မြန်မာနိုင်ငံ ၏ နိုင်ငံပိုင် တွင်းထွက်ကဏ္ဍ လုပ်ငန်းများ ပွင့်လင်း မြင်သာမှု အဆင့်အတန်း သတ်မှတ်ရာတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသဖြင့် ပွင့်လင်းမြင်သာမှု မရှိသေးကြောင်း သိရသည်။
ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ လုပ်ငန်းပေါင်း ၄၅ ခု၏ ပွင့်လင်းမြင်သာစွာ အရင်းအမြစ် စီမံအသုံးချမှုအတွက် အမှတ်ပေး ဇယား ပြုစုရာတွင် မြန်မာနိုင်ငံသည် အဆင့် ၄၄ တွင် ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် NRGI(Natural Resource Governance Institute)က ပြောဆိုသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ့ တွင်းထွက်ကဏ္ဍ အခြေအနေများကို ကြိုတင် လေ့လာတွေ့ရှိချက်များ ဆွေးနွေးပွဲတွင် ၂၀၁၂ ခုနှစ်က NRGI ၏ တွေ့ရှိချက် ကို NRGI မှ ဥပဒေနှင့် စီးပွားရေးရာ အရာရှိ မစ္စတာ ပက်ထရစ် ဟယ်လာက ယင်းဆွေးနွေးပွဲသို့ တက် ရောက်လာသည့် သတင်းမီဒီယာများအား ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)သည် ဝင်ငွေ၊ ထွက်ငွေနှင့် လုပ်ငန်းပိုင်း ဆိုင်ရာများ၊ ရင်နှီးမြှုပ်နှံမှု စီမံကိန်းများတွင် ပွင့်လင်း မြင်သာမှု မရှိခြင်း၊ အများပြည်သူ သိသင့်သည့် သတင်း အချက်အလက်များအား လုံလောက်စွာ ထုတ်ပြန်မှု မရှိခြင်းတို့ကြောင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း NRGI က ပြောသည်။
မစ္စတာ ပက်ထရစ် ဟယ်လာက“ဘယ်လောက်ထုတ်လို့ ဘယ်လောက်ဝင်တယ်။ နောက်လက်ကျန် ဘယ်လောက် ရှိသလဲ။ အဲဒါတွေကို အများပြည်သူ သိအောင် အချိန်မီ ထုတ်ပြန်တာ၊ ဒါမှမဟုတ် ပြည့်ပြည့်စုံစုံ ထုတ်ပြန်တာမရှိလို့ အဲဒီလောက် အခြေအနေ ဆိုးသွားတာ ဖြစ်ပါတယ်”ဟု ဆက်ပြောသည်။
စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က NRGI ၏ အဆင့် သတ်မှတ်မှုသည် ၂၀၁၂ ခုနှစ်မှ စာရင်း ဇယား များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေကို ကိုယ်စားမပြုနိုင်သည့်အတွက် မှတ်ချက်မပေးလိုကြောင်း ဧရာဝတီသို့ ပြောသည်။
ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ စံသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်ရန် ကြိုးစားလျက် ရှိသည့်အတွက် တွင်းထွက်ကဏ္ဍတွင် ပွင့်လင်းမြင်သာမှု ပိုမိုတိုးတက်မှု ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဦးဌေးအောင်က ပြောဆိုသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ တွင်းထွက် တူးဖော်ရေး ပွင့်လင်းမြင်သာမှု (Extractive Industry Transparency Initiative – EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင်ကတည်းက ပါဝင်ခဲ့သည်။
သို့သော် မစ္စတာ ပက်ထရစ် ဟယ်လာက မြန်မာ အစိုးရသည် သတ္တုတွင်း လုပ်ငန်းများကို လွတ်လပ်သည့် ပြင်ပ စာရင်းစစ်များဖြင့် စစ်ဆေးခြင်း၊ စာရင်းစစ် ရလဒ်များကို ထုတ်ပြန်ခြင်း၊ အစိုးရ အဖွဲ့အတွင်း အစီရင်ခံခြင်း၊ ဌာနချင်း ဆက်နွယ်မှုများကို ဥပဒေဖြင့် ရှင်းလင်းစွာ ပြဌာန်းထားခြင်းမျိုးလည်း မတွေ့ရကြောင်း ပြောသည်။
ထို့ကြောင့် နိုင်ငံပိုင် လုပ်ငန်းများတွင် လွတ်လပ်သော ကျွမ်းကျင် ပညာရှင်များနှင့် ဖွဲ့စည်းထားသော စည်းကမ်း ကြပ်မတ်သည့် ဘုတ်အဖွဲ့များ ရွေးချယ်ရန် လိုအပ်ကြောင်း NRGI က အကြံပြုသည်။
နိုင်ငံပိုင် ရေနံနှင့် သတ္ထုတွင်း လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အဓိက ပါဝင်သော်လည်း ပြည်သူ့ အသုံးစရိတ် တွင် နိုင်ငံပိုင် တွင်းထွက်လုပ်ငန်းမှ ထည့်ဝင်မှုသည် ၁၅ ရာခိုင်နှုန်းသာရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ NRGI က ပြောသည်။
NRGI ၏ သုတေသန ပြုစုချက်များတွင် နိုင်ငံပိုင် လုပ်ငန်းများ၏ အားနည်းချက်များအဖြစ် အခွန်ကောက်ခံမှု လျော့လျဲခြင်း၊ စီမံကိန်း တိုးတက်မှု နှောင့်နှေးခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာများကို နိုင်ငံသားများအား ပွင့်လင်းမြင်သာစွာ ချပြနိုင်မှု မရှိခြင်း၊ ပတ်ဝန်း ကျင် ထိန်းသိမ်းမှုအတွက် စံသတ်မှတ်ချက် နိမ့်ကျခြင်း၊ အကျင့်ပျက် လာဘ်စားမှုများ ရှိခြင်းနှင့် ဗဟိုချုပ်ကိုင်မှုများ ရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
တွင်းထွက်လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါက အားသာချက်များအဖြစ် နိုင်ငံသားများ လုပ်ငန်း ကျွမ်းကျင်မှု ရှိခြင်း၊ ကာလ ရှည်စွာ နိုင်ငံပိုင် စီးပွားရေးကို ထိန်းချုပ်နိုင်ခြင်းနှင့် ငွေကြေး အမြတ်ရခြင်း၊ လုပ်ငန်း ဖွံ့ဖြိုးရေး အရှိန်အဟုန်ကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း၊ ဒေသအကျိုးနှင့် စီးပွားရေး တိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ခြင်းတို့ ရရှိခံစားနိုင်မည် ဖြစ်ကြောင်း NRGI က ပြောသည်။
NRGI သည် မြန်မာနိုင်ငံရှိ နိုင်ငံပိုင်တွင်းထွက် လုပ်ငန်းစုများကို ၂၀၁၄ ခုနှစ်တွင် လေ့လာမှုများ စတင်ပြုလုပ်ခဲ့ပြီး မြန်မာ့တွင်းထွက် ကဏ္ဍ အခြေအနေ လေ့လာတွေ့ရှိချက်များကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အပြီးသတ် ထုတ်ပြန်နိုင်ရန် မျှော်မှန်းထားကြောင်း လည်း သိရသည်။