အရှေ့တိုင်း အော်သိုဒေါက်စ်ဝါဒနဲ့ ဒီမိုကရေစီကိုရော ဘယ်လိုများ ယှဉ်ထိုး စဉ်းစားနိုင်မှာပါလိမ့်။ ကွန်မြူနစ် ဥရောပနိုင်ငံတွေမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အရပ်ဖက်အုံကြွမှုတွေ အာခံမှုတွေမှာ ကက်သလစ်နဲ့ ပရိုတက်စတင့် ဘာသာတွေက အော်သိုဒေါက်စ်ဘာသာထက် ပိုပြီး အင်တိုက်အားတိုက်နဲ့ ပါဝင်ခဲ့ပါတယ်။ ဘာကြောင့်ပါလိမ့်။ အော်သိုဒေါက်စ်ဘာသာကို အဓိက ကိုးကွယ်တဲ့နိုင်ငံတွေက အနာဂတ် ဒီမိုကရေစီအတွက် ဘယ်လိုအဓိပ္ပါယ်ကိုများ ဆောင်နေပါလိမ့်။ ဘယ်လိုအဓိပ္ပါယ်ကိုများ ထိန်ချန်ထားပါလိမ့်။ အဲဒီလို ကွဲပြားခြားနားမှုတွေ ဖြစ်နေရတာက အော်သိုဒေါက်စ်ဘာသာရဲ့ အဓိကကျတဲ့ အဆုံးအမ အယူအဆတွေနဲ့ သက်ဆိုင်ခြင်း မရှိလှပါ။
ပထမထောင်စုနှစ် အတွင်းမှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း ခရစ်ယာန်ဘာသာတွေက တူညီတဲ့ အဆုံးအမ အယူအဆတွေ ဝါဒတွေကိုပဲ စွဲကိုင်ထားခဲ့တာပါ။ အစိုးရကို အာခံဆန့်ကျင်ခဲ့တဲ့ နေရာမှာ အော်သိုဒေါက်စ်နဲ့ ကက်သလစ်ဘာသာကြား ကွာခြားချက်တွေ ရှိသွားတာကတော့ အဖွ့ဲအစည်းတွေရဲ့ တည်ဆောက်ပုံနဲ့ အဓိက သက်ဆိုင်ပါတယ်။ သဘောထား အယူအဆမျိုးစုံကို လက်ခံနိုင်တဲ့ သူတို့ရဲ့အစဉ်အလာတွေနဲ့လည်း သက်ဆိုင်တယ်လို့ ပြောရပါမယ်။ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အာခံဆန့်ကျင်နှိုင်မှု ဆိုတာကိုလည်း နှိုင်းယှဉ် လေ့လာကြည့်ရအောင်ပါ။ နိုင်ငံပေါင်းစုံမှာ အဖွဲ့ခွဲတွေဖြန့်ထားပြီး ရာထူးအဆင့်ဆင့်လိုက် တည်ဆောက်ထားတဲ့ အဖွဲ့ကြီးအနေနဲ့ ဒေသခံ ကက်သလစ် ကျောင်းတော်တခုက အစိုးရကို ဆန့်ကျင်တဲ့နေရာမှာ ရိုမန်ကက်သလစ် ကျောင်းတော်ကြီး တခုလုံးက ရုပ်ဝတ္တုပစ္စည်းနဲ့ရော၊ အယူဝါဒပိုင်းအရပါ ကူညီထောက်ပံ့နိုင်ပါတယ်။
ကက်သလစ်ကျောင်းတော်က အစိုးရကို ကိုယ်တိုင်ဆန့်ကျင်နိုင်သလို အားကောင်းမောင်းသန်ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်တဲ့ အရပ်ဖက် အဖွဲ့အစည်းကိုလည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ပိုလန်၊ လစ်သူယေးနီးယား၊ ချီလီ၊ ဘရာဇီးလ်နဲ့ (အာဏာရှင် ဖရန်ကိုရဲ့ နောက်ဆုံးနှစ်တွေအတွင်း) စပိန်နိုင်ငံတွေမှာ အဆိုပါ အကူအညီမျိုးတွေကို ကက်သလစ်ကျောင်းတော်က ဘယ်လို ကူညီထောက်ပံ့ခဲ့တယ်ဆိုတာ ဟွမ်လင့်ဇ်နဲ့ ကျနော်တို့ လေ့လာ ဆန်းစစ်ပြီးသွားပါပြီ။ တဦးချင်း အသိတရားနဲ့ နိုင်ငံတကာကွန်ရက်တွေကို အဓိကအလေးပေးတဲ့ ပရိုတက်စတင့် ဘာသာကလည်း အရှေ့ဂျာမနီနဲ့ အက်စတိုးနီးယားက ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေကို အရပ်ဖက် အဖွဲ့အစည်းတွေက အတိုက်အခံပြု ဆန့်ကျင်ရာမှာ ကူညီခဲ့ပါသေးတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့််နှစ်တွေမှာတော့ ပရိုတက်စတင့်နဲ့ (ဒုတိယ ဗာတီကန်ကောင်စီ နှောင်းပိုင်း) ကက်သလစ်ဘာသာတို့က တမန်တော်တာဝန်ကို ပုံအောလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တမန်တော်တာဝန် ဆိုတာကတော့ ဘယ်လိုပဲဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါစေ၊ လောကီဘုံအတွင်း မတရားမှုတွေကို တဦးချင်းတယောက်ချင်းက ကိုယ်ကျိုးစွန့်ပြီး ဖော်ထုတ် ပြောကြားသွားမယ်ဆိုတဲ့ ခံယူချက်ပါ။
အာဏာပိုင်အစိုးရတွေကို အာခံဆန့်ကျင်တဲ့ နေရာမှာတော့ အရှေ့တိုင်း အော်သိုဒေါက်စ် ခရစ်ယာန်တွေက အဖွဲ့အစည်း အနေနဲ့ရော အယူဝါဒပိုင်းအရပါ အားနည်းပါတယ်။ အကြောင်းကတော့ ကျောင်းတော်ကိုယ်တိုင်က နိုင်ငံတစ်ခုချင်းစီမှာ (နိုင်ငံအများအပြားမှာ ဖြန့်ကျက်ထားတာမဟုတ်) အခြေစိုက်ထားတာမို့ပါ။ ဘုန်းကြီးအထက်က ဘုရင် “Caesaropapist” စနစ်ရှိနေတဲ့ နိုင်ငံတွေမှာ ဘုရားကျောင်းတွေရဲ့ ဘဏ္ဍာရေးကိစ္စတွေနဲ့ တာဝန်ပေးခန့်အပ်မှုတွေမှာ နိုင်ငံတော်က အဓိကနေရာကနေ ဝင်ရောက် ဆုံးဖြတ်ပေးနေပါတယ်။ အဲဒီလိုမျိုး အခြေအနေမှာ ကျောင်းတော်က အရပ်ဖက် အဖွ့ဲအစည်းရဲ့ လွတ်လပ်သော အစိတ်အပိုင်း လက်တွေ့မှာ ဖြစ်မလာနိုင်တော့ပါ။ အကြောင်းကတော့ လူမှုသိပ္ပံပညာရှင် ဝေးဘာ ပြောခဲ့သလိုပါပဲ ဘုန်းတော်ကြီးတွေရဲ့ လုပ်ပိုင်ခွင့် တော်တော်များများက လောကီသီးသန့် အာဏာပိုင်တွေ အောက်မှာ ကျရောက်နေလို့ပဲ ဖြစ်ပါတယ်။
စတာလင်လက်ထက် ဆိုဗီယက် ပြည်ထောင်စုမှာဆိုရင် အမြင့်ဆုံး အော်သိုဒေါက်စ် ဘာသာရေး ကောင်စီတွေထဲမှာ ကေဂျီဘီ ထောက်လှမ်းရေး ပါဝင်ပက်သက်တဲ့အထိ လောကီသီးသန့် အခန်းကဏ္ဍက ကြီးမားပါတယ်။ အော်သိုဒေါက်စ် ဘာသာက လက်တွေ့ လုပ်ဆောင်တာထက်စာရင် ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာကို ပိုအားသန်ပြီး ပြင်ပကနေ သက်ရောက်လာမှုတွေကို အသံတိတ် တုံ့ပြန်သွားဖို့သာ အားပေးတယ်လို့လည်း ဝေးဘာနဲ့ တခြားပညာရှင်တွေက ထောက်ပြပြန်ပါသေးတယ်။ ဘုန်းကြီးအထက်က ဘုရင် နိုင်ငံရေးစနစ်မျိုးနဲ့ အသံတိတ် တုံ့ပြန်သွားဖို့ သွန်သင်ထားတဲ့ အခြေအနေမှာ အော်သိုဒေါက်စ်ဘာသာက အယူအဆမျိုးစုံကို လက်ခံတင်ပြနိုင်ပေမဲ့လည်း မတရားမှုတွေကို တုံ့ပြန်သွားမယ့် တမန်တော်တာဝန်ကို ထုတ်ဖော်ပြောဆိုသူ မရှိသလောက်ပါပဲ။
အခုလို ပြောခဲ့တဲ့အချက်တွေ ရှိပေမယ့်လည်း အရှေ့တိုင်း အော်သိုဒေါက်စ်ဘာသာက ပင်ကိုယ်သဘာဝအားဖြင့် ဒီမိုကရေစီကို မလိုလားဘဲ ဆန့်ကျင်တယ်လို့တော့ ကျနော် မယုံကြည်ပါ။ တိုင်းပြည်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကသာ ဒီမိုကရေစီကို သက်ဝင်ယုံကြည် လိုက်နာကြမယ်ဆိုရင် ဘုန်းကြီးအထက်က ဘုရင်နဲ့ အသံတိတ် တုံ့ပြန်သွားဖို့ သွန်သင်ချက်တွေရှိတဲ့ အော်သိုဒေါက်စ်ဘာသာ ယဉ်ကျေးမှုတွေကနေလည်း ဒီမိုကရေစီကို သစ္စာရှိရှိ ထောက်ခံတဲ့ အခြေအနေမျိုးကို ဦးတည်သွားနိုင်ပါတယ်။ ဂရိနိုင်ငံမှာလည်း ၁၉၇၅ ခုနှစ်ကစပြီး အဲဒီအတိုင်း ဖြစ်နေပါပြီ။ တိုင်းပြည်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဒီမိုကရေစီကို ဆန့်ကျင်နေမယ်ဆိုရင်တော့ အရပ်ဖက် အဖွဲ့အစည်းအတွင်းက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကလည်း နိုင်ငံအဆင့် ဖွဲ့စည်းထားတဲ့ အော်သိုဒေါက်စ် ကျောင်းတော်ကနေ ထိရောက် များပြားတဲ့အကူအညီတွေကို လက်ခံရရှိမယ် မဟုတ်ပါ။
ဒီအချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်သွားအောင် ဂရိနိုင်ငံကိုပဲ ကြည့်ပါမယ်။ ဂရိနိုင်ငံနဲ့ ဂရိလိုလားတဲ့ ဆိုက်ပရပ်စ် အခြမ်းတို့ကသာ အော်သိုဒေါက်စ်ဘာသာ ကိုးကွယ်သူ အများစုရှိတဲ့ နိုင်ငံတွေဖြစ်ကြပြီး ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ ဒီမိုကရေစီ အခြေခံစံနှုန်းတွေကို ပြည့်မီကြပါတယ်။ ၁၉၆၇ ကနေ ၁၉၇၄ ခုနှစ် အထိမှာတော့ ဂရိစ်နိုင်ငံက စစ်အာဏာရှင် အုပ်ချုပ်မှုအောက်ကို ကျရောက်ခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အော်သိုဒေါက်စ် ကျောင်းတော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုများ ရှိခဲ့ပါလိမ့်။ ထင်ထင်ရှားရှား ထောက်ပြစရာ အချက် ၃ ချက် ရှိပါတယ်။ ပထမအချက်၊ ဂရိကို အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေကို ၁၉၆၇ စတင်တာနဲ့ ၁၉၇၃ နိုဝင်ဘာမှာ စတင်တာဆိုပြီး ၂ ပိုင်းခွဲပြောရမှာပါ။ စစ်အာဏာရှင် ၂ ဖွဲ့လုံးက အာဏာရလာတဲ့ လပိုင်းအတွင်းမှာတင် ဂရိအော်သိုဒေါက်စ် ကျောင်းတော်ကို ဦးဆောင်ဖို့ ဂိုဏ်းချုပ်ဆရာတော် အသစ်ကို ခန့်အပ်နိုင်ခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာသာဆိုရင် အဲဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဒုတိယနေနဲ့၊ ဂရိအာဏာရှင်တွေ အကြောင်းကို လေ့လာရာမှာ အော်သိုဒေါက်စ် ကျောင်းတော်က အာဏာရှင်တွေကို ခုခံဆန့်ကျင်ခဲ့တယ်လို့ ဘယ်ပညာရှင်ကမှ လေ့လာမှု နယ်ပယ်အတွင်းမှာ ပြောမထားသလို၊ အလွတ်သဘောလည်း ပြောမထားသေးပါဘူး။ တတိယ၊ ၁၉၇၄ ခုနှစ်မှာ ဒီမိုကရေစီကို အင်စတီကျူးရှင်းနဲ့ စနစ်တကျ စတင် ကျင့်သုံးခဲ့တော့လည်း အော်သိုဒေါက်စ်ကျောင်းတော်က အကြီးအကျယ် ဆန့်ကျင်တာ၊ ကန့်ကွက်တာ၊ ရပ်တန့်သွားအောင် ကြိုးစားအားထုတ်တာ မလုပ်ခဲ့ဘဲ ဒီမိုကရေစီအစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ပါတယ်။ ပိုလန်မှာ လက်ဝဲဒီမိုကရေစီ အစိုးရတွေကို ကက်သလစ် ကျောင်းတော်က ဝေဖန်ကန့်ကွက်သလောက် ဂရိမှာ လက်ဝဲဒီမိုကရေစီ အစိုးရတွေကို အော်သိုဒေါက်စ်ကျောင်းက ဝေဖန်ကန့်ကွက်တာ မရှိဘူးဆိုတာလည်း မှန်ပါတယ်။
ဂရိမှာ ဘုရားကျောင်း (ခရစ်ယာန်ဘာသာ) ကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု အထောက်အပံ့ ပေးထားပါတယ်။ ဒါပေမဲ့ အိုက်စ်လန်းမှာ၊ ဒိန်းမတ်ခ်မှာ၊ ဖင်လန်မှာ၊ နော်ဝေမှာနဲ့ အင်္ဂလန်မှာလည်း အဲဒီလိုမျိုး အထောက်အပံ့ ပေးထားတာကို ဆောင်းပါးတနေရာမှာ ပြောခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် နောက်ပိုင်း ဒီမိုကရေစီကို ဂရိမှာ စတင် ကျင့်သုံးခဲ့တော့လည်း ဘုရားကျောင်းအပေါ် ပေးထားတဲ့ နိုင်ငံတော် အထောက်အပံ့တွေကို ရပ်ဆိုင်းဖို့ မလိုခဲ့ဘဲ ဒီမိုကရေစီ နိုင်ငံရေးအပေါ် ကန့်သတ်ချုပ်ချယ်ထားတဲ့ (ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့) ဘုရားကျောင်း သြဇာလွှမ်းမိုးမှုတွေကိုပဲ ရပ်တန့်ဖို့ လိုခဲ့ပါတယ်။ ဂရိဒီမိုကရက်တွေလည်း လိုအပ်တဲ့အတိုင်း လုပ်နိုင်ခဲ့ပြီး အော်သိုဒေါက်စ် ကျောင်းတော်ကလည်း လက်ခံခဲ့ပါတယ်။ ဘုရားကျောင်းကို ပေးထားတဲ့ နိုင်ငံတော် အထောက်အပံ့တွေကို ရပ်ဆိုင်းဖို့ ဒီမိုကရေစီစနစ်က မတောင်းဆိုခဲ့ပါ။
ဒါ့အပြင် အရှေ့တိုင်း အော်သိုဒေါက်စ် ခရစ်ယာန်တွေက အများပြည်သူရှေ့မှောက်မှာ သူတို့ရဲ့ အရေးကိစ္စတွေကို စည်းရုံးပြောဆိုနိုင်တဲ့ အခွင့်အရေးကိုလည်း ပိတ်ပင်တားမြစ်ခဲ့တာ မရှိပါ။ တရားနည်းလမ်းကျပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အဆိုပါ ဘာသာရေးနယ်ပယ်ကို ဂရိဒီမိုကရေစီက အသိအမှတ် ပြုပေးခဲ့ပါတယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးမှာ အပြောင်းအလဲတချို့ ရှိခဲ့သလို အော်သိုဒေါက်စ် ဘုရားကျောင်း ကိုယ်တိုင်အတွင်းမှာလည်း အပြောင်းအလဲတွေ ရှိခဲ့ပြီး အဲဒီအပြောင်းအလဲတွေကြောင့် ခန္တီတရား ၂ ပါးကို ရေရှည်ထိန်းသိမ်းဖို့ လွယ်ကူ သွားစေပါတယ်။ နိုင်ငံတော်နဲ့ ဘာသာရေးကြား ဆက်ဆံရာမှာ ရှိသင့်ရှိထိုက်တဲ့ နယ်ပယ်တွေ၊ နိုင်ငံတော် အထောက်အပံ့ကိုရတဲ့ ဘာသာကြီးနဲ့ တခြားဘာသာတွေကြား ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆက်ဆံရေး၊ နိုင်ငံတော်ဘာသာနဲ့ ရွေးကောက်တင်မြောက်ခံ အစိုးရကြား ဆက်ဆံရေး စတာတွေကို ပြောရာမှာ အရင်ရေးခဲ့ဖူးတဲ့ အခြေခံဥပဒေတွေထက် ၁၉၇၅ ဂရိအခြေခံဥပဒေက ပိုပြီး ရှင်းလင်းပြတ်သားပါတယ်။ ဒါ့အပြင် နိုင်ငံတော် ထောက်ပံ့မှုတွေကို ယူခဲ့တာသာ နည်းမယ်ဆိုရင် အရပ်ဖက် အဖွဲ့အစည်းနယ်ပယ်မှာ ဘာသာရေး အဖွဲ့အစည်းတခု အနေနဲ့ ပိုပြီးတော့ အင်တိုက်အားတိုက်၊ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခဲ့မှာပဲဆိုတဲ့ အသိတရားမျိုး အော်သိုဒေါက်စ်ကျောင်းတော်အတွင်းမှာ ထင်ထင်ရှားရှား ဖြစ်လာနေပါပြီ။
မပြီးပြတ်သေးတဲ့ ကိစ္စတွေ
ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားကြီးတွေ အားလုံးက ခန္တီတရား ၂ ခုကို အဆင်ပြေပြေ ကျင့်သုံးနိုင်အောင် ကြိုးစားနေရဆဲပါ။ အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာနဲ့ အစ္စရေးနိုင်ငံက ဂျူးဘာသာတွေ အတွက်လည်း နိုင်ငံတော်နဲ့ ဘာသာရေးကြား ပဋိပက္ခတွေက အခုဆိုရင် နိုင်ငံရေးအရပါ ပိုလို့တောင် အရေးကြီးလာပါပြီ။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဆယ်စုနှစ် ၂ ခုအတွင်းမှာ သူတို့ ၂ နိုင်ငံလုံးက လောကီသီးသန့် နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီတွေရဲ့ နိုင်ငံရေးအရနဲ့ အယူဝါဒပိုင်းအရ ချုပ်ကိုင်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့်နှစ်တွေ အတွင်းမှာတော့ အဆိုပါ လောကီသီးသန့် နိုင်ငံရေး အစဉ်အလာတွေကို အတိုက်အခံ လှုပ်ရှားမှုတွေက စိန်ခေါ်လာနိုင်ခဲ့ပါပြီ။ ဘာသာရေးအခြေခံ ပိုဆန်ပြီး သည်းခံတရားနည်းပါးတဲ့ နိုင်ငံရေးအုပ်စုတွေကို နေရာပေးနိုင်ဖို့ အတွက် ခန္တီတရား ၂ ပါးကို ပြန်လည် အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ချင်တဲ့ အုပ်စုတွေရဲ့ ထောက်ခံမှုကို အဲဒီ အတိုက်အခံတွေက ရကြပါတယ်။
အစ္စရေးဆိုတာ တကယ်တော့ မူလတည်ထောင်စမှာ ဂျူးလူမျိုးတွေအတွက် အမျိုးသားရေးဝါဒအခြေခံ နိုင်ငံတခုပါပဲ။ ဒါပေမဲ့ အခုတော့ ဘာသာရေးဆန်တဲ့ နိုင်ငံတစ်ခုအဖြစ်ကိုပါ ကူးပြောင်းဖို့ တောင်းဆိုမှုတွေက ကြီးထွားလာနေပါပြီ။ အာရပ်လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့်ပေးရာမှာ သတ်မှတ်ချက်ကို ပိုပြီးကျဉ်းမြောင်းသွားအောင် လုပ်ပေးဖို့လည်း တောင်းဆိုလာကြပါပြီ။ အစ္စရေးနိုင်ငံသား ဂျူးတယောက်အဖြစ် သတ်မှတ်ပေးရာမှာ အော်သိုဒေါက်စ် ဂျူးဘုန်းကြီးတွေကို ဆုံးဖြတ်ပိုင်ခွင့်အာဏာ ပေးနိုင်ဖို့ အခြေချဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေတောင် ရှိလာပါပြီ။
အိန္ဒိယနိုင်ငံမှာတော့ ၁၉၉၈၊ ၁၉၉၉ အထွေထွေ ရွေးကောက်ပွဲတွေ အပြီးမှာ ဟိန္ဒူတကျော့ပြန် ဝါဒီတွေက ဒေသဆိုင်ရာ ပါတီငယ်လေးတွေနဲ့ မဟာမိတ်ပြုပြီး ဘီဂျေပီ ပါတီကို တည်ထောင်ခဲ့ပါတယ်။ ဘီဂျေပီပါတီထဲမှာ သဘောထား သင့်တင့်မျှတသူတွေ ပါဝင်တယ်ဆိုပေမဲ့ ရိုင်းစိုင်းတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့တွေရဲ့ ဖိအားပေးတာကိုလည်း ခံနေရပါတယ်။ ဥပမာ ပါတီနဲ့ တွဲစပ်ဖွဲ့စည်းထားတဲ့ ဖက်ဆစ်လက်သစ် အာအက်စ်အက်စ် အဖွဲ့ပါ။ သူတို့လိုသလို နှစ်သက်သလို အနက်အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ ဟိန္ဒူတန်ဖိုးတွေကို ဦးစားပိုပေးတဲ့ တိုင်းပြည်တခုအဖြစ် အိန္ဒိယကို တည်ထောင်ဖို့အတွက် ဟိန္ဒူလူမျိုးတွေရဲ့ လူများစုအနေအထားကို အာအက်စ်အက်စ်က အသုံးချချင်ကြပါတယ်။
ဘီဂျေပီနဲ့ အာအက်စ်အက်စ်ကို ဆန့်ကျင်တဲ့ အဓိက အင်အားစုကြီးကတော့ ဂန္ဒီ-နေရူး အမြင်ကနေ အနက်အဓိပ္ပါယ် ဖွင့်ဆိုတဲ့ ဟိန္ဒူဝါဒပါ။ သူတို့ရဲ့ သဘောမှာတော့ အိန္ဒိယနိုင်ငံနဲ့ ဟိန္ဒူဝါဒဆိုတာ အယူအဆမျိုးစုံကို နားလည် လက်ခံပေးနိုင်ပြီး ဟိန္ဒူဝါဒရဲ့ အနက်နဲဆုံး တန်ဖိုးတွေအရ အိန္ဒိယနိုင်ငံကို အရောင်အသွေးစုံလင်တဲ့၊ ခန္တီတရားကျင့်သုံးတဲ့ တိုင်းပြည်တခုအဖြစ် တည်ဆောက်ရမယ်လို့လည်း အသိအမှတ်ပြုပါတယ်။ ဟိန္ဒူလူမျိုးတွေကို ဦးစားပေးတဲ့ အမျိုးသားနိုင်ငံအဖြစ် တည်ဆောက်ရမယ် ဆိုတာကို လက်မခံပါ။ အိန္ဒိယနိုင်ငံက ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမှုအသိုက်အဝန်း ပေါင်းစုံ စုဖွဲ့နေထိုင်ကြတာကြောင့် အမျိုးသားနိုင်ငံ အဖြစ်ကိုသာ ဦးတည်သွားရင် ဒီမိုကရေစီကို တည်ဆောက်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ဂန္ဒီနဲ့ နေရူးတို့ သိခဲ့ပါတယ်။
အိန္ဒိယက အိုအီးစီဒီ (OECD) အဖွဲ့ဝင် ဒီမိုကရေစီနိုင်ငံတွေထက် ၁၇ ဆ ပိုပြီး ဆင်းရဲမွဲတွေပါတယ်။ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး၊ ဇတ်နိမ့်ခွဲခြားမှု တိုက်ဖျက်ရေး၊ မွတ်စလင်တွေကို လေးစားအသိအမှတ်ပြုရေးအတွက် ဂန္ဒီက ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ရာမှာ ဟိန္ဒူဘာသာထဲက ရိုးရာအစဉ်အလာ တန်ဖိုးတွေ၊ လှုပ်ရှား ဆောင်ရွက်ပုံတွေဆီမှာရှိတဲ့ ကြီးမားတဲ့ အင်အားကြီးကို ဆွဲယူအသုံးပြုခဲ့ပါတယ်။ အဆိုပါ အင်အားကြီး တခုအကြောင်းကို နားမလည်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကြားမှာ အိန္ဒိယနိုင်ငံက ဒီမိုကရေစီကို ဘယ်လို ထောက်ခံ အားပေးခဲ့တယ်ဆိုတာကို နားလည်နိုင်မယ် မဟုတ်ပါ။
ဟင်ဒီစကားမပြောသူ သန်း ၆၀၀ လောက် နေထိုင်ကြ၊ ဘာသာစကား ၁၄ မျိုးကို လူသန်း တထောင်က ပြောဆိုသုံးစွဲနေကြ၊ မူစလင်လူနည်းစုတွေ သန်း ၁၂၀ လောက် နေကြတဲ့ အိန္ဒိယနိုင်ငံက ဒီမိုကရေစီအဖြစ်ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ လိုပါတယ်။ အဲဒီလို ထိန်းထားနိုင်ဖို့ဆိုရင် အိန္ဒိယနိုင်ငံမှာ ဟိန္ဒူအယူအဆ အလေးပေး ဟိန္ဒူအမျိုးသား နိုင်ငံအဖြစ် တည်ဆောက်ချင်သူတွေရဲ့ အသံကို ဘာသာပေါင်းစုံ လူသန်းတထောင်နေထိုင်ရာ အိန္ဒိယနိုင်ငံအဖြစ် တည်ဆောက်ချင်သူတွေရဲ့ ဂန္ဒီအယူအဆအသံနဲ့ လွှမ်းမိုးနိုင်ဖို့လိုပါတယ်။
အခုဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြသွားတဲ့ အကြောင်းအရာတွေကို ပိုပြီးပြည့်ပြည့်စုံစုံ လေ့လာတဲ့အခါမှာတော့ ဆောင်းပါးထဲမှာ မဆွေးနွေးဘဲ ချန်ထားခဲ့တဲ့ ဘာသာတရားကြီးတွေ အကြောင်းကို ဆွေးနွေးမှာဖြစ်တဲ့အပြင်၊ အနောက်တိုင်းမှာ ခန္တီတရား ၂ ပါး ဘယ်လို ပေါ်ပေါက်လာတယ် ဆိုတာကိုပါ ပိုပြီးအသေးစိတ် လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ စကင်ဒီနေဗီးယားနဲ့ ဗြိတိန်မှာ ဘုရားကျောင်းတွေကို နိုင်ငံတော်ကနေ အသိအမှတ်ပြု အထောက်အပံ့ ပေးရခြင်းရဲ့ မူလရည်ရွယ်ချက်က ဘုရားကျောင်းတွေကို နိုင်ငံရေးအရ ထိန်းချုပ်နိုင်ဖို့ပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ခန္တီတရား ၂ ပါး ထွန်းကားခြင်းဆီ ရောက်သွားရုံတင်မဟုတ်ဘဲ လူအများစုကို လူမှုရေးနည်းလမ်းအရ တပြိုင်နက်တည်း လောကီသီးသန့်ဖြစ်အောင် ရေရှည်မှာ လုပ်ပေးနိုင်ခဲ့ပါတယ်။ ဘာကြောင့်ပါလိမ့်။
ရှေးခေတ် ပြင်သစ်နဲ့ စပိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ဘုန်းကြီးဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲက လစ်ဘရယ်ဆန်မှု အတိုင်းအတာကို အခုနေခါမှာ လစ်ဘရယ်ပညာရှင်တွေက တမျိုးပြန် စဉ်းစားချင် စဉ်းစားပါလိမ့်မယ်။ အခုပြောခဲ့တဲ့ လစ်ဘရယ်ဝါဒရဲ့ နိုင်ငံရေး အကျိုးသက်ရောက်မှုတွေက ဘယ်လိုများ ဖြစ်ခဲ့မှာပါလိမ့်။ စပိန်နိုင်ငံမှာ သာမန် သချႋုင်းမြေတွေနဲ့ ဂျူးသချႋုင်းမြေတွေကြား ခြားထားတဲ့ နံရံတွေကို ၁၉၃၀ ပြည့်နှစ်တွေမှာ လစ်ဘရယ်နဲ့ ဆိုရှယ်လစ် အယူအဆစွဲကိုင်တဲ့ ဘုန်းကြီးဆန့်ကျင်ရေးသမားတွေက ဘယ်လို အကြောင်းပြချက်တွေနဲ့များ ဖြိုချခဲ့တာပါလိမ့်။ ဂျူးလူမျိုးပိုင် ပစ္စည်းဥစ္စာတွေကို ပြင်သစ်လစ်ဘရယ်တွေက ၁၉၀၅ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ လှုပ်ရှားမှုအတိုင်း အမေရိကန် ပြည်ထောင်စုမှာ အတုခိုး လုပ်ဆောင်ခဲ့မယ်ဆိုရင် ဂျော့ချ်တောင်းနဲ့ တခြား ဂျူးတက္ကသိုလ်တွေကိုလည်း သိမ်းယူခဲ့ကြမှာပါပဲ။ အဲဒီလိုသာ သိမ်းယူခဲ့မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ လစ်ဘရယ်ဝါဒကို အားကောင်းသွားစေမယ် ထင်ပါသလား။
နောက်ထပ် သုတေသနတွေ လုပ်ဆောင်ပြီး လေ့လာဖို့ အရေးကြီးတဲ့ နယ်ပယ်ကတော့ ဘာသာရေး အသိုက်အဝန်းထဲမှာ ခန္တီတရား ရှိလာအောင် လုပ်ဆောင်ပေးရာမှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ဘာသာရေးကို လူမှုဗေဒ ရှုထောင့်ကနေ လေ့လာသူတွေ အပါအဝင် ပညာရှင်တွေက အရပ်ဖက် အဖွဲ့အစည်း ဦးဆောင်တဲ့ ခန္တီတရားထားရေး လှုပ်ရှားမှုကိုပဲ အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ အလွန်တရာ အရေးကြီးတဲ့ အချိန်တွေမှာ ချမှတ်တဲ့ နိုင်ငံတော် မူဝါဒတွေက (ဥပမာ ၁၅၅၅ ခုနှစ် အောက်စ်ဘာ့ခ် ငြိမ်းချမ်းရေးစာချုပ်မှာ ပထမမြောက် ဧကရာဇ် ဖာဒီနန် ပုံစံချပေးခဲ့တာမျိုး) လူ့အဖွဲ့အစည်းကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေကို အဆုံးသတ်ပေးရာမှာ အဓိကနေရာက ရှိနေခဲ့ပါတယ်။ အလားတူပါပဲ လူနည်းစု ဘာသာဝင် အသိုက်အဝန်းတွေ ကျင့်သုံးနိုင်တဲ့ ဘာသာရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ကြည်ဖြူခွင့်ပြုခဲ့ပြီး သူတို့အတွက် သီးခြားတရားရုံးတွေကို တည်ထောင်ပေးခဲ့တာ အော်တိုမန်နိုင်ငံတော် ကိုယ်တိုင်ပါ။ နိုင်ငံတော်က ဦးဆောင်ချမှတ်တဲ့ ခန္တီတရားနဲ့ ပတ်သက်ပြီး ဥပမာတွေ၊ နိုင်ငံတော်ကိုယ်တိုင်က ကျူးလွန်တဲ့ ခန္တီတရား ကင်းမဲ့မှုအကြောင်း ဥပမာတွေ နောက်ထပ်အများကြီး ရှိသေးပြီး ဆက်လက် လေ့လာဖို့လည်း လိုပါသေးတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဘုရားကျောင်း (ဘာသာရေး) နဲ့ နိုင်ငံတော်ကို သီးခြားစီ ခွဲထုတ်ခွင့်ပေးခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက် (ဘာသာတရားတခုကို အသိအမှတ်ပြု ထောက်ပံ့ပေးခြင်း သို့မဟုတ် လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးမှုကို တားမြစ်ခြင်း သဘောသက်ရောက်သော ဥပေဒတစုံတရာကို ကွန်ဂရက်သည် မပြုရ) ကိုတောင် လွဲမှားနားလည် သဘောပေါက်သူ အမေရိကန်နိုင်ငံသားတွေ ဒီနေ့အချိန်မှာ အများကြီး ရှိနေပါတယ်။ ပြည်ထောင်စုရဲ့ မူလပြည်နယ် ၁၃ ခုမှာ ပြည်နယ်အလိုက် ဘာသာတရားတွေ အတွက် ထောက်ပံ့ ချီးမြှောက်တာကို အဆိုပါ ပြင်ဆင်ချက်က မပိတ်ပင် မတားမြစ်ခဲ့ပါ။ အမေရိကန်ပြည်ထောင်စု တခုလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတော်ဘာသာ မပြဌာန်းနိုင်အောင်သာ ကွန်ဂရက်ကို ပိတ်ပင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အမေရိကန် တော်လှန်ရေး မတိုင်ခင်မှာ ကိုလိုနီနယ်မြေ ၁၃ ခုထဲက ၃ ခု (ရို့စ်အိုက်လန်း၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ ဒယ်လာဝဲ) မှာသာ ပြည်နယ်ဘာသာ ထူထောင်ရေးအတွက် ပြဌာန်းချက် မရှိခဲ့တာပါ။
တော်လှန်ရေးပြီးသွားတဲ့ နောက်ပိုင်းမှာတောင် ၁၇၇၈ တောင်ကယ်ရိုလိုင်းနား အခြေခံဥပဒေက “ခရစ်ယာန် ပရိုတက်စတင့်ဘာသာ” ကို ပြည်နယ်ဘာသာအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ နယူးအင်္ဂလန် ပြည်နယ် ၄ ခုကလည်း ပြည်နယ်အထောက်ပံ့ခံ ကွန်ဂရီနေရှင်နယ်လစ်ဇင် ဂိုဏ်းခွဲ (Congregational church) တွေကို အချိန်တခုကြာတဲ့အထိ ဆက်ပြီး ထိန်းထားခဲ့ပါတယ်။ အဆုံးမှာတော့ အနောက်ဘက်ဒေသထဲမှာ ဘုရားကျောင်းနဲ့ နိုင်ငံတော်ကို ခွဲခြားထားတဲ့ အခိုင်မာဆုံး နိုင်ငံရေးတံတိုင်းကြီးကို တည်ဆောက်နိုင်လိုက်သလို အနောက်ဘက် ပြည်နယ်တွေကြားမှာ ဘုရားသွားကျောင်းတက် လုပ်သူအများဆုံး၊ အခြေခံဝါဒီဆန်ဆန် ကျင့်ကြံအားထုတ်သူ အများဆုံးလည်း ပေါ်ထွက်လာပါတယ်။ ခန္တီတရား ကျင့်သုံးခြင်းနဲ့ ခန္တီတရား မကျင့််သုံးခြင်း ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်း ၂ ခုက “တဖြောင့်တည်း သွားမနေကြဘူး” ဆိုတာ ပြနေတဲ့ နောက်ထပ် ဥပမာတွေပါပဲ။ နောက်ထပ်လေ့လာ သုံးသပ်ဖို့လိုဦးမှာပါ။
(ပြီး)
အဲလ်ဖရက် စတီဖင် (Alfred Stepan) သည် Columbia University တွင် Wallace Sayre Government Professor ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင် ဟွမ်လင့်စ်နှင့် တွဲဖက်ပြီး Problems of Democratic Transition and Consolidation: Southern Europe, South America, and Post-Communist Europe (1996) စာအုပ်ကို ရေးသားပြုစာထားသည်။ ယခုဆောင်းပါးပါ အချက်အလက်များကို Arguing Comparative Politics (Oxford, 2001) စာအုပ်ထဲတွင် အကျယ်တဝင့်ရေးသားထားသည်။ ယခုဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ အဖွဲ့အကြောင်း ပိုမိုသိရှိနိုင်စေရန် www.eduinitiatives.org သို့ လာရောက်လေ့လာနိုင်သည်။