လွှတ်တော် အသီးသီး၏ လက်ကျန် သက်တမ်း လအနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အချိန်လုံလောက်မှု မရှိတော့ပေ။
ဖွဲ့စည်းပုံ ပြင်ဆင်ရန် ခက်ခဲနေခြင်းသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်ဗိုလ်ချုပ်များက ပြင်ဆင်ရန် ဆန္ဒမရှိ၍ ဖြစ်သည်။ ၎င်းတို့ အဓိက မပြင်ဆင်လိုသည့် ပုဒ်မများမှာ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ ဖြစ်သည်။
သို့သော် တိုင်းရင်းသား တန်းတူရေး၊ ဖက်ဒရယ် စနစ်တည်ဆောက်ရေးနှင့် ဒီမိုကရေစီ စနစ်ပြီပြင်ရေးတို့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရမည်ဟု သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့က မကြာခဏ ပြောဆိုလေ့ရှိသည်။ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲအား နိုဝင်ဘာလတွင် ပြုလုပ်မည်ဆိုပါက ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်တော့ကြောင်း သုံးသပ်ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ကျနော့်အမြင် ပြောရရင်တော့ ဒီလွှတ်တော် သက်တမ်းမှာ ပြင်နိုင်စရာ အကြောင်း မမြင်တော့ဘူးလို့ပဲ ပြောရမယ်၊ နောက်လာမယ့် အစိုးရ၊ လွှတ်တော်တွေ လက်ထက် ရောက်ရင်တော့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးကလည်း ဖွဲ့စည်းပုံ၏ အရေးကြီးသည့် ဥပဒေများကို ပြင်ဆင်မည်ဆိုပါက ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ထောက်ခံချက်ဖြင့် ဥပဒေကြမ်းရေးဆွဲ တင်သွင်းခြင်း၊ ၇၅ ရာခိုင်နှုန်းနှင့်အထက် ထောက်ခံမှု ရယူခြင်း၊ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ပြုလုပ်၍ ၅၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံချက်ကိုပါ ယူရမည် ဖြစ်၍ လက်ရှိ လွှတ်တော်သက်တမ်း၌ ပြင်ဆင်ရန် မဖြစ်နိုင်တော့ကြောင်း VOA မြန်မာပိုင်းနှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။
ဖွဲ့စည်းပုံ ဥပဒေအား လွှတ်တော်ထဲ၌ ပြင်ဆင်ရန် ခက်ခဲနေသည့် အတွက်ကြောင့်ပင် ၆ ပွင့်ဆိုင် တွေ့ဆုံ၍ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရန် ကြိုးပမ်းနေကြသော်လည်း ထို ၆ ပွင့်ဆိုင် ထပ်မံတွေ့ဆုံရန် ခက်ခဲနေပြန်သည်။ ထပ်မံ တွေ့ဆုံရန် သမ္မတဘက်က တက်ကြွမှုမရှိ ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောဆိုခဲ့သည်။ ပထမ တကြိမ် တွေ့ဆုံပြီး ဖြစ်သော်လည်း မည်သည့် ရလဒ်မှ မထွက်ခဲ့ပေ။
ဦးဖေသန်းက “တကယ်လို့ ၆ ပွင့်ဆိုင် တွေ့ဆုံမှုကသာ တခုခု အဆုံးအဖြတ် မပေးနိုင်ဘူးဆိုရင် နောက် ၅ နှစ် သက်တမ်းဟာလည်းပဲ အခု ၅ နှစ်လိုပဲ ပြောင်းလဲလာစရာ အကြောင်းမရှိနိုင်ဘူး” ဟု ဆိုသည်။
၆ ပွင့်ဆိုင် တွေ့ဆုံမှု၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမြင်မတူမှု များရှိနေကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောာင်လှိုင် တို့သည် ဖွဲ့စည်းပုံတခုလုံး၏ အဓိက ပုဒ်မဖြစ်သည့် ပုဒ်မ ၄၃၆ အပြင်၊ ၅၉ (စ) ကိုလည်း ပြင်ဆင်ရန် ဆန္ဒမရှိကြောင်း၊ တိုင်းရင်းသား အရေးနှင့် ပတ်သက်သည့် ပုဒ်မတချို့ကိုသာ ပြင်ဆင်လိုကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ပါတီကမူ ပုဒ်မ ၄၃၆ ကို အဓိက ပြင်ဆင် လိုသည်။ NLD ပါတီသည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်သူ ၅ သန်း၏ ထောက်ခံချက် လက်မှတ်များကိုလည်း လွှတ်တော်၌ တင်သွင်းထားပြီး ဖြစ်သည်။
ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က တိုင်းရင်းသား တန်းတူရေး အတွက် ပုဒ်မတချို့ကို ပြင်ဆင်ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသော်လည်း တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ် မထိုးနိုင်ပါက အောင်မြင်နိုင် ခြေမရှိပေ။
သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဖြစ်မြောက်နိုင်ကြောင်း၊ NCA စာချုပ် ချုပ်ဆိုပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာပါက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စများပါ ပါဝင်လာမည်ဟု နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။ သို့သော် တိုင်းပြည်၏ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်ကြောင့် ဦးသိန်းစိန် အစိုးရ လက်ထက်၌ NCA ကို လက်မှတ် ရေးထိုးနိုင်ခြင်း ရှိ၊ မရှိ မသေချာသေးသော အခြေအနေ ဖြစ်သည်။
ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို လက်မှတ်ထိုးပြီး၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်၍ ညှိနိုင်းပြီးမှသာ တိုင်းရင်းသားများ ပြင်ဆင်လိုသည့် အချက်များကို ညှိနှိုင်း ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း၊ သို့မှသာ နိုင်ငံရေး ဆွေးနွေးပွဲ၏ အကျိုး သက်ရောက်မှုကို ပေါ်လွင်စေမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။
၎င်းက “အစိုးရဘက်က ကြိုပြီးတော့ ပြင်ဆင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အကျိုးအမြတ်အတွက် အပေးအယူ မရှိတော့ဘူး ဖြစ်သွားမှာပေါ့၊ ဆွေးနွေးပွဲမှာ ကိုယ့်ဘက်က အသုံးချစရာ လက်နက်တခုလည်းပဲ လျော့သွားတဲ့ သဘော ဖြစ်သွားမယ်၊ ဒီတော့ NCA လက်မှတ်ထိုးပြီးမှ ဖြစ်နိုင်မယ်၊ မထိုးဖြစ်ရင်တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မသေချာဘူးပေါ့” ဟု ဆိုသည်။
ပြည်တွင်းစစ်ပွဲများ ရပ်စဲ၍ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရလိုပါက တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာ၀ သယံဇာတ ခွဲဝေရေး စသည့် ဥပဒေပုဒ်မများကို အဓိက ပြင်ဆင်ရေးဆွဲ ရန်လိုပြီး၊ ပြည်နယ်၊ တိုင်း အစိုးရ အဖွဲ့များကိုလည်း လုပ်ပိုင်ခွင့် အပြည့်အဝပေး၍ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် အရေးကြီးကြောင်း ထောက်ပြမှုများ ရှိသည်။
ထို့အတူ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များကိုလည်း နိုင်ငံတော် သမ္မတက တိုက်ရိုက်ရွေးချယ် ခန့်အပ်ခြင်း ဥပဒေ ပုဒ်မကို ပယ်ဖျက်ပေးရန် လိုအပ်သည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက “ဖွဲ့စည်းပုံ မပြင်ရင် စစ်ပွဲတွေလည်း ရပ်စဲမှာ မဟုတ်ဘူး၊ ပုဒ်မ ၄၃၆ ကတော့ ပြင်ဖို့ မလွယ်လောက်ဘူး၊ ဒါပေမယ့် တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ သယံဇာတ ခွဲဝေရေးတွေကိုတော့ စစ်တပ်က ထောက်ခံရင် ပြင်လို့ ရနိုင်တယ်” ဟု ဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော်ထဲ၌ ကြိုးပမ်းနေကြဆဲ ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီ စသည်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း လက်တွေ့၌ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။ ထို့အတူ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း တခုကိုလည်း သူရ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် မေလ ၁၄ ရက်နေ့က တင်သွင်းခဲ့ပြန်သည်။
ထိုသို့ တင်သွင်းရခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်၍ မရစေရန် တင်သွင်းခြင်း မဟုတ်ဘဲ ဒီမိုကရေ စနစ်၊ ဈေးကွက် စီးပွားရေး စနစ်၊ အတိုက်အခံ ပါတီများ ဖွံ့ဖြိုးရေး စသည်တို့ကို မပျက်ပြားစေရန် ကာကွယ်နိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ လင်းရှင်းထားည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသား ရပိုင်ခွင့်နှင့် ပတ်သက်သော တချို့ပုဒ်မများကို ပြင်ဆင်ရန် ဆန္ဒရှိကြောင်း ပြောဆိုသော်လည်း ၎င်းတို့ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။
ဒီမိုကရေစီ စံနှုန်းနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရေးကို ပြည်သူလူထုက ဆန္ဒရှိကြသည့်တိုင် တိုင်းပြည်၏ အာဏာ အရပ်ရပ်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် စစ်ဗိုလ်ချုပ် အများစုကမူ ၎င်းတို့၏ အာဏာကို အလွယ်တကူနှင့် စွန့်လွှတ်ပေးဦးမည် မဟုတ်ဟု သုံးသပ်မှုများ ရှိနေသည်။