ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဖမ်းဆီးမိခဲ့သည့် လှေစီး ဒုက္ခသည် ၇၃၃ ဦးတွင် မြန်မာနိုင်ငံ ဘက်မှ ဘင်္ဂါလီလူမျိုး ၁၈၇ ဦး ပါဝင် နေကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက) ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီသို့ ပြော သည်။
ဖမ်းဆီးရမိသူများကို ယခုအခါ ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ် အတွင်းသို့ ပို့ဆောင်ထားပြီး လဝက ဒုဝန်ကြီး ဦးဝင်းမြင့် ခေါင်းဆောင်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများက မေလ ၄ ရက်တွင် ယင်းလှေစီးသူများကို သွားရောက် စစ်ဆေးအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ဦးခင်စိုး က ရှင်းပြသည်။
ဦးခင်စိုးက“ကျနော်တို့ မြန်မာဘက်က ဘင်္ဂါလီလူမျိုး တချို့ ပါနေတယ် ဆိုတာ ဟုတ်ပါတယ်။ ကျန်တာကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကပါ။ စိစစ်မှုတွေလုပ်ပြီး တဘက်နိုင်ငံကို အမြန်ဆုံး လွှဲပေးနိုင်ရေးအတွက် လုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီလူမျိုး ၁၈၇ ဦးတွင် ကလေး(ကျား) ၂၈ ဦး၊ (မ) ၁၅ ဦး စုစုပေါင်း ၄၃ ဦး၊ လူကြီး(ကျား) ၈၂ ဦး၊ (မ) ၆၂ ဦး စုစုပေါင်း ၁၄၄ ဦး တို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅၄၆ ဦး ဖြစ်ကြောင်း ရခိုင်ပြည်နယ် လဝက က ပြောပြသည်။
ယင်းလှေစီးသူများထဲမှ အမျိုးသားများကို နယ်စပ်ခြံစည်းရိုး စခန်းဟောင်းတခု ဖြစ်သည့် မိုင်တိုင်အမှတ် (၃၇)တွင် ထားရှိ၍ စစ်ဆေး မှုများ ပြုလုပ်နေပြီး အမျိုးသမီးများနှင့် ကလေးများကို ယခင် လှေစီးဒုက္ခသည် ၂၀၀ ထားရှိသည့် တောင်ပြိုလက်ဝဲမြို့ ယာယီ ကယ်ဆယ်ရေး စခန်းတွင် ထားရှိကြောင်း တောင်ပြိုလက်ဝဲမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
ယင်းဝန်ထမ်းက“အခြေအနေက လှေစီးဒုက္ခသည်တချို့ကို အခု ကားတွေနဲ့ ၃၇ မိုင်ကို ပြောင်းရွှေ့ပေးနေပါတယ်။ ဘယ်တော့ လွှဲမလဲ ဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး။ သူတို့ကို ကျွေးမွေးရတဲ့ ကုန်ကျစရိတ်တွေကတော့ တော်တော်များနေပါပြီ”ဟု ပြောသည်။
အဆိုပါလှေစီး ဒုက္ခသည်များသည် ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်နယ် မောင်တောခရိုင် ကညင်ချောင်း ဆိပ်ကမ်းသို့ ဇွန်လ ၃ ရက် တွင် ရောက်ရှိခဲ့ပြီး ထိုမှတဆင့် တောင်ပြိုလက်ဝဲ နယ်စပ်စခန်းများသို့ ပို့ဆောင်ပြီး စစ်ဆေးမှုများ လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မောင်တောခရိုင် လူမှုအဖွဲ့အစည်းမှ ဦးခင်မောင်သန်း ဆိုသူက“ကျနော်သွားကြည့်တော့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကွပ်ကဲရေးမှူးတို့နဲ့တွေ့တယ်။ သူတို့က အစောဆုံး အမြန်ဆုံး ပြန်ပို့ပေးမှာပါလို့ ပြောတယ်။ သူတို့ အလျင်မြန်ဆုံး ပြန်ပို့ပေးမယ် ဆိုတာက ဘင်္ဂလား ဒေ့ရှ် ဘက်က လက်ခံဖို့ လိုသေးတယ်”ဟု ပြောသည်။
၎င်းလှေစီးသူများအား ရခိုင်ပြည်နယ်တွင် လာရောက်ထားရှိခြင်းနှင့် ပတ်သက်ပြီး မောင်တောခရိုင် လူမှုအဖွဲ့အစည်းများက ဇွန်လ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် ယခုကဲသို့ လှေစီးသူများအား မောင်တောမြို့နယ်တွင် လာရောက်ထားရှိခြင်းကို လက်မခံနိုင်ကြောင်း၊ အစိုးရအနေဖြင့် အရေးတယူ ဖြေရှင်းမပေးပါက မောင်တော ဒေသခံများ စုပေါင်းပြီး အစိုးရ အပါအဝင် UNHCR လိုနိုင်ငံတကာ အဖွဲ့အစည်းများကို ဆန္ဒပြ ကန့်ကွက်သွားမည်ဟု ပါရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောနယ်စပ်သို့ ထပ်မံရောက်ရှိလာသော လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဒမင်း ဆိပ် ကျေးရွာ အရှေ့ဘက် ရေမိုင် ၃၀ ခန့် အကွာအဝေးတွင် တပ်မတော်(ရေ)က မေလ ၂၉ ရက်တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။