စစ်အစိုးရလက်ထက်က စိတ်ကြိုက် ရွေးဆွဲပြဌာန်းထားသည့် ၂၀၀၈ အခြေခံဥပဒေကို လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မဖြစ်မနေပြင်ဆင်ဖို့ လိုကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က သဘောထားညီညွတ်စွာ ပြောဆိုလိုက်ကြသည်။
UNA နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Holiday Hotel ၌ “နိုင်ငံရေးဆွေးနွေးပွဲ” တရပ်ကို ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်ဘဲ ၂၀၀၁၅ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်ပင် လွတ်လပ် ငြားသော်လည်း တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်မည် မဟုတ်သကဲ့သို့ ပြည်သူလူထု မျှော်လင့်တောင့်တနေသည့် တိုင်းပြည်အတွက် စစ်မှန်သည့် အပြောင်းအလဲများလည်း ဖြစ်မလာနိုင်ဟု သတိပေးပြောဆိုသည်။
UNA သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က “ပြည်သူတွေ မျှော်လင့်တဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကိစ္စများမှာ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘူးဆိုရင် ရွေးကောက်ပွဲအပြီး ဟိုဘက်မှာလည်းပဲ အပြောင်းအလဲတွေ ဖြစ်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်အတွက် အကျိုးရှိမယ့် ရလဒ်တွေ မဖြစ်နိုင်ဘူး” ဟု သတင်းမီဒီယာများကို ပြောသည်။
ဆွေးနွေးပွဲတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရန် UNA နှင့် ၈၈ မျိုးဆက်တို့က သဘောတူညီခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရန် တခြား နိုင်ငံရေး အင်အားစုများနှင့်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ၈၈ မျိုးဆက် အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် ဦးမင်းကိုနိုင်ကလည်း ပြောသည်။
“ကျနော်တို့ အရင်ဆုံး အားတွေကို တည်ဆောက်တယ်။ ဒီနေ့ နံပါတ်တစ် အာဏာလည်း ရှိတဲ့သူတွေနဲ့ ရင်ဆိုင်နေရတယ်။ သူတို့က အာဏာတင် မကဘူး၊ ဓနအင်အားပါကြီးတဲ့သူတွေနဲ့ ရင်ဆိုင်နေရတယ်။ ဆိုတော့ ကျနော်တို့က အားတွေ စုနေကြတယ်” ဟု ဦးမင်းကိုနိုင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးအင်အားစုများက လိုလားနေကြသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း လိုလားကြောင်း၊ လက်ရှိ အခြေအနေတွင် တိုင်းရင်းသားအဖွဲ့များက စုစည်းမှု ရှိနေသကဲ့သို့ နိုင်ငံရေးအင်အားစု များကလည်း စုစည်းမိပြီဖြစ်၍့ အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် ညှိနှိုင်း ဆောင်ရွက်ရန်သာ လိုအပ်တော့သည်ဟု သူက ဆက်ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသာမက ပြည်တွင်းငြိမ်းချမ်းရေး အတွက်ပါ ဆွေးနွေးခဲ့ကြပြီး အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များအကြား ဆောင်ရွက်နေကြသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရေးတွင် လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သော ငြိမ်းချမ်းရေးမျိုး ဖြစ်စေလိုကြောင်းနှင့် အပေါ်ယံ ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး ဖြစ်သွားမည်ကို UNA နှင့် ၈၈ စိုးရိမ်မိကြောင်း ပြောသည်။
“ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရဖို့ဆိုရင် ဆွေးနွေးတဲ့အခါမှာလည်း ကြေကြေညက်ညက် ဆွေးနွေးဖို့လိုတယ်။ နိုင်ငံရေးအရ သဘောတူညီချက်တွေ ရပြီးမှ NCA လက်မှတ်ထိုးဖို့လိုတယ်။ နောက်တချက်က လက်မှတ်ထိုးတဲ့ အခါမှာ ဟိုအဖွဲ့တွေ ဒီအဖွဲ့တွေ ချန်ထားတာတွေ မဖြစ်စေချင်ဘူး။ ကျန်တဲ့ အဖွဲ့တွေနဲ့ ဆက်တိုက်နေမယ်ဆိုရင် တကယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး မဖြစ်နိုင်ဘူး” ဟု ဦးအေးသာအောင် က ပြောသည်။
ကရင်အမျိုးသားအစည်း အရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိပ်သီးညီလာခံကို UNA နှင့် ၈၈ အဖွဲ့တို့က ထောက်ခံ ကြိုဆိုလိုက်ပြီး ညီလာခံကို အားပေးကြောင်းနှင့် NCA လက်မှတ်ထိုးရေး၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့် အခြေအနေများပါဝင်သော သဘောထား သဝဏ်လွှာကိုလည်း ပေးပို့သွားမည်ဟု သိရသည်။
NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၄ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း ပြည်သူတို့၏ လက်မှတ်ကို ကောက်ခံခဲ့ရာ ပြည်သူ ၅ သန်းကျော်က လက်မှတ်ရေးထိုး ပါဝင်ဆန္ဒပြုခဲ့ကြသည်။