အစိုးရ က သိမ်းဆည်းခဲ့သည့် လယ်ယာမြေများ ပြန်ပေးရာတွင် အောက်ခြေ ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ပြောဆိုနေကြသည်။
ယင်းကဲ့သို့ အကျင့်ပျက်ခြစားမှုများကြောင့် အမှန်တကယ် သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများ၏ လယ်ယာမြေ ပြန်မရမှုများ ရှိ ကြောင်း သိရသည်။
“အဲဒီလို အကျင့်ပျက်ခြစားတယ်ဆိုတဲ့ အောက်ခြေဝန်ထမ်းတွေကို အရေးယူလိုက်တယ်ဆိုတာလည်း မကြားမိဘူး”ဟု ရှမ်းပြည် နယ် မြောက်ပိုင်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။
လယ်ယာမြေများကို တောင်သူများသို့ ပြန်လည်ပေးအပ်ရာတွင် သိမ်းဆည်းခဲ့သည့် သက်ဆိုင်ရာဌာနက တိုက်ရိုက်ပေးခွင့်မရှိကြောင်း၊ အဆိုပါဌာနက သက်ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီမှတဆင့် လယ်သမားများထံ ပြန်ပေးရကြောင်း၊ သို့သော် အောက်ခြေဝန်ထမ်းများက မူလပိုင်ရှင်လယ်သမားသို့ မပေးဘဲ ငွေကြေးတတ်နိုင်သူကို မြေဂရန်လျှောက်ခိုင်း၍ လွှဲပြောင်းပေးမှုများရှိနေကြောင်း သိရသည်။
“အောက်ခြေဝန်ထမ်းတွေက ပိုက်ဆံပေးနိုင်သူကို ဒီမြေက ဂရန်မပေါက်ဘူး ဆိုပြီး မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ခိုင်းပြီး ကြားထဲကနေ ပေးလိုက်တာ။ တကယ်က မူလပိုင်ရှင်တွေလက်ထဲမှာ က အခွန်ပြေစာတွေရှိတယ်။ အဲဒါတွေကို မြေ/စီကော်မတီက အသိအမှတ်မပြုဘူး။ တချို့ကိစ္စတွေမှာ ဥပဒေနဲ့အညီ ညစ်လို့လည်းရတယ်”ဟု ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။
မေလ၂၅ ရက်က ကျင်းပသည့် ၁၂ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင်လည်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မတီ ၏ အစီရင်ခံစာများအပေါ် လက်ရှိ တိုးတက် ဆောင်ရွက် မှုများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးက ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုတွင် သိမ်းဆည်းထားသည့် လယ်ယာမြေများကို တောင်သူများထံသို့ ပြန်ပေးအပ်သည်ဆိုသော်လည်း အသိမ်းခံရသူများ က မရကြကြောင်း၊ အစိုးရက လယ်ယာမြေပြန်မပေးတော့သည့် လယ်သမားများကို သင့်တင့်မျှတသည့် လျော်ကြေး ပေးအပ်ခြင်းနှင့် သိမ်းဆည်းခံလယ်ယာမြေများ အမှန်တကယ် ပြန်လည်ရရှိရေး၊ ဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းရေးနှင့် အောက်ခြေဝန်ထမ်း များ၏ အကျင့်ပျက်ခြစားမှု များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“စွန့်လွှတ်မြေတွေကိုလည်း အမှန်တကယ် တောင်သူတွေလက်ထဲ ပေးအပ်ဖို့ လိုအပ်တယ်။ အစိုးရ ကော်မတီက ပြန်ပေးတယ်ပြောနေပေမယ့် တကယ့်မြေပြင် အခြေအနေနဲ့ လုံးဝမတူတာတွေ တွေ့နေရတယ်။ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုတယ်။ အစိုးရဖွဲ့စည်းထားတဲ့ ကော်မတီက တောင်သူတွေဆီက လယ်ယာမြေ ဘယ်လောက်ထိအောင် သိမ်းဆည်းခဲ့လဲဆိုတာလည်း မဖော်ပြထား ဘူး”ဟု ဥတ္တရသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
အစိုးရ၏ ဗဟိုမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစီရင်ခံစာ၌ မြေယာပြန်လည်ပေးအပ်ရာတွင် မည်သူ့ကို ပြန်လည် ပေးအပ်ကြောင်း၊ မည်သည့်ဒေသမှဖြစ်သည်ကို တိကျစွာဖော်ပြ မထားကြောင်း၊ အစိုးရကော်မတီ၊ လွှတ်တော်နှင့် သိမ်းဆည်းခံတောင်သူများပါဝင်သည့် သုံးပွင့်ဆိုင်တွေ့ဆုံမှုကို ပြုလုပ်သင့်ကြောင်း၊ တောင်သူများကို တရားစွဲ ထောင်ချ နေသည်များကိုလည်း အစိုးရ အစီရင် ခံစာတွင် ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက အစိုးရသို့ တောင်းဆိုထားကြသည်ဟု သိရသည်။
အစိုးရက ဦးဆောင်ဖွဲ့စည်းထားသည့် မြေအသုံးချမှု စီမံခန့်ခွဲမှု ဗဟိုကော်မတီကမူ တောင်သူလယ်သမားများ၏ လယ်ယာမြေ သိမ်းဆည်းခံရမှုများ တိုင်ကြားလာသည့်အပေါ် အစိုးရ က ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၂၀၁၅ ခုနှစ် မေ ၁၅ ရက် အတွင်း တိုင်ကြားမှု ၁၄၉၉၉ မှုတွင် ၇၆၉၇ မှုကို ဖြေရှင်းပေးခဲ့သည့်အတွက် ၆၈၀၂ မှုသာ ကျန်ရှိကြောင်း ပြောဆိုထားသည်။
မြေအသုံးချမှုစီမံခန့်ခွဲမှု ဗဟိုကော်မတီ ၏ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကလည်း “စိစစ်ရန်ကျန် ရှိနေတာကို ဆက်လက်ရှင်းသွားမှာဖြစ်ပါတယ်။ ပိုင်ရှင်မှာသူပိုင်တယ် ငါပိုင်တယ် ဖြစ်နေတဲ့အတွက် ပေးတာ မှားမှာစိုးရိမ်လို့ စိစစ် နေတဲ့ အပိုင်းတွေပါတယ်။ ဒီအလုပ်ဟာ တော်တော်ရှုပ်ထွေးပါတယ်။ တကယ်လုပ်ကြည့်မှ သိပါမယ်။ တချို့လည်း ဒီအပေါ်မူတည်ပြီး စီးပွားရေး လုပ်စားနေတာ အများကြီးပါ။ တချို့လည်း အကြောင်းအမျိုးမျိုးပြ ဖန်တီးနေတာ အများကြီးဆိုတာ အကုန်သိပါတယ်” ဟု မေလ၂၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။
ရန်ကုန်တိုင်း ဒေသကြီးတခုတည်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် မတ်လအထိ ၃ နှစ်တာကာလအတွင်း ဗဟိုကော်မတီမှ ရရှိထားသည့် မြေယာအစီရင်ခံစာ ၁၅ စောင်တွင် တိုင်ကြားမှု ၁၇၃၈ မှုရှိခဲ့ပြီး အစိုးရ ဖြေရှင်းရန် ၉၂၅ မှု ကျန်နေသေးကြောင်း၊ ကျန် အမှုများကို ကော်မတီက လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာမြေ သိမ်းဆည်းခံရမှုများအပေါ် တိုင်ကြားခဲ့သူများကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ကြသော် လည်း မြေများ လက်ထဲပြန်မရောက်သေးသဖြင့် ကာယကံရှင်များက မေးမြန်းကြကြောင်း တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။
“တိုင်စာတင်တဲ့ လယ်သမားတွေပြောတာက သက်ဆိုင်ရာက လာပြီးစစ်တယ်။ ၃၊ ၄ ခါရှိပြီ။ ဒါပေမယ့် ဘာမှ အကြောင်း ကြားလာ တာမရှိဘူးဆိုပြီး လာလာပြောနေကြတယ်။ သိချင်တာကတော့ ဘယ်တိုင်စာအတွက် ဘယ်လောက်ဧက ပြန်လည်စွန့်လွှတ်တယ် ဆိုတာမျိုး ဆိုရင် တမှုချင်းအလိုက် နစ်နာသူတွေကို ပြန်ကြားလို့ရတယ်။ ဒီနစ်နာတဲ့သူတွေအနေနဲ့ ဘယ်ဌာနကိုမှ ဆက်သွယ်ပြီး မေးမြန်းလို့ မရပါဘူး။ ကော်မရှင်ကိုပဲ မေးမြန်းလို့ရတယ်”ဟု ၎င်းက ဆက်လက် ပြောပြသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်တွင် စစ်တပ်မှ လယ်မြေ သိမ်းဆည်း ခံထားရသော ကျေးရွာဒေသခံ အသက် ၆၂ အရွယ် ဦးမြင့်အောင် က ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီ ဖြင့် မီးရှို့၍ မြေသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ ရွာသားများ၏ လယ်ယာမြေဧကပေါင်း မြောက်မြားစွာကို ၂၀၀၄ ခုနှစ်တွင် မတရားသိမ်းယူခဲ့သဖြင့် ဒေသခံ ဦးမြင့်အောင်က ယင်းကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
ခေတ်အဆက်ဆက်က လယ်ယာမြေ သိမ်းဆည်းခဲ့မှုများအပေါ် သိမ်းဆည်းခံရသည့် တောင်သူလယ်သမား အများအပြားမှာ လယ်ယာမြေ ပြန်ရလို၍ ဆန္ဒထုတ်ဖော်ခြင်း၊ အသိမ်းခံ လယ်ယာမြေများထဲတွင် ဝင်ရောက်ကျူးကျော် လုပ်ကိုင်ခြင်းများ ပြုလုပ်ကြသည့်အတွက် အစိုးရက ပုဒ်မများတပ်၍ တရားစွဲခြင်း၊ ထောင်ချခြင်းများ ပြုလုပ်လျက် ရှိသည်။