မျိုးစောင့်ဥပဒေ လေးခုတွင် တခုအပါအဝင်ဖြစ်သည့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးလက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ယမန်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သိရသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန် သဘောတူညီခဲ့ပြီးနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီသို့ ပြီးခဲ့သည့် မတ်လ ၁၉ ရက်က ပေးပို့ခဲ့သည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးတင်ယုက ပြောသည်။
အမျိုးသားလွှတ်တော်ရှိ ဥပဒေကြမ်း ကော်မတီက ထိုဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ချုပ်နှင့် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ ကော်မရှင်မှ ပညာရှင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် အချက်အလက်တချို့ ပြင်ဆင်ခဲ့ရာ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သဘောထားရယူခဲ့ပြီးနောက် အမျိုးသားလွှတ်တော် အမတ်အားလုံးက ကန့်ကွက်ခြင်း မရှိသဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဥပဒေကြမ်းပါ အချက်များမှာ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အမျိုးသား များက လက်ထပ်ယူမည်ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ပါဝင်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်ပါက လက်ထပ်ခြင်းမှအစ ကွာရှင်းခြင်း၊ သားသမီး ထိန်းသိမ်းခြင်းနှင့် အိမ်ထောင်ရေးဆိုင်ရာ အငြင်းပွားသည့် ကိစ္စရပ်တို့ကို မည်သည့် ဥပဒေ၊ ဓလေ့ထုံးတမ်း တို့နှင့်မှ ဆုံးဖြတ်ပိုင်ခွင့် မရှိဟု ထိုဥပဒေတွင် ပါဝင်သည်ဟု ဦးတင်ယုက ပြောသည်။
“မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး ဒီ့အပြင် မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေနဲ့လည်း ဆုံးဖြတ်ချက် ချနိုင်ပါတယ်” ဟု ဦးတင်ယုက ဆိုသည်။
ထိုဥပဒေကြမ်းပါ ပုဒ်မ ၁၉ (ဂ) တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော်များ၊ စေတီပုထိုးပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတို့၏ အသုံးအဆောင်များကို နေအိမ်တွင် ထားရှိခွင့်ပြုရမည် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဆိုင်ရာ ကိစ္စရပ် အားလုံးကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရမည် ဖြစ်သည်ဟု ပါရှိသည်။
တားမြစ် ပိတ်ပင်ခြင်းနှင့် တခြားဘာသာသို့ ကူးပြောင်းစေရန် တိုက်တွန်းပါက ဗုဒ္ဓဘာသာဝင် အမျိုးသမီးမှ ကွာရှင်းခွင့် တောင်းနိုင်သည်ဟု ပုဒ်မ ၂၀ တွင် ပါရှိသည်။
ကွာရှင်းရာတွင် အမျိုးသားမှ ၎င်းတို့နှစ်ဦးပိုင် ပစ္စည်းအနက် တခုမှ ရပိုင်ခွင့်ရှိမည် မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကိုလည်း လျော်ကြေး ထပ်မံပေးရမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ဗုဒ္ဓဘာသာ မဟုတ်သည့် ယောက်ျားက ၎င်း၏မိန်းမဖြစ်သူ ( ဗုဒ္ဓဘာသာဝင် အမျိုးသမီး) ကို ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ ပြုလုပ်ပါက အမျိုးသမီးမှ သက်ဆိုင်ရာသို့ တိုင်ကြားလျှင် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားမှာ ထောင်ဒဏ် ၂ နှစ် (သို့) ငွေဒဏ် သိန်း ၂၀ ကို တရားရုံးသို့ ပေးလျော်ရမည် ဖြစ်ကြောင်း ပုဒ်မ ၃၀ တွင် ပါရှိသည်။
ထိုအချက်များ ပါရှိသည့် ဥပဒေကို အမျိုးသမီး အများစုနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက တခြား ဘာသာဝင်များအပေါ် ခွဲခြားကန့်သတ်ထားသည့် ဥပဒေဟုဆိုကာ ကန့်ကွက်လျက် ရှိနေသည်။
အမျိုးသမီး အခွင့်အရေး တောင်းဆိုခြင်း ကိစ္စရပ်များတွင် ပါဝင်လှုပ်ရှားနေသည့် ကရင်လူငယ်ကွန်ရက်၊ အတွင်းရေးမှူး မနန့်လွမ်ရာက “မြန်မာနိုင်ငံသား အမျိုးသမီးခြင်း အတူတူတောင် ဗုဒ္ဓဘာသာ ဖြစ်လို့ တခြားဘာသာဖြစ်လို့ဆိုပြီး ခွဲခြား ကာကွယ်တာပဲ၊ အရင်တုန်းကလည်း ကန့်ကွက်ခဲ့တယ်၊ ဒီဥပဒေကို ခုလည်း ကန့်ကွက်တယ်” ဟု ပြောဆိုသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကာ သဘောထား ထပ်မံ ရယူမည် ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၌ သဘောတူ အတည်ပြုလိုက်ပါက ဥပဒေအဖြစ် အတည် ဖြစ်လာမည်ဟု သိရသည်။