၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီ သက်သေခံ လက်မှတ်(White card) ကိုင်ဆောင်ထားသူများ မဲပေးခွင့် မပြုကြောင်း မေလ ၂၈ ရက် က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်သည်။
အဆိုပါ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီ က မေလ ၂၁ ရက် တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားရှင်းလင်းခဲ့သည်။
အစီရင်ခံစာအား ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များကို မေလ ၂၄ ရက် နောက်ဆုံး ထားပြီး အမည်ပေးသွင်းရန် ကြေညာထားခဲ့သော်လည်း ယနေ့အထိ ပြင်ဆင်ချက်အဆို တင်သွင်းလာခြင်း မရှိသည့်အတွက် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာက ပြောကြားသည်။
“ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု လည်း ၎င်းက ပြည်သူ့လွှတ်တော်တွင် အတည်ပြုပေးခဲ့သည်။
ယင်းဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် အတည်ပြုပြီး ဖြစ်သော်လည်း White card ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံနှင့်မညီကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြန်လည်ပြင်ဆင်၍ အတည်ပြုရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
White card ကိုင်ဆောင်ခွင့်သည် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနရုံးသို့ ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ယင်းသို့အပ်နှံသူများကို ၁၉၈၂ နိုင်ငံသားဥပဒေအရ စိစစ်မှုများ ပြုလုပ်ပြီးပါက နိုင်ငံသားဖြစ်ကြောင်း သက်သေခံ ကတ်တမျိုးမျိုးကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးဌာနမှ သိရသည်။
“ဒီလူတွေဟာ ၁၉၄၇ ကတည်းက ၂၀၁၀ အထိ မဲစာရင်းမှာပါပြီး ရွေးကောက်ပွဲမှာ မဲထည့်လို့ရတဲ့ ပြည်သူတွေဖြစ်တယ်။ ဒီလူတွေကို အဲဒီဥပဒေကြောင်းအရပဲ မဲထည့်လို့ရမယ့် စာရင်းမှာ ပါနိုင်အောင်ဖြစ်စေချင်တယ်။ ဒီနေ့ White card ကိုင်ဆောင်သူတွေဆီက ပြန်သိမ်းပြီး ချလန်ပေးထားတယ်။ ဒီလူတွေရဲ့ မူလအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးမှာကို ကျနော်တို့ စိုးရိမ်တယ်” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံ လက်မှတ်များအား ထုတ်ပေးထားသည့် နံပါတ်စဉ်အရ ၇၆၂၃၇၂ ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။
၂၀၁၅ ခုနှစ် မေ ၂၄ ရက်အထိ ပြန်လည် အပ်နှံလာသည့် White Card ပေါင်း ၄၁၅၈၆၀ ရှိပြီး အများစုသည် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ချစ်က ဧရာဝတီသို့ ပြောဆိုထားသည်။