“ခုခံအားကျဆင်းမှု ရောဂါ” ဆိုသော အသံကြားလိုက်သည်နှင့် အလန့်တကြား ကြောက်ရွံ့ထိတ်လန့်သော မျက်နှာများဖြင့် ဝေဒနာရှင်များကို ရှောင်ဖယ်သွားချိန် အသက် ၃၀ ကျော်အရွယ်သာရှိသေးသော သူက လူနာများအကြား အပြုံး မျက်နှာ ဖြင့် ဖေးမကူညီခဲ့သည်။ ထိုအချိန်က စစ်အာဏာရှင်စနစ်ကြီးစိုး မုန်တိုင်းထန်နေသောအချိန်ဖြစ်ပြီး ခုခံအား ကျဆင်းမှု ရောဂါ ကူးစက် ခံစား နေရသော ဝေဒနာရှင်များအတွက် သူ၏ အပြံးမျက်နှာနှင့်ဖေးမမှုများက မျက်စိသူငယ် နားသူငယ် ဖြစ် နေရသော ဝေဒနာရှင်တို့အတွက် ခွန်အားတခုဖြစ်စေခဲ့သည်။
ဝေဒနာ၏ ဖိစီးနှိပ်စက်မှုကို ခံနေရသော်လည်း သူ၏ မျက်နှာမြင်ရုံဖြင့် ခံစားနေရသော ဝေဒနာ တဝက် သက်သာ သွား သလို ခံစားရသည်ဟု ဝေဒနာရှင်တို့က ဆိုကြသည်။ အစိုးရထံမှ မရရှိသော ပြုစုဖေးမမှု သူ့ထံမှ ဝေဒနာရှင်တို့ ရရှိခဲ့ ကြ သည်။ အစိုးရထံမှ မရရှိသော ဆေးဝါးများ သူ့ထံမှ ဝေဒနာရှင်တို့ ရရှိခဲ့သည်။ အစိုးရထံမှ မရရှိခဲ့သော ဂရုစိုက်မှုကို သူ့ ထံမှ ရရှိခဲ့ကြသည်။ သူက စစ်အာဏာရှင်လေမုန်တိုင်းထန်ချိန်တွင် ဝေဒနာရှင်တိုင်းအတွက် ရွှေရောင်ဆီမီးငယ်တခု ဖြစ်စေ ခဲ့သည်။
သူ့နာမည်က ဖြူဖြူသင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းကပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ တက်ကြွ သော လူငယ် အဖွဲ့ဝင် တဦး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ ခိုကိုးရာမဲ့ HIV လူနာများအတွက် ကူညီ စောင့်ရှောက်ရေး ဂေဟာ တခု ဖွင့်လှစ်ထားပြီး မိဘမဲ့ကလေးများကိုလည်း သူတတ်စွမ်းသမျှ ကူညီစောင့်ရှောက်လျက်ရှိသည်။ အခက်အခဲ ပေါင်း များ စွာဖြင့် သူစတင် ခဲ့သော HIV / AIDS ဝေဒနာရှင်ပြုစုစောင့်ရှောက်လုပ်ငန်းသည် ယခုအခါ တနိုင်ငံလုံး အတိုင်း အတာ ဖြင့် ကျယ်ပြန့်လာသည့်အပြင် နိုင်ငံတကာအထိပါ သူ၏ ပြုစုစောင့်ရှောက်ကူညီမှု သတင်းများ ပျံ့နှံ့ ရောက်ရှိ နေပြီ ဖြစ် သည်။
“အမတို့တွေ အတွက် ဒီအလုပ်က အစပိုင်းမှာ တော်တော်လေးကို ခက်ခဲ့တယ်။ အမတို့တွေဆေးဝါးအကြောင်း နားမ လည်ဘူး။ ဘာမှမသိဘူး။ ဒါပေမယ့် လူနာတွေအတွက် လိုအပ်ချက်က ပညာပေးရေးအပိုင်းက လိုအပ် နေပြီဆိုတာ တွေ့ လာတယ်။ HIV နဲ့ပတ်သက်ပြီး မြို့၊ နယ်တွေက ဘုရားပွဲဈေးတွေမှာ ပညာပေးတဲ့အစီအစဉ်တွေလုပ်တယ်။ ခဏခဏ အဖမ်း ခံရတယ်။ တားဆီးခံရတယ်။ ပစ္စည်းတွေ အသိမ်းခံရတယ်”ဟု မဖြူဖြူသင်းက ပြောသည်။
၂၀၀၂ ခုနှစ် တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) က ပြုလုပ်သည့် HIV/AIDS အသိပညာပေး သင်တန်းသို့ NLD မှ လူငယ်တာဝန်ခံ ၁၉ ဦး တက်ရောက်ခဲ့ပြီး ယင်းသင်တန်းတက်ရောက်သူလူငယ်များတွင် မဖြူဖြူသင်းလည်း တဦး အပါ အဝင် ဖြစ်သည်။ သင်တန်းတက်ပြီးသည့်နောက်ပိုင်း ကျန်းမာရေး အသိပညာမရှိလျှင် လူ့အသိုင်းအဝိုင်းတခုလုံး အန္တရာယ် ကျရောက်နိုင်သည်ကို နားလည်လာသည့်အတွက် HIV/ AIDS အသိပညာပေးမှုများနှင့် ဝေဒနာရှင်များ ကူညီ စောင့်ရှောက်ရေးအတွက် သူ အားသွန်ခွန်စိုက်စတင်ကြိုးပမ်းခဲ့သည်။
သူနှင့်အတူ HIV/ AIDS အရေး ကူညီလှုပ်ရှားလိုသူ NLD ပါတီဝင်လူငယ်တစုက လူငယ်ဆွေးနွေးပွဲတခုပြုလုပ်ခဲ့ပြီး HIV/ AIDS ဝေဒနာသည်များအတွက် ပညာပေးမှုများ စတင်ဆောင်ရွက်ခဲ့သည်။
မဖြူဖြူသင်းနှင့် NLD ပါတီဝင် လူငယ်တစုတို့ ရန်ကုန်မြို့တွင်း၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် တောင်ဥက္ကလာပ အပါ အဝင် မြို့နယ်ပေါင်းစုံတွင် နေထိုင်သည့် ဝေဒနာရှင်များထံသို့ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ ရောဂါသည်များ အတွက် အိမ်ငှားပေးပြီး လိုအပ်သော ဆေးဝါးများ ရရှိရေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုစဉ်က စစ်အစိုးရအုပ်ချုပ်စဉ်ကာလဖြစ်သည့်အားလျော်စွာ အာဏာပိုင်များမှ အိမ်ငှားပေးသူများ၊ အိမ်ရှင်များနှင့် လူနာ အများစုကို ခေါ်ယူစစ်ဆေးခြင်း၊ ဖိအားပေးခြိမ်းခြောက်ခြင်းများစွာ ပြုလုပ်ခဲ့ကြပြီး လူနာများစွာ ကို ကူညီစောင့် ရှောက်နေ သည့် မဖြူဖြူသင်းနှင့်အဖွဲ့ ကို အမြဲတစေ ဖိအားပေးခဲ့ကြသည်။ ဝေဒနာရှင် လူနာများကို ဘုန်းကြီးကျောင်းတွင်ပင် ရက်ရှည်တည်းခိုခွင့်မပေးရန် ကျောင်းထိုင်ဆရာတော်များကို ဖိအားပေးအကျပ်ကိုင်သည်အထိ အာဏာပိုင်တို့က လုပ်ဆောင်ခဲ့ကြသည်။
အာဏာပိုင်တို့၏ အမျိုးမျိုးသော ဖိနှပ်မှုများကြားတွင် မဖြူဖြူသင်းတို့၏ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများက ရပ်တန့်မသွားသည့်အပြင် ပို၍ပင်ကြီးမားလာခဲ့ပြီး နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများက ကူညီစောင့် ရှောက်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီလာကြသည်။
“သူတို့စိတ်အားမငယ်အောင် အတူတူစားပေးတယ်။ အတူတူစကားပြောပေးတာတွေလုပ်ပေးတယ်။ အစပိုင်း က သိပ်ခက် ခဲတယ်။ လူနာတွေအတွက် ဆေးရဖို့၊ နေစရာအိမ်ရဖို့ကိစ္စတွေမှာလည်း အာဏာပိုင်တွေဖိအားပေးလို့ အမ တို့လူနာတွေ ထားတဲ့အိမ်ရှင်တွေကို မောင်းထုတ်တာ၊ ခြိမ်းခြောက်တာ၊ ဘုန်းကြီးကျောင်းမှာ ခဏထားရင်တောင် ၁ ရက်၊ ၂ရက်ထက်ပို မထား ဖို့လုပ်တာတွေ ကြုံခဲ့ရတယ်။ အမတို့တတွေနဲ့ လူနာတွေမှာ မြို့ထဲမှာ အထုပ်အပိုးတွေနဲ့ ပတ်ချာ လည်နေ ခဲ့ရတယ်” ဟု သူကဆိုသည်။
အာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုများကြောင့် လူနာများအတွက် နေစရာအိမ်ရှာရခက်ခဲလာရာ ၂၀၀၈ ခုနှစ်တွင် တောင်ဒဂုံ မြို့နယ်ရှိ သူတို့မိသားစုပိုင်ဆိုင်သည့် နေအိမ်ကိုHIV လူနာများ ကူညီစောင့်ရှောက်ရေးဂေဟာ အဖြစ် ပြောင်း လဲခဲ့သည်။ ထိုဂေဟာတွင် ဝေးလံခေါင်ဖျားသည့်ဒေသအသီးသီးမှ ရောဂါသည် အများစု နှင့် ၎င်းတို့၏ မိသားစု ဝင်များ လာရောက်နေထိုင်ကြသည်။ ဆေးကုသမှုခံယူကြသည်။ မိဘမရှိတော့သည့် ကလေးသူငယ်များလည်း ဂေဟာ တွင်ရှိ နေသည်။ ခိုကိုးရာမဲ့ရောဂါသည်များလည်း ထိုဂေဟာတွင်ပင် နေထိုင်ကြသည်။
“လူနာအသစ်တွေကတော့ပုံမှန်အတိုင်းပဲ ရောက်လာနေတုန်း။ ဆေးရဖို့အတွက်က တော်တော်လေးခက်ခဲတယ်။ အရင်က AZG အဖွဲ့က လူနာ ထောင်ချီ အတွက် ဆေးပေးနိုင်ပေမယ့် အခုဆိုရင်တခြား NGOs အသေးစားတွေဆီက ဆေးယူရ တယ်။ သူတို့တွေကလည်း တခါပေးရင် လူ အယောက် ၃၀ နဲ့ ၁၀၀ ကြားအတွက်ပဲ ဆေးပေးနေတာ။ ပညာပေးမှု၊ ဆေးဝါး ရရှိမှုအပိုင်းက တခါတည်း ပြိုင်တူလုပ်မှ ရောဂါကို ထိန်းချုပ်လို့ရမှာ။ အမေရိကန်လိုနိုင်ငံတောင် ရောဂါဖြစ်သူ တနှစ်ကို ၅၀၀၀ လောက်တိုးနေတာ ကျမတို့နိုင်ငံမှာဆို စဉ်းစားသာကြည့်ပေတော့”ဟု မဖြူဖြူသင်းကဆိုသည်။
HIV နှင့်ပတ်သက်သည့် ဗဟုသုတများ ပြည်သူလူထုတွင်အားနည်းဆဲဖြစ်ပြီး အစိုးရ၏ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ပညာပေးမှုအပိုင်းမှာလည်း အားနည်းနေကြောင်း၊ ဗဟုသုတအားနည်း၍ လူ့အသိုင်းအဝိုင်းက ဝေဒနာရှင်များကို ရှောင်ဖယ်နေကြဆဲဖြစ်ကြောင်း သူက ဆိုသည်။
“လူထုတွေက လူနာတွေကို ခွဲခြားဆက်ဆံမှုကတော့ အရင်အတိုင်းနီးပါးပဲ။ လူနာတွေအတွက် ဒီဂေဟာလေးက သူတို့ဘဝဖြစ်သွားပြီ။ မပြန်ချင်ကြတော့ဘူးဖြစ်နေတော့ လူတွေကြားထဲပြန်ဝင်နိုင်အောင်တွန်းအားပေးရတယ်။ ကျမ မြင်သလောက် ရောဂါသည်တွေရဲ့ မိသားစုဝင်တွေကအစ လက်ခံတယ်ဆိုတာမရှိဘူး။ လိုလိုလားလားမရှိဘူး။ ပညာပေးမှု အပိုင်းကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်မှမလုပ်တာ။ လူထုကို ဒီရောဂါနဲ့ပတ်သက်ပြီး ပညာပေးမှု၊ ဆေးဝါးရရှိမှု တွေပြည့်စုံမှ အဆင်ပြေမှာ”ဟု မဖြူဖြူသင်းက ရှင်းပြသည်။
၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်အဖြစ် ဆောင်ရွက်ခဲ့သော မဖြူဖြူသင်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်အရ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ လွှတ်တော်အမတ်ဖြစ်လာပြီး နောက် ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအပြင် လွှတ်တော် နိုင်ငံရေးတာဝန်များကိုပါ ဆက်လက် ထမ်းဆောင်ရ ပြန်သည်။
“ပါတီက ညွှန်ကြားလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လုပ်ဖြစ်ခဲ့တာ။ ဥက္ကဋ္ဌဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်က ကျမ တို့ကို အလုပ်လုပ်ဖို့ပြောတယ်။ အောက်ခြေမှာဖြစ်တဲ့ ကိစ္စကို အောက်ခြေမှာပဲအပြတ်လုပ်ဖို့ မှာတယ်။ ကျမ က လွှတ် တော် မတက်ရတဲ့ အချိန်တွေဆို ကျမတာဝန်ယူထားတဲ့မြို့နယ်ကို ဆင်းပြီး ဘာတွေလုပ်သင့်တယ်။ ဘာတွေ အခက်အခဲ ရှိတယ် ဆိုတာ နားထောင်တယ်။ မေးတယ်။ ဆွေးနွေးတယ်”ဟု သူက ရှင်းပြသည်။
သူ၏ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းအတွင်း တာဝန်ယူထားသည့်မြို့နယ်အတွင်း အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လူထုသို့ ရှင်းပြခြင်း၊ မြို့နယ်နေသူများ၏ အခက်အခဲများနှင့်တင်ပြတောင်းဆိုလာသည့်အပေါ် သက်ဆို်င်ရာဌာနများနှင့် ပူးပေါင်းဖြေရှင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အပတ်စဉ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်နေသည်ဟု သူက ပြောသည်။
စစ်အာဏာရှင် လေမုန်တိုင်းကြီး မရှိတော့ချိန်တွင် သူ့ထံလာရောက်သည့် လူနာအရေအတွက် ပို၍ ပို၍ တိုးတက် လာ နေ ရာ လတ်တလော ဝေဒနာရှင်များ ပိုမို လက်ခံကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် အထပ်မြင့် နေရာသစ် အဆောက် အအုံ တခု ဆောက်လုပ်နေပြီး ယင်းဆောက်လုပ်ရေး အမြန်ပြီးစီးရေးအတွက် သူ တွန်း၍ လုပ်နေရသည်။
နေပြည်တော်တွင် လွှတ်တော်တက်ရင်း နိုင်ငံနှင့်လူထုအတွက် ဥပဒေပြုရေး တာဝန်များ ထမ်းဆောင်နေသော်လည်း သူ၏ အတွေးများတွင် HIV/AIDS ဝေဒနာရှင်တို့၏ အနာဂတ်အတွက် အချိန်စက္ကန့်အမျှ ရတက်မအေး တွေးတော ပူပန်နေဆဲဖြစ်သည်။