ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည့် ၃၂ မြို့နယ်ရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများမှာ ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ မှားယွင်းနေသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) က စစ်ဆေးတွေ့ရှိသည်ဟု သတင်းရရှိသည်။
NLD ၏ မဲစိစစ်ရေးအဖွဲ့များက UECက ထုတ်ပြန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းများကို စစ်ဆေးရာတွင် ထိုသို့ မှားယွင်း နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မှားယွင်းကြောင်းကို UEC အား ဇွန်လ ၃ ရက်တွင် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။ NLD က ၎င်း၏ အိတ်ဖွင့်ပေးစာတွင် “UEC က မမှားသင့်သော အမှားများကို မှားသည် “ ဟု ဆိုထားသည်။
UEC မှာ အခြေခံမဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။
ပထမအကြိမ်ကို မတ်လတွင် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ရှိ ဗိုလ်တထောင်မြို့နယ်၊ပုဇွန်တောင် မြို့နယ်၊ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ဒဂုံမြို့နယ်၊လသာမြို့နယ်၊ကျောက်တံတားမြို့နယ် ၊လမ်းမတော်မြို့နယ် ၊ ကမာရွတ်မြို့နယ်နှင့်ဆိပ်ကြီး ခနောင်တိုမြို့နယ်များ ပါဝင်သည်။
ဒုတိယအကြိမ်ကို မေလ ၂၅ ရက်ကထုတ်ပြန်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ဒဂုံ မြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင် မြို့နယ်တို့ပါဝင်ပြီး နေပြည်တော် ကောင်စီနယ်မြေမှ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိမြို့နယ်တို့ ပါဝင်သည်ဟု သိရသည်။
အထက်ပါ မြို့နယ်များရှိ အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်အများစု၏ မွေးနေ့နှင့် မွေးလမှာ ဇွန်လ ၃၀ ရက်ဟု တူညီ နေသည်ကို တွေ့ရှိရသည်ဟု NLD က အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။
အခြေခံမဲဆန္ဒရှင်စာရင်းများတွင် ပုံစံ ၆၆/၆ ( အိမ်ထောင်စုစာရင်း) တွင် စာရင်းမပါရှိဘဲ ယာယီအိမ်ထောင်စု ဇယားဖြင့် နေထိုင်သူတို့၏ အမည်စာရင်းများ ပါရှိနေခြင်းနှင့် အသက် (၁၈) နှစ် ပြည့် မှတ်ပုံတင် မရှိသေးသူများ၏အမည်စာရင်းများ ပါဝင်နေသည်ကို တွေ့ရှိရသည်ဟု NLD က ဆိုထားသည်။
ရွေးကောက်ပွဲနည်းဥပဒေ၊ အခန်း(၃) ၊ ပုဒ်မ (၅) တွင် မဲစာရင်းပြုစုရာ၌ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနကလည်းကောင်း ပြုစုထားသည့် လူဦးရေ စာရင်း (အိမ်ထောင်စုစာရင်း) ကို အခြေခံပြီး ပြုစုရမည်ဟု သတ်မှတ်ထားပြီး ဖြစ်သည်။
ယာယီအိမ်ထောင်စုဇယားနှင့် နေထိုင်သူများမှာ အခြေခံမဲဆန္ဒရှင်စာရင်းတွင် ပါဝင်မည်မဟုတ်ပေ။ ထိုသူတို့မှာ ၎င်းတို့ အိမ်ထောင်စုဇယားရှိသည့် မြို့နယ်တွင် မဲဆန္ဒရှင်အဖြစ် စာရင်းပါဝင်မည်ဖြစ်ပြီး ၎င်းတို့ အိမ်ထောင်စုဇယားရှိသည့် နေရပ်ကို မပြန်နိုင်ပါက အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ရက် ၃၀ အလိုတွင် ယာယီအိမ်ထောင်စုဇယားဖြင့် ၎င်းတို့ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ မဲပေးခွင့် သွားရောက်လျှောက်ထားရမည် ဖြစ်သည်ဟုလည်း ရွေးကောက်ပွဲ နည်းဥပဒေတွင် ပါရှိသည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်က အခြေခံမဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန် ကြေညာရာတွင် အုပ်ချုပ်ရေးမှူး ရုံးခန်းများတွင် ကပ်ထားပြီး ထိုအခန်းများကို တံခါးများ ပိတ်ထားသဖြင့် အများပြည်သူမှာ လာရောက် ကြည့်ရှုရန် မလွယ်ကူဟုလည်း NLD အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
UEC မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက “ မှားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်၊ အများကြီး ရှိပါတယ်၊ အခြေခံမဲ ဆန္ဒရှင်စာရင်းကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးကနေ ယူတယ်၊ကျနော်တို့ဆီက အချက်အလက်တွေကို Updat မလုပ်ထား တော့ မှားယွင်းတာ ဖြစ်နိုင်ပါတယ် “ ဟု ဧရာဝတီကို ပြောသည်။
မဲဆန္ဒရှင်စာရင်းများကို ရပ်/ကျေးကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံကောက်ခံ စာရင်းပြုစုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်များက မဲစာရင်းပြုစုသည့် ဇယားများဖြင့် စာရင်းသွင်းသည်ဟု သိရသည်။
အခြေခံမဲဆန္ဒရှင်စာရင်းတွင် NLD ပြောဆိုသကဲ့သို့ မှားယွင်းမှုများရှိသည့် အပြင် မဲစာရင်းကောက်သူများ၏ လုပ်ငန်းမ ကျွမ်းကျင်မှု အရ ပုံစံ ၆၆/၆ ( အိမ်ထောင်စုစာရင်း)နှင့် နေထိုင်နေသူများ၏ အမည်စာရင်းများ မပါရှိသည် တို့လည်း ရှိသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဝင်းမြင့်ဦးက ဧရာဝတီကို ပြောသည်။
ဦးဝင်းမြင့်ဦးက “ စာရင်းသွင်းတဲ့အခါ နားကြားမှားတာနဲ့ ကောက်လာတဲ့ လက်ရေးကို ဖတ်တာ တမျိုးဖြစ်သွားတာတွေ ရှိတယ်၊ စာရွက်တွေ ထပ်ပြီး ကျော်သွားတာတွေလည်း ရှိပါတယ် “ဟု ဧရာဝတီကို ပြောသည်။
အခြေခံမဲဆန္ဒရှင်စာရင်းများကို ဇွန်လအတွင်း နှစ်ကြိမ်ထပ်မံ ထုတ်ပြန်ဦးမည်ဟုလည်း သိရသည်။
UEC ကတော့ စာရင်းများကို ပြန်လည်စိစစ်ကာ အထွေထွေရွေးကောက်ပွဲမတိုင်မီ မှန်ကန်အောင် ပြုလုပ်သွားမည်ဟု လည်း ဧရာဝတီကို ပြောသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အောက်တိုဘာလကုန် ၊နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပတော့မည်ဖြစ်သည်။