၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့်အပြိုင် စင်ပြိုင်နိုင်ငံရေးပါတီတခုထူထောင်၍ ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ NLD နှင့်ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။
ယနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်၊ NLDနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်း သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ၏ မေးမြန်းချက်ကို ဦးမင်းကိုနိုင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ ၈၈ ငြိမ်း/ပွင့် အဖွဲ့အစည်းအနေနဲ့ ပါတီတခုထောင်ပြီး ရွေးကောက်ပွဲဝင်တာမျိုး လုပ်မှာမဟုတ်ဘူး။ ကျနော် တို့ရဲ့ မဟာမိတ်များ အဓိကအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တယောက်နဲ့တယောက် မျက်နှာချင်း ဆိုင်ရတာ မျိုးမဖြစ်အောင် တယောက်နဲ့တယောက် ညှိနှိုင်းပြီးတော့မှ သွားကြတဲ့ပုံစံမျိုးဖြစ်ရအောင် ကြိုးစားပါ့မယ်” ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် တိုင်းပြည်တွင် အင်အားများကွဲပြားသွားခြင်း၊ လူအများ၏စိတ်တွင် ဝေဝါးသွားခြင်းများ မဖြစ်စေရန်နှင့် အင်အားအပေါင်းလက္ခဏာဆောင်သည့်ခံစားချက်မျိုးဖြစ်စေရန် အဓိက စဉ်းစား လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အနေဖြင့် ပါတီတခုထောင်ပြီး ရွေးကောက်ပွဲဝင်မည်မဟုတ်သော်လည်း တချို့မှာ လွှတ်တော် နိုင်ငံ ရေး လုပ်မည်ဖြစ်ကြောင်း၊ လတ်တလော NLD နှင့် တစုံတရာ ဆွေးနွေးတိုင်ပင်ထားခြင်းမရှိ၍ အသေးစိတ်ထုတ်ပြန် နိုင် ခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။
“ကျနော် လွှတ်တော်နိုင်ငံရေးလုပ်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ ဒါပေမယ့် အသေးစိတ်ဖြစ်တဲ့ ၈၈ ခေါင်း ဆောင် တွေထဲက ဘယ်သူရွေးကောက်ပွဲဝင်မယ်။ NLD နဲ့ ဘယ်လိုနားလည်မှုယူမယ်ဆိုတာ အသေးစိတ်ထုတ်ပြန် နိုင်ခြင်း မရှိသေးပါဘူး။ ဆုံးဖြတ်ပြီးအခါကျရင်တော့ အားလုံးကို အသိပေးပါမယ်” ဟု ဦးကိုကိုကြီးက ဖြေကြားသည်။
NLD ပါတီသည် ယခုအချိန်အထိ ရွေးကောက်ပွဲဝင်မည်၊ မဝင်မည်ကို အတိအကျ ထုတ်ပြန်ကြေညာထားခြင်း မရှိသေး သော်လည်း ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးမည်ဟု ခိုင်ခိုင်မာမာရပ်တည်ထားသည့်အတွက် ရွေးကောက်ပွဲကို ဖြတ်သန်း ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောသည်။
ယနေ့ NLD နှင့် ၈၈ ပူးတွဲထုတ်ပြန်သော ကြေညာစာတမ်းတွင် ၂၀၁၅ ရွေး ကောက်ပွဲကို လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖောင်ဆောင်ရာတွင်လည်း ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေး ဆန္ဒ၊ နိုင်ငံရေးရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသားအင်အားစုများနှင့်အတူ တက်ကြွစွာလက်တွဲ ပါဝင် ဆောင် ရွက် သွားမည်ဟုလည်း ပါရှိသည်။