ပဲခူးတိုင်း မြို့နယ် ၈ မြို့နယ်ရှိ အစိုးရ စာသင်ကျောင်း တချို့၌ ဇွန်လ ၁ ရက်က စတင်သည့် လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တွင် အရှိုချင်းစာပေ သင်ကြားနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါမြို့နယ်များသည် ပဲခူးတိုင်းအရှေ့ပိုင်း ဒိုက်ဦး၊ ကျောက်တံခါးနှင့် အုတ်တွင်း မြို့နယ်၊ ပဲခူးတိုင်း အနောက်ပိုင်း ပြည်၊ ပေါက် ခေါင်း၊ ပန်းတောင်း၊ ဇီးကုန်းနှင့် အုတ်ဖိုမြို့နယ်များရှိ အရှိုချင်း ကျောင်းသား၊ ကျောင်းသူများ အများဆုံးရှိသည့် အစိုးရ စာသင်ကျောင်းများတွင် သင်ကြားသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်း အရှိုချင်း တိုင်းရင်းသား ဘာသာ၊ စာပေ နှင့် ယဉ်ကျေးမှု သင်ကြားရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဆလိုင်းအေးပိုင်က ဧရာဝတီသို့ ပြောသည်။
“အဓိက အရှိုချင်း တိုင်းရင်းသားစာပေကို သင်ကြားရတဲ့အကြောင်းက အရှိုချင်း တိုင်းရင်းသားလူမျိုးတွေဟာ ဗမာတဝက် ချင်း တဝက်တွေ ဖြစ်ကုန်တယ်၊ ကိုယ့်အမျိုးသားရေး ယဉ်ကျေးမှုနဲ့ ပတ်သက်လာရင် လေးလေးနက်နက် ဘာမှမရှိတော့ဘူး။ ငါတို့မှာ ကိုယ်ပိုင်စာပေရှိတယ်၊ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတယ်ဆိုပြီး ကိုယ့်အမျိုးကို ချစ်တတ်လာအောင် စာပေကနေတဆင့် ယဉ်ကျေးမှုတွေပါ တန်ဖိုးထားတတ်အောင် သင်ကြားရတာဖြစ်ပါတယ်”ဟု ဆလိုင်းအေးပိုင်က ပြောသည်။
မြို့နယ် ၈ မြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၇၉ ကျောင်းရှိ အရှိုချင်း ကျောင်းသား ၄၁၂၉ ဦးအား ဆရာ၊ ဆရာမ ၁၃၉ ဦးက အစိုးရကျောင်း စာသင်ချိန်ပြင်ပ အားလပ်ချိန်များတွင် အစိုးရကျောင်းဖွင့်ရက်များအတိုင်း တရက်လျှင် ၂နာရီ သင်ကြားပေးသွားမည် ဖြစ်ပြီး ထိုသို့ သင်ကြားမှု အတွက် ဆရာ၊ ဆရာမတဦးကို ၁ နာရီလျှင် ၅၀၀ ကျပ်နှုန်းဖြင့် အစိုးရက ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဆရာ၊ ဆရာမများကိုလည်း ဆရာဖြစ်သင်တန်းအဖြစ် ရက်တိုသင်တန်းများသာ သင်ကြားပို့ချပေးနိုင်ပြီး စတင်သင်ကြားခြင်း ဖြစ် သည့်အတွက် အခြေခံစာရေး၊ စာဖတ်ခြင်းကိုသာ အဓိကသင်ကြားသွားမည် ဖြစ်ကြောင်း၊ အရှိုချင်း စာပေသင်ကြားခွင့် ရရှိရေး အတွက်သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမှကူညီပံ့ပိုးပေးသည့်အတွက် အခက်အခဲမရှိကြောင်း ဆလိုင်းအေးပိုင် ကဆက်ပြောသည်။
“အရှိုချင်း စာပေယဉ်ကျေးမှုကို ဖော်ထုတ်တဲ့အခါ ကျနော်တို့အနေနဲ့ကတော့ အခက်အခဲသိပ်မတွေ့လှဘူးလို့ ဆိုရမှာပဲ၊ ပြီးခဲ့ တဲ့ ၂၀၀၇-၂၀၀၈ ထဲက ချင်းရိုးရာ၊ ချင်း အမျိုးသားနေ့တွေကို ကျင်းပတဲ့အခါ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို ဖိတ်ကြား တယ်၊ အစိုးရသစ်လက်ထက်မှာလည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ တိုင်းရင်းသားတွေကို ကူညီဖို့ ပြောတဲ့အခါ ကူညီကြတယ်။ မြို့နယ်အဆင့် ပညာရေးမှူးတွေရော အားလုံးက ကူညီလို့သာမန် မိမိအစီအစဉ်နဲ့သွားတာ ထက် ပိုပြီးပေါက်ရောက်တာ များလို့ ကျနော့်အနေနဲ့တော့ အခက်အခဲမရှိပါဘူး”ဟု ဆလိုင်းအေးပိုင်က ဆက်ပြောသည်။
အရှိုချင်း လူမျိုးအများစုသည် မကွေးတိုင်းအတွင်း နေထိုင်သူအများဆုံးဖြစ်ပြီး အရှိုချင်းစာပေကို အစိုးရကျောင်းများတွင် တရားဝင် သင်ကြားခွင့်သည် ပဲခူးတိုင်းတခုသာ ပထမဆုံးရရှိခြင်းဖြစ်ပြီး မကွေးတိုင်းအတွင်း သင်ကြားခွင့်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများပေါ်တွင် မူတည်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အရှိုချင်း အက္ခရာများသည် မြန်မာ ဗျည်းအက္ခရာများနှင့် ပိုးကရင်စာပေ အက္ခရာများ ပေါင်းစပ်ထားသည့် စာပေဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်က စတင်အသုံးပြုခဲ့သည့် စာပေဖြစ်ကြောင်း၊ လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်များတွင် Grate 1(ပထမ တန်း)၊ Grate 2(ဒုတိယတန်း) နှင့် Grate 3(တတိယတန်း) ပြဋ္ဌာန်းစာအုပ်များဖြင့် တိုးမြှင့်သင်ကြားသွားရန် စီစဉ်ထားကြောင်း သိရ သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှစ၍ ကရင်တိုင်းရင်းသား စာပေကို အစိုးရ စာသင်ကျောင်းများတွင် စတင်သင်ကြားခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အရှိုချင်းစာပေသည် ဒုတိယ သင်ကြားခွင့်ရသည့်တို င်းရင်းသားစာပေဖြစ်ကြောင်း ဆလိုင်းအေးပိုင် က ပြောပြသည်။