တနိုင်ငံလုံး အတိုင်းအတာဖြင့် သက်တမ်း ကုန်ဆုံးပြီ ဖြစ်သည့် ယာယီ သက်သေခံ လက်မှတ်(White Card) ပြန်လည် အပ်နှံသည့် အရေအတွက်သည် ၄ သိန်းကျော် ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၅ ခုနှစ် မေ ၂၄ ရက်အထိ ပြန်လည် အပ်နှံလာသည့် White Card ပေါင်း ၄၁၅၈၆၀ ရှိပြီး အများစုသည် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ချစ်က ဧရာဝတီသို့ ပြောသည်။
ဦးတင်ချစ်က“အရင်စာရင်းနဲ့တော့ ကွာနေသေးတယ်။ ဒီအထဲမှာ သေတဲ့လူတွေလည်း ပါနေသေးတယ်။ ကျန်တဲ့သူတွေအတွက် ပြန်အပ်လက်ခံတဲ့ ရက်တိုးပေးဖို့ ရှိမရှိတော့ မသိသေးဘူး”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်သူဦးရေ ၁၅ သိန်းဝန်းကျင် ရှိသည့်အနက် ၁၀ သိန်းကျော်သည် ရခိုင် ပြည်နယ်အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုကြပြီး အစိုးရက ဘင်္ဂါလီလူမျိုးဟု အသိအမှတ်ပြုသော မွတ်စလင်များ ဖြစ် ကြောင်း သိရသည်။
White Card ခေါ် ယာယီ သက်သေခံ လက်မှတ်များ ကိုင်ဆောင်ခွင့်သည် မတ်လ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရုံး သို့ ပြန် လည် အပ်နှံရမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံ လက်မှတ်များအား ထုတ်ပေးထားသည့် နံပါတ်စဉ်အရ ၇၆၂၃၇၂ ဦး ရှိကြောင်း၊ လက်ရှိပြန်လည် အပ်နှံထားသူများကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ စိစစ်မှုများ ပြုလုပ်ပြီးပါက နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ ကတ် တမျိုးမျိုးကို ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက ပြောသည်။
စစ်တွေမြို့နယ်ရှိ ဒုက္ခသည် စခန်းတခုမှ White Card ကိုင်ဆောင်ထားသူ တဦးဖြစ်သည့် ဦးအောင်ဝင်းက“ကျနော့်ဆီက White Card စာရင်း ကောက်ပြီးပြီ။ ဘာမှတော့ အဖြေ ပြန်မလာသေးဘူး”ဟု ပြောဆိုသည်။
White Card ပြန်လည် အပ်နှံသူများအား အထောက်အထား စာရွက်တခု ထုတ်ပေးထားပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်၍ နိုင်ငံသား လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ဧရာဝတီ သို့ ပြောဆိုထားသည်။
White card ကိုင်ဆောင်သူများ အနေဖြင့် ရွေးကောက်ပွဲများတွင်လည်း ဆန္ဒမဲ ပေးခွင့်မရှိကြောင်း ယခုလအတွင်း ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ပြင်ဆင်ခဲ့သည်။
White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိထားခြင်းသည် ဖွဲ့စည်းပုံနှင့်ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကလည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။