အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တမျိုးဖြစ်သော MERS (မားစ်)ရောဂါ ပြည်တွင်းသို့ ဝင်ရောက် ကူးစက်မှု မဖြစ်စေ ရေး နိုင်ငံတကာ အဝင်အထွက် ဂိတ်များတွင် စောင့်ကြည့်မှုများ တိုးမြှင့် လုပ်ဆောင်နေကြောင်း ကျန်းမားရေးဝန်ကြီးဋ္ဌာနက ပြော သည်။
ယခုအခါ မားစ်ရောဂါ ဖြစ်ပွားနေသည့် တောင်ကိုရီးယားနိုင်ငံတွင် ရောဂါ ကူးစက်ခံနေရသူ ၂၅ဦး အထိ ရှိနေပြီး ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ထို့ကြောင့် မားစ်ရောဂါ ဖြစ်ပွားနေသည့် တောင်ကိုရီးယားနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဝင်ရောက် လာသူများကို အထူး ကြပ်မတ်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရောဂါလက္ခဏာ မတွေ့ရှိသူများကိုလည်း အနည်းဆုံး ၁၄ရက်ခန့်အထိ စောင့်ကြည့်မှုများ လုပ်ဆောင်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာန ညွန်ကြားရေးမှူး(ကူးစက်) ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာသန်းထွန်းအောင်က“မားစ်ရောဂါ လက္ခဏာပြတဲ့ လူတော့ တွေ့တာ မရှိသေးဘူး၊ ကျနော်တို့ လေဆိပ်တွေ၊ နယ်စပ် ဝင်ပေါက်တွေအားလုံး စစ်ဆေးတာတွေ လုပ်နေတယ်”ဟု ပြောသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ၂၀၁၂ခုနှစ်မှ စတင်ပေါ်ပေါက်လာသည့် မားစ်ရောဂါမှာ ဥရောပနှင့် အာရှနိုင်ငံ များကို ကူးစက်ခဲ့ပြီး ယခုနှစ် ဇွန်လ ၃ရက်နေ့အထိ ရောဂါဖြစ်ပွားနေသူ ၁၁၇၂ ဦးတွင်သေဆုံးသူ ၄၄၂ ဦးရှိလာပြီဖြစ်ကြောင်း ကူးစက်ရောဂါ ထိန်းချုပ် ရေးအတွက် ဖွဲ့စည်းထားသည့် လူဝင်မှုဆိုင်ရာ ဆိပ်ကမ်း ကျန်းမာရေးဌာန တာဝန်ခံ ဒေါက်တာ ဉာဏ်ဝင်းမြင့်က ပြောသည်။
ဒေါက်တာ ဉာဏ်ဝင်းမြင့်က“ကျနော်တို့က အီဘိုလာ၊ ကြက်ငှက်တုပ်ကွေး၊ မားစ် စတဲ့ ကူးစက်ရောဂါတွေကို စောင့်ကြည့်မှုတွေ လုပ်နေတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်ရောဂါ စောင့်ကြည့်စစ်ဆေးမှုများကို အပူလှိုင်း ပုံဖော်စက် ၂လုံး တပ်ဆင်ကာ ဆောင်ရွက်လျက်ရှိပြီး ရောဂါ လက္ခဏာ သံသယရှိသူများတွေ့ရှိပါက ဝေဘာဂီ ကူးစက် ရောဂါ အထူးကု ဆေးရုံသို့ ပို့ဆောင်ကာ စမ်းသပ် ကုသမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျန်းမာရေး အရာရှိများက ပြောသည်။
မားစ်ကူးစက် ရောဂါလက္ခဏာများ အနေဖြင့် အပြင်းဖျားခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် ပြင်းထန်စွာ ချောင်းဆိုး ခြင်းများ ဖြစ်ပွားတတ်ပြီး ပြည်သူများ အနေဖြင့်လည်း ရောဂါ လက္ခဏာများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သတိပေးပြောကြားသည်။
ကူးစက်ရောဂါများနှင့် ပတ်သက်၍ လေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်စစ်ဆေးမှုများပြုလုပ် ခဲ့ရာတွင် ၂၀၁၄ ခုနှစ်တွင် ဖျားနာနေသည့် သံသယရှိသူ ၉၀ ခန့် တွေ့ရှိခဲ့ရပြီး အီဘိုလာ လက္ခဏာဟု သံသယ ရှိသဖြင့် သဘောၤသား ၄ ဦးကို ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်၍ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူးသည်။
မားစ်ကူးစက်ရောဂါ ပြန့်ပွားနေသည့် နိုင်ငံများသို့ ထွက်ခွာမည့် ပြည်တွင်းမှ ခရီးသည်များအနေဖြင့်လည်း ရောဂါနှင့် ပတ်သက် သည့် နေထိုင်စားသောက်မှုပုံစံ သိသင့်သိထိုက်သည့်အချက်များကို ပညာပေး လုပ်ဆောင်မှုများလည်း တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနက ပြောသည်။