လာမည့် ဇွန်လ ၁ ရက်နေ့မှစ၍ မိုဘိုင်းလ်ငွေဖြည့်ကတ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည့် အစီ အစဉ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကင်းလွတ်ခွင့်ပြုနိုင်ရန် အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော် က လက်ခံဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။
အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေလ ၂၁ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး သာပေါင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းသန်းက ထောက်ခံခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ပြု လိုက်ခြင်းဖြစ်သည်။
“အခု ၁၅၀၀ တန်သုံးတဲ့အချိန်ကျတော့မှ တို့အတည်ပြုလိုက်တဲ့ဥပဒေပေါ်မှာ အခွန်ကောက်ရပါတယ်ဆိုပြီး ဖြစ်လာ တယ်။ အခုအချိန်မှာ ပြည်သူတွေက မိမိအတိုင်းအတာလေးနဲ့ သုံးစွဲနေရတဲ့ တိုတောင်းသေးတဲ့ အချိန်အတောအတွင်း မှာ ကောက်ရင်တော့ မသင့်တော်ဘူးဆိုပြီး ဒီအဆိုကိုတင်လိုက်တာ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဧရာဝတီသို့ပြောသည်။
ယင်းအဆိုအား မေလ ၂၂ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး မဲခွဲကာ အတည်ပြုမည်ဖြစ်ကြောင်း၊ ယခုတင်သည့် အဆိုအား ရာနှုန်းပြည့်နီးပါး အောင်မြင်မည်ဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ရဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေရဲ့ ကောင်းကျိုး မှန်သမျှကို ပြည်သူတွေရဲ့အသံနားထောင်ပြီးတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို လုပ်ပေးချင်တဲ့ဆန္ဒ အပြည့်အ၀ ရှိတဲ့အတွက် သေချာပေါက်အောင်မြင်လိမ့်မယ်လို့ ခံယူပါတယ်”ဟု ပြောဆိုသည်။
လာမည့် ဇွန်လ ၁ ရက်နေ့မှစ၍ မိုဘိုင်းလ်ငွေဖြည့်ကတ်များမှ အခွန် ၅ ရာခိုင်နှုန်း ကောက်ခံခြင်းသည် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့စွဲဖြင့် ပြင်ဆင်ပြဋ္ဌာန်းထားလိုက်သည့် ပြည်ထောင်စု အခွန်ဥပဒေအသစ်အရ ကောက်ခံခြင်းဖြစ်ကြောင်း၊ အဆိုပါ ကောက်ခံရရှိသည့် အခွန်များကို ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက မေလ ၁၈ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသို့ ဖုန်းငွေဖြည့်ကတ်များကို အခွန်ကောက်မည့်အပေါ် ပြည်သူများကြား ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၁၈ ဒသမ ၁သန်း ရှိကြောင်း မေလ ၁၆ ၇က်က အစိုးရ၏ ထုတ်ပြန် ကြေညာချက်အရ သိရှိရသည်။