နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထိပ်တန်းအရေးကိစ္စအဖြစ် နေရာယူလျက်ရှိသော လှေစီးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲတခုကို ရန်ကုန်မြို့၊ ကျိုက္ကဆံ အားကစားကွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ယနေ့ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။
ယနေ့ နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီကျော်အထိ ကျင်းပပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ၉၆၉ အဖွဲ့ဝင်များ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)အဖွဲ့ဝင် သံဃာတော်များ အပါအဝင် လူဦးရေ ၃၀၀ ခန့်ပါဝင်ပြီး ဆန္ဒပြပွဲကို “ဟပြဆော” ခေါ် ရွှေဘုရား အဖွဲ့က ဦးစီးပြုလုပ်ခြင်းဖြစ်ကြောင်း၊ လှေစီး ဒုက္ခသည်များ အရေး နှင့် ပတ် သက်၍ နိုင်ငံတကာ၏ဖိအားပေးမှုများကို မြန်မာနိုင်ငံအစိုးရက လက်ခံ သဘောတူမည်ကို စိုးရိမ် သော ကြောင့် ယခုကဲ့ သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုကြသည်။
“ဘင်္ဂါလီဆိုတာ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ သမိုင်းမှာ မရှိခဲ့ဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိဘူး။ တိုင်းရင်းသား အနေနဲ့လည်း မရှိဘူး။ လူမျိုးအနေနဲ့လည်း မရှိဘူး ကျနော်တို့ နိုင်ငံမှာ။ အဲဒါကို နိုင်ငံတကာက သိစေ ချင်တယ်။ ဒီ Boat People ကိစ္စကို ကုလသမဂ္ဂက ဖိအားပေးတာ၊ နိုင်ငံတကာ ဖိအားပေးတာတွေကို ကြောက်ပြီးတော့ အစိုးရက လက်ခံမှာကိုလည်း ကျနော်တို့ ပြည်သူလူထု အနေနဲ့ စိုးရိမ်တယ်။ အဲဒါကြောင့် ဒီပွဲလေးကို စီစဉ်ရတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် “ဟပြဆော” အဖွဲ့မှ ကိုထက်အာကာက ပြောသည်။
ဆန္ဒပြသံဃာတဦးဖြစ်သော ဆရာတော် ဦးသုတာနန္ဒက “နိုင်ငံတကာက မသိလို့ ဖိအားပေးတာ။ မြန်မာ့ပြည်တွင်းရေးကို သူတို့ လုံးလုံး မသိနိုင်ဘူး။ မသိနိုင်ဘဲ သူတို့ ရမ်းပြီး ဖိအားပေးကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဆန္ဒပြပွဲသည် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကုလသမဂ္ဂ အပါအဝင် ဒေသတွင်း ၁၅ နိုင်ငံ ပါဝင် ကျင်းပမည့် ရွှေ့ပြောင်းဒုက္ခသည်များအရေး အစည်းအဝေးတွင် မြန်မာနိုင်ငံအား ဖိအားပေးမှုများ မပြုလုပ်ကြရန် အသိ ပေးရန် ရည်ရွယ်သည်ဟုလည်း သိရှိရသည်။
“ဒါဒုက္ခသည်လား၊ ဒါမိမိနိုင်ငံကို ဖျက်ဆီးမယ့် ရိုဟင်ဂျာ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာတွေလား ဆိုတာတော့ ကွဲကွဲပြား ပြား သိဖို့လိုပါတယ်” ဟု ဆန္ဒပြသံဃာတပါးဖြစ်သည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက မိန့်ဆိုသည်။
မကြာခင်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန်က လှေစီး ဒုက္ခသည်များအနက်မှ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တွေ့ကြုံ နေရ သော ကြမ်းတမ်းသည့် အခြေအနေများကြောင့် နေရပ်ကို စွန့်ခွာခဲ့သူများ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်(ရေ)က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ကျော် တရားမဝင် တင်ဆောင် လာသော လူမှောင်ခိုကူးမှုတရပ်ကို မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ကူညီ စောင့်ရှောက်ထားကာ အမြန်ဆုံး နေရပ်ပြန်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏သတင်း ထုတ်ပြန် ချက် များအရ သိရှိရသည်။