အစိုးရသစ် လက်ထက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း အဖွဲ့အစည်းများအတွင်း သစ်ခိုးမှုနှင့်ဆက်နွယ်သည့် အကျင့်ပျက်ဝန်ထမ်း၂၀၀၀ ကျော်ကို အရေးယူခဲ့ကြောင်း သိရ သည်။
“အကျင့်ပျက် ခြစားတဲ့ဝန်ထမ်း၂၀၀၀ ကျော်ထဲက သစ်ခိုးထုတ်မှုနဲ့ ပတ်သက်ဆက်နွယ် ယူဆရတဲ့ အရာရှိ အရာခံ ဝန်ထမ်း ၇၇၀ ကျော်ကို အရေးယူခဲ့တယ်။ နိုင်ငံတော် နည်းဥပဒေ ပြဌာန်းထားတဲ့ အတိုင်းပဲ ဝန်းထမ်ကနေ ထုတ် ပစ်တာတွေ ရာထူးက ရပ်ဆိုင်းတာတွေ လုပ်တယ်။ တချို့ဆိုရင် ထုတ်ပစ်တာပဲ မဟုတ်ဘဲ ဒီသစ်ခိုးထုတ်တဲ့ နေရာ မှာ ဝန်ထမ်းပါဝင် ပတ်သက်နေတယ်ဆိုပြီး တရားစွဲတဲ့ အဆင့်အထိတောင် လုပ်ပါတယ်” ဟု ပတ်ဝန်းကျင် ထိန်သိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း က ပြောသည်။
နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သစ်တောရေးရာ ဝန်ကြီးဌာန၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ဧရာဝတီကို ပြောပြခြင်း ဖြစ်သည်။
အစိုးရသစ် လက်ထက် တရားမဝင် သစ်ဖမ်းဆီး ရရှိမှုသည် တန်ချိန် ၁၆၀၀၀၀ ရှိပြီး လက်ရှိတွင်လည်း တရားမဝင် သစ်ခိုးထုတ်မှုကို ထိရောက်စွာ တားဆီးခြင်း မတွေ့ရှိရသေးကြောင်း၊ တရားမဝင် သစ်ခိုးထုတ်မှု ဖမ်းဆီးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် စစ်ကြောင်းတို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေကြောင်း ဒု ညွန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ဆက်ပြောသည်။
တရားမဝင် သစ်ခိုးထုတ်မှု များပြားလာရခြင်း အကြောင်းရင်းသည် လူဦးရေ တိုးလာခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် အခြား ဝင်ငွေ ရရှိနိုင်မည့် အခွင့်အလမ်း နည်းပါးခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အကျိုးအမြတ်များများ ရရှိနိုင်ခြင်း၊ နယ်စပ်ဒေသ၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အားနည်းခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က အဓိက ငွေရလမ်းအဖြစ် ဆောင်ရွက်နေခြင်းနှင့် ဝန်ထမ်း အဖွဲ့အစည်းများအတွင်း အကျင့်ပျက် ခြစားမှုများ ရှိနေခြင်း တို့ကြောင့် ဖြစ်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက“သစ်တော သံယံဇာတတွေကို တရားမဝင် ထုတ်ခြင်းဖြင့် အများကြီး ထိခိုက်နစ်နာစေပါတယ်။ ဒါတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက အထူးစီမံချက်ချ တိုက်ရိုက်စီမံပြီး အထူးအဖွဲ့ဖွဲ့ အခါအားလျော်စွာ ဆောင်ရွက်လျက် ရှိပါတယ်။ မတ်လ အတွင်းကလည်း စစ်ကိုင်းတိုင်း ကသာခရိုင်မှာ သစ် တန် ၆၀၀ ကျော် မိခဲ့ပါ တယ်”ဟု ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၈ ရက်က သစ်မှောင်ခိုများအား လိုက်လံဖမ်းဆီးရာတွင် တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၅ ဦးနှင့်အတူ အရှည် ၉ ပေ ရှိ ကျွန်းသစ်ဆိုဒ်စုံ ၃၁ လုံး၊ ၆ ဘီးယာဉ် ၁ စီး၊ ၁၀ ဘီးယာဉ် ၂ စီး တို့ကို ဖမ်းဆီး ရမိ ကြောင်း မေ ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။