၅၀ သာရရှိ ခဲ့ပြီး လယ်မြေဧက ၄၅၀ ခန့်မှာ ခြေမြန်တပ်ရင်း ၄ နှင့် အစိုးရဝန်ကြီးဌာနဆိုင်ရာများက သိမ်းယူခဲ့ကြောင်း သိရှိရသည်။