ရှမ်းပြည်နယ် တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ မြေသိမ်းခံရ၍ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ သေဆုံးခဲ့သည့် ဦးမြင့်အောင်၏ တူမ ၂ ဦးကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က အမှုဖွင့်ထားကြောင်း သိရသည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကျောက်နီစိုက်ကွင်း တာဝန်ခံ ဗိုလ်ကြီး ဝင်းထွန်းအောင်က တရားလိုအဖြစ် ဦးမြင့်အောင်၏ တူမ မမော်မော်ဦးနှင့် မစန်းမြင့်တို့ကို ပိုင်နက် ကျူးကျော်မှုနှင့် အကျိုးစီးပွားပျက်စီးစေသည့် အမှုတို့ဖြင့် ရွှေညောင် ရဲစခန်းတွင် တရားစွဲဆို အမှုဖွင့်ခြင်းဖြစ်ကြောင်း မမော်မော်ဦးက ဧရာဝတီကို ပြောသည်။
“မနေ့ ညနေပိုင်းက ရွှေညောင်ရဲစခန်းမှူးနဲ့ ရဲအုပ်တဦး ကျမအိမ်ကို လာပြီး ကျမတို့ကို ရှာတယ်။ ကျမက အပြင်ရောက်နေတော့ သူတို့နဲ့ မတွေ့လိုက်ဘူး။ အခုလည်း ကျမရဲ့အိမ်မှာ မဟုတ်ဘူး။ သူတို့တွေက ပြောလို့ မရဘူး။ ဖမ်းရင်လည်း ဖမ်းသွားနိုင်တယ်”ဟု မမော်မော်ဦးက ဆိုသည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ပိုင် စိုက်ကွင်းတွင် သွားရောက် စိုက်ပျိုးနေသည်မှာ မိမိတို့ ၂ ဦးတည်း မဟုတ်ကြောင်း၊ တခြားရွာသား များ ပါဝင်သော်လည်း တရားစွဲဆိုခြင်း မရှိဘဲ ၎င်းတို့ကို ဦးမြင့်အောင်၏တူမဖြစ်၍ တရားစွဲဆိုခြင်း ဖြစ်နိုင်ကြောင်းလည်း မမော်မော်ဦး က ဆက်ပြောသည်။
လက်ရှိအချိန်ထိ တရားစွဲဆိုထားသည့် တိုင်စာ မရောက်ရှိသေးကြောင်း၊ တိုင်စာရောက်ရှိလာပါက ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း မမော်မော်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေညောင်ရဲစခန်းသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် စခန်း တာဝန်ကျ ရဲဝန်ထမ်း တဦးက“အမှုဖွင့်တယ် ဆိုတာကတော့ သိတယ်။ ဘယ်နေ့က လာဖွင့်လဲဆိုတာတော့ သေချာမသိဘူး။ ကျနော်တို့က တာဝန် အပြောင်းအလဲရှိတော့ ကျနော် မသိဘူး။ ပုဒ်မလည်း ဘယ်လောက် ဆိုတာ မသိဘူး။ တာဝန်မှူးတွေက တနေ့တယောက် ဝင်နေရတော့ လေ။ တရားခံ ဘယ်သူလဲ ဆိုတာမသိဘူး။ ဗိုလ်ကြီး ဝင်းထွန်းအောင် လာဖွင့်တာပဲ သိတယ်။ စခန်းမှာ ကျနော် တယောက်တည်း ရှိတဲ့အတွက် အဲဒီအမှုဖွင့်တာနဲ့ ပတ်သက်ပြီး ကျနော်အသေးစိတ် သေချာပြန်မကြည့်နိုင်ဘူး”ဟု ပြန်လည် ဖြေကြားသည်။
အမှုဖွင့်ထားသည့် ရဲစခန်းရှိ တိုင်စာကို ကြည့်ခြင်းအားဖြင့် ယခင်လ ၂၁ ရက်မှ စ၍ ဦးမြင့်အောင်၏ တူမ၂ ဦးကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကျောက်နီစိုက်ကွင်း တာဝန်ခံ ဗိုလ်ကြီး ဝင်းထွန်းအောင်က ရွှေညောင် ရဲစခန်းတွင် တရားစွဲဆိုထားခဲ့ကြောင်း၊ တခြားရွာသားများ သွားရောက် စိုက်ပျိုးသော်လည်း မီးရှို့ဆန္ဒပြသည့် ဦးမြင့်အောင်၏ တူမများ ဖြစ်သည့်အတွက် ပိုနှိပ်ကွပ်သည်ဟု ယူဆကြောင်း တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဧရာဝတီကို ပြောသည်။
“စိုက်တဲ့ သူတွေက အများကြီးပဲ၊ ဦးမြင့်အောင်ရဲ့ တူမ နှစ်ယောက်ကိုပဲ ဆွဲတာ။ တခြားသူတွေ မပါဘူး။ ပုဒ်မ ၄၂၇၊ ၄၄၇ က အာမခံ လျှောက်လို့ရတဲ့ ပုဒ်မလေ။ သူတို့ အာမခံရဖို့ တရားရုံးမှာ အမှု ရင်ဆိုင်မယ်”ဟုလည်း ဦးတင်မောင်တိုးက ဆိုသည်။
လယ်မြေသိမ်းဆည်း ခံထားရသည့် ဒေသခံ ကျေးရွာသား အသက် ၆၂ အရွယ် ဦးမြင့်အောင်က မေလ ၂၁ ရက်တွင် ကိုယ့်ကိုယ် ကိုယ် ဓာတ်ဆီဖြင့် မီးရှို့၍ မြေသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့မှုကြောင့် မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်၌ တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ လယ်ယာမြေ ဧကပေါင်း များစွာကို ၂၀၀၄ ခုနှစ်က မတရားသိမ်းယူခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြေသိမ်းယူပြီးနောက် လယ်ယာမြေများကို တပ်နှင့် နီးစပ်သော စီးပွားရေး ကုမ္ပဏီများထံသို့ အငှားချခဲ့သည့်အပြင် မြေယာတချို့ကို အပြီးအပြတ် ရောင်းစားခဲ့သည်ဟုလည်း ၎င်းတို့က ဆက်လက်ပြောပြသည်။