ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ထားရှိကြတဲ့ အခြေခံ ရည်မှန်းချက်တွေက တကမ္ဘာလုံးမှာ တပုံစံတည်းလိုလို ဖြစ်ပါတယ်။ အဆိုပါ ရည်မှန်းချက်တွေကတော့ ပြိုင်ဆိုင်မှုရှိသော နိုင်ငံရေးပါတီစုံစနစ်၊ အရည်အချင်း ပြည့်မီသူအားလုံး မဲပေးပိုင်ခွင့်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာရေး စသဖြင့်ပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီ ဖော်ဆောင်သူတွေအတွက် ပိုပြီးတိတိကျကျ ထားရှိရမဲ့ ရည်မှန်းချက် ပန်းတိုင်တွေကတော့ သူတို့ ပြုပြင်ပြောင်းလဲမယ့် အစိုးရဟာ ဘယ်လို အစိုးရမျိုး ဖြစ်မလဲဆိုတာအပေါ် အများကြီး မူတည်နေပါတယ်။
ပြောင်းလဲမယ်လို့ ရည်မှန်းထားတဲ့ အစိုးရစနစ်က သက်ဦးဆံပိုင် ဘုရင်စနစ်လား၊ ကွန်မြူနစ်စနစ်လား၊ စစ်အာဏာရှင် စနစ်လား ဆိုတာအပေါ် မူတည်ပြီးတော့ လုပ်ဆောင်ရမဲ့ ပြုပြင်ပြောင်းလဲမှု တွေကလည်း အကြီးအကျယ် ကွာခြားသွားမှာပါ။ ဒီဆောင်းပါးမှာတော့ စစ်အာဏာရှင်စနစ်ကို ပိုပြီးအလေးပေး ပြောသွားပါမယ်။ ဒီ့ထက်ပို တိတိကျကျ ဆိုရရင်တော့ စစ်အာဏာရှင် အုပ်ချုပ်ရေးအဖြစ်ကနေ အခြေတကျ ခိုင်မာသွားတဲ့ ဒီမိုကရေစီအဖြစ် အသွင် ကူးပြောင်းနိုင်ရေးဆိုတဲ့ အခက်ခဲ အရှုပ်ထွေးဆုံး ပြဿနာပါပဲ။ ဆိုလိုတာကတော့ တိုင်းပြည်ကို ကာလကြာရှည် အုပ်ချုပ်ခဲ့တဲ့ တပ်မတော်ကို ဒီမိုကရေစီနည်းကျ တပ်မတော်ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ ၊ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ ဒီမိုကရေစီအစိုးရကို သစ္စာခံတဲ့ တပ်မတော်ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ ဆိုတာပါ။
စစ်အုပ်ချုပ်ရေးအောက်မှာ ပီပီပြင်ပြင် ကျရောက်နေတဲ့ တခုတည်းသော နိုင်ငံဆိုလို့ ဒီနေ့ခေတ်မှာ ထိုင်းနိုင်ငံပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်ဆိုတဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ရပ်တည်ပြီး နိုင်ငံရေးစနစ်ကို လွှမ်းမိုးထားတဲ့ အဓိက အင်အားစုအဖြစ် စစ်တပ်တွေ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေ အများအပြားလည်း ရှိနေပါသေးတယ်။ အဲဒီအတွက် အကောင်းဆုံး ဥပမာတွေကတော့ အီဂျစ်နိုင်ငံနဲ့ ပါကစ္စတန်တို့ပါ။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ကနေ တခြားနိုင်ငံရေး စနစ်တစ်ခုကို အသွင်ကူးပြောင်းဖို့ လုပ်ဆောင်နေတဲ့ တိုင်းပြည်တွေ အနေအထားကို ဒီအက်ဆေးမှာ အလေးပေး ပြောသွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီနိုင်ငံတွေက ဖီဂျီနဲ့ မြန်မာနိုင်ငံတို့ ဖြစ်ကြပြီး အပြောင်းအလဲတွေက အထိအခိုက်မခံတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံ အကြောင်းကို ပိုပြီးလေ့လာသွားပါမယ်။
မြန်မာနိုင်ငံကို ကျနော်သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း အတိုက်အခံ ခေါင်းဆောင်တွေ ထပ်ကာတလဲလဲ ညည်းညူတတ်ကြတာက ၂၀၁၁ ခုနှစ်ကနေစပြီး ဗိုလ်ချုပ်ကြီးတွေ လုပ်ဆောင်ထားတဲ့ နိုင်ငံရေးတံခါးဖွင့်မှုက နောက်ကြောင်းပြန်လှည့်သွားနိုင်တယ် ဆိုတာပါ။
ဒီနေရာမှာမေးရမှာက နိုင်ငံရေးကနေ စစ်တပ်တွေ ဆုတ်ခွာသွားပြီးချိန် တခြားနိုင်ငံတွေမှာရော အချိန်မရွေး နောက်ကြောင်း ပြန်လှည့်နိုင်ခဲ့ကြလား ဆိုတဲ့မေးခွန်းပါ။ တကယ်တော့လည်း အခြေကျခိုင်မာသွားပြီးသား ဒီမိုကရေစီ နိုင်ငံတွေမှာတောင် စစ်သားတွေက နိုင်ငံရေးမှာ ပါဝင်စွက်ဖက်ချင်စိတ် ဒါမှမဟုတ် သူတို့မှာရှိထားတဲ့ လက်နက်ကိုသုံးပြီး အရပ်သားတွေကို အနိုင်ယူချင်စိတ် ရှိနေနိုင်ပါသေးတယ်။ ဒါပေမဲ့ သူတို့ဆန္ဒရှိသလို လုပ်မလာနိုင်အောင် အချက် ၂ ခုက စစ်သားတွေကို တားမြစ်ထားနိုင်ပါတယ်။ (၁) အရပ်သား အုပ်ချုပ်ကို သစ္စာစောင့်သိ နာခံသွားခြင်း။ (၂) နိုင်ငံရေးမှာ ဗိုလ်ချုပ်ကြီးတွေ မပါဝင် မပတ်သက်နိုင်အောင် ထိထိရောက်ရောက် ဟန့်တားထားတဲ့ ထိန်းချုပ်ရေးယန္တရားကို နိုင်ငံတော်က တည်ဆောက်ထားနိုင်ခြင်းတို့ပါ။ ဒါကြောင့်မို့ စစ်ဖက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီသမားတွေ ထားရှိရမဲ့ အခြေခံ ရည်မှန်းချက်တွေက ဒီမိုကရေစီ အစိုးရကို ထောက်ခံလာမဲ့ တပ်မတော်သားတွေကို မွေးထုတ်ပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံရေးမှာ စစ်တပ်မပါဝင် မပတ်သက်အောင် တားဆီးထားမဲ့ အင်စတီကျူးရှင်း အစီအမံတွေကို ရေးဆွဲ တည်ထောင်ရေး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးတေ ွအနေနဲ့ အခြေအနေ ၂ မျိုးနဲ့ ကြုံလာမှသာ နိုင်ငံရေးအာဏာကို စွန့်လွှတ်တတ်ကြပါတယ်။ ပထမ အခြေအနေကတော့ ဗိုလ်ချုပ်ကြီးတွေဟာ စွမ်းဆောင်ရည် မရှိကြောင်း ပေါ်လွင်သွား လူကြိုက်နည်းသွားကာ နောက်ဆုံးမှာ စွမ်းဆောင်ရည်ပြည့််ဝတဲ့ အရပ်သား အတိုက်အခံတွေက သူတို့နေရာကို ဝင်ယူလိုက်နိုင်ခြင်းပါ။ ၁၉၇၄ ခုနှစ် ဂရိနိုင်ငံ အခြေအနေနဲ့ ၁၉၈၃ ခုနှစ် အာဂျင်တီးနား အနေအထားမျိုးတွေပါပဲ။ ဒုတိယ အခြေအနေမှာတော့ စစ်တပ်ခေါင်းဆောင်ပိုင်းက သူတို့ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးအာဏာကို အရပ်သားတွေလက်ထဲ လိုလိုချင်ချင်နဲ့ ပြန်ပေးလိုက်ခြင်းပါပဲ။
အဲဒီလို ပြန်ပေးလိုက်ရခြင်းမှာ အကြောင်းပြချက် ၄ ခု ပါဝင်ပါတယ်။ (၁) စစ်ခေါင်းဆောင်တွေက တိုင်းပြည်ကို အချိန်တခုအထိ ကြာအောင် အုပ်ချုပ်သွားပြီးနောက်မှာ သူတို့ရည်မှန်းချက်တွေ ပြည့်မြောက်သွားခြင်း (တကယ်ပြည့်မြောက်တာ မဟုတ်ရင်တောင် ပြည့်မြောက်သွားပြီလို့ သူတို့စိတ်ထဲ ထင်သွားခြင်း)။ (၂) နိုင်ငံရေးမှာ ဆက်လက် ပါဝင်နေခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်းမှာဖြစ်စေ အင်စတီကျူးရှင်းတွေ ကြားမှာဖြစ်စေ သူတို့ ဂုဏ်သိက္ခာကို ထိခိုက်လာစေနိုင်တယ်လို့ ယုံကြည်လာခြင်း။ (၃) အုပ်ချုပ်ရေးမှာ ခြေကုန်လက်ပမ်းကျသွားခြင်း။ ဆိုလိုတာကတော့ နိုင်ငံရေးတာဝန်တွေကို ကြာမြင့်အောင် ထမ်းဆောင်ပြီးနောက် ငြီးငွေ့စိတ်ပျက်သွားပြီး စစ်တန်းလျား ပြန်သွားလိုစိတ် ပေါ်လာခြင်း။ (၄) လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဒါမှမဟုတ် ပြည့်သူ့ဆန္ဒခံယူပွဲတွေ ကျင်းပပေးပြီး ရလဒ်ကို လေးစားလိုက်နယ်မယ်လို့ သူတို့ပေးထားတဲ့ ကတိအတိုင်း လိုက်နာလုပ်ဆောင်သွားခြင်း (၁၉၈၃ တူရကီနိုင်ငံ၊ ၁၉၈၇ တောင်ကိုရီးယားနိုင်ငံ၊ ၁၉၉၀ ချီလီနိုင်ငံတို့ပါ။)
မြန်မာ့တပ်မတော်ကတော့ ဖော်ပြခဲ့တဲ့ အခြေအနေတွေမှာ အခုလောလောဆယ် အကျုံးဝင်နေပြီးလား ဆိုတာကတော့ သံသယဖြစ်စရာပါပဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်မှာ စစ်အုပ်ချုပ်ရေးအောက်ကို ကျရောက်နေခဲ့တဲ့ နိုင်ငံတွေ ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ သူတို့တွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုတွေကြောင့် ဗိုလ်ချုပ်ကြီးတွေကို အရပ်သား ထိန်းချုပ်မှုအောက် ဘယ်လို သွတ်သွင်းနိုင်တယ် ဆိုတာပြတဲ့ ဥပမာကောင်းတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဒီနေရာမှာတော့ တောင်ကိုရီးယား အတွေ့အကြုံ (၁၉၈၇-၂၀၀၃)၊ ထိုင်းနိုင်ငံ အတွေ့အကြုံ(၁၉၉၂-၂၀၀၆) နဲ့ အင်ဒိုနီးရှား အတွေ့အကြုံ (၁၉၉၈-၂၀၀၈) တွေကို ထင်ရှားသွားအောင် အကျဉ်းချုံးတင်ပြသွားမှာပါ။
အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအကြောင်း (စစ်တပ်အုပ်ချုပ်မှုကို ဖြုတ်သိမ်းရာမှာ ကြုံတွေ့ရတဲ့ ကနဦး အဆင့်တွေ) ကိုပဲ အလေးပေး ဖော်ပြသွားမှာပါ။ အကြောင်းကတော့ သူတို့တွေရဲ့ လုပ်ဆောင်မှုက မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေအတွက် အထူးတလည် အကျိုးရှိ အသုံးဝင်မှာကြောင့်ပါ။ မြန်မာနိုင်ငံမှာလိုပါပဲ၊ အဆိုပါ နိုင်ငံတွေမှာလည်း တိုင်းပြည်ရဲ့ တခုတည်းသော အခိုင်မာဆုံး အတောင့်တင်းဆုံး အင်စတီကျူးရှင်းက စစ်တပ်ပဲ ဖြစ်နေခဲ့ပါတယ်။ တိုင်းပြည်ကို တည်ထောင်ခဲ့တာ စစ်တပ်ပဲ၊ တိုင်းပြည် အချုပ်အခြာအာဏာကို ဆက်ပြီး ကာကွယ် ထိန်းသိမ်းနေရတာလည်း စစ်တပ်ပဲလို့ ဗိုလ်ချုပ်ကြီးတွေက အထင်ရောက်နေပါတယ်။ အဆိုပါ နိုင်ငံတွေအကြောင်းကို ဥပမာထား လေ့လာလိုက်ရင် မတူညီတဲ့ နိုင်ငံရေးရလဒ် ၃ ခုကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ကို အသွင်ကူးပြောင်းရာမှာ ဘယ်အစိတ်အပိုင်းတွေက လမ်းချော်ထွက်သွားနိုင်ပြီး ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လို ဖြစ်ရတယ် ဆိုတာကိုပါ လေ့လာသွားစေနိုင်ပါမယ်။
တောင်ကိုရီးယားက အကောင်းဆုံးအနေအထား
၁၉၆၁ ခုနှစ် သွေးမြေမကျ အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်မှာတော့ တောင်ကိုရီးယားနိုင်ငံက စစ်အုပ်ချုပ်ရေး အောက်ကို ၁၉၈၈ ခုနှစ်အထိ အခြေအနေအရ ကျရောက်သွားပါတယ်။ အတိုင်းအတာ ကြီးကြီးမားမားနဲ့ ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖြေရှင်းတဲ့အနေနဲ့ အစိုးရက အခြေခံဥပဒေအသစ်နဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးရေး တံခါးကို အတိုက်အခံတွေအတွက် ၁၉၈၇ ခုနှစ် အလယ်လောက်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲတွေမှာ ပြည်သူတွေကိုယ်တိုင် တိုက်ရိုက်ပါဝင် မဲပေးနိုင်ဖို့ အခြေခံဥပပေဒ ပြင်ဆင်ပေးဆိုတဲ့ အတိုက်အခံတွေရဲ့ တောင်းဆိုချက်ကိုလည်း အစိုးရက လိုက်လျောခဲ့ပါတယ်။ အဲဒီအချိန်မှာ အာဏာရနေတဲ့ ဒီမိုကရေစီနည်းကျ တရားမျှတရေးပါတီ (DJP) ကို ကိုယ်စားပြုယှဉ်ပြိုင်သူ သဘောထား အလယ်အလတ်ကျတဲ့ ဗိုလ်ချုပ်ကြီး နိုတေဝူးက ၁၉၈၇ ရွေးကောက်ပွဲတွေကို အနိုင်ရခဲ့ပါတယ်။ အတိုက်အခံတွေထဲမှာ အုပ်စု ၃ စု ကွဲနေတာကြောင့်လည်း သူနိုင်သွားတာပါ။
နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုမှာ စစ်တပ်က ဘာမှဝင်မစွက်ဘဲ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ စစ်တပ်ရဲ့ အနေအထားကို ခြိမ်းခြောက်တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးတွေ ယုံကြည်အောင် နိုတေဝူးက ပြောနိုင်တာကြောင့်လည်း စစ်တပ်က ဝင်မစွက်ဘဲ နေခဲ့တာပါ။ အဲဒီအချိန်မှာ ကိုရီးယားနိုင်ငံသားတွေက နိုင်ငံခေါင်းဆောင် အသစ်တစ်ယောက်ကို တမ်းတနေခဲ့ပေမယ့် နိုတေဝူးက သူတို့တမ်းတနေသလို အသစ်တယောက်တော့ မဟုတ်ခဲ့ပါ။ ဒါပေမဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ မရှိမဖြစ် လိုအပ်ကြတဲ့ အသွင်ကူးပြောင်းရေး ခေါင်းဆောင်ကောင်း တယောက်တော့ ဖြစ်ခဲ့ပါတယ်။
သူနဲ့ စစ်တက္ကသိုလ် အတူတက်ခဲ့သူ ကျောင်းနေဖက်တွေကို နိုတေဝူးက ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့ခြင်းအားဖြင့် သူ့ရဲ့အာဏာခြေကုပ်ကို မြဲမြံစေခဲ့ပြီး စစ်တပ်အတွင်းကနေ အတိုက်အခံတွေ ပေါ်ပေါက် မလာအောင် ဟန့်တားထားနိုင်ခဲ့ပါတယ်။ နိုတေဝူးရဲ့ အစိုးရအဖွဲ့ဝင် ၅ ပုံ ၁ ပုံလောက်က စစ်သားတွေ ဖြစ်ခဲ့ကြပြီး သူသမ္မတ ဖြစ်နေစဉ်အတွင်း စစ်တပ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့တာမျိုး မရှိခဲ့ပါ။ ဒါပေမဲ့ သူရဲ့ ရာထူးသက်တမ်း ၅ နှစ်အတွင်းမှာ စစ်တပ်အသုံးစရိတ်ကို ပါလီမန်က စောင့်ကြပ်ထိန်းချုပ်နိုင်အောင် လုပ်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးနဲ့ ဗိုလ်ချုပ်ကြီးတွေ တသီးတခြားစီ ဖြစ်အောင် ခွဲထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ် ပါလီမန် ရွေးကောက်ပွဲတွေမှာ အတိုက်အခံပါတီ ၃ ခုက လွတ်တော်အမတ်နေရာတွေ လုံလောက်အောင်ရသွားပြီး အာဏာရပါတီ (DJP) က ၎င်းရဲ့ Majority အနေအထားကို လက်လွတ် ဆုံးရှုံးသွားချိန်မှာတော့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ ထပ်ပြီးအရှိန်အဟုန် ကောင်းသွားပါတယ်။ ဒီအတောအတွင်းမှာ စစ်အေးခေတ်ကလည်း နိဂုံးချုပ်ဖို့ နီးစပ်လာနေပြီး မြောက် ကိုရီးယား နိုင်ငံကလည်း အထီးကျန် ဖြစ်လာတာကြောင့် ဆိုးလ်မှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီ ဖော်ဆောင်ရေးကို အာရုံပိုစိုက်နိုင်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကင်မ်ယုံဆမ် တယောက် ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြို အနိုင်ရသွားပါတော့တယ်။ အဲဒီနောက် သူ့ရဲ့သမ္မတသက်တမ်း (၁၉၉၃-၉၈) ကို အသုံးပြုပြီး တောင်ကိုရီးယားရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဖြစ်စဉ်ကို ရှေ့ဆက်တိုးသွားနိုင်အောင် အင်တိုက်အားတိုက် တွန်းတင်ပေးလိုက်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အရေးအကြီးဆုံးကတော့ စစ်တပ်အတွင်း သန့်စင်မှုတွေ အကြီးအကျယ် လုပ်ဆောင်ခြင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန တည်ဆောက်ပုံကို ပြုပြင်ပြောင်းလဲလိုက်နိုင်ခြင်း၊ ပြဿနာရှာလာနိုင်တဲ့ ဗိုလ်ချုပ်ကြီးတွေကို ဒီမိုကရေစီ သက်ဝင်ယုံကြည်သူ ဗိုလ်ချုပ်ကြီးတွေနဲ့ အစားထိုး ပစ်ခြင်းအားဖြင့် နိုင်ငံရေးအပေါ် စစ်တပ်သြဇာ လွှမ်းမိုးမှုကို အကြီးအကျယ် လျှော့ချပစ်လိုက်နိုင်ခြင်းပါပဲ။
ကင်မ်က သူ့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး စတင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပထမဆုံး ပတ်မှတ်ကတော့ စစ်တပ်ပဲ ဖြစ်ပါတယ်။ သူလုပ်ဆောင်မဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်သွယ်တိုင်ပင် ဆွေးနွေးပါတယ်။ သူတို့ရဲ့ ထောက်ခံမှုကို ရယူပါတယ်။ တောင်ကိုရီးယား တပ်မတော်အတွင်းမှာ ဒေသစွဲအလိုက် ဖြစ်ပေါ်နေတဲ့ အုပ်စုကွဲလေးတွေ ရှိနေတာကိုလည်း အသုံးချပါသေးတယ်။ ကင်မ်က သူရဲ့ဇာတိမြို့ ပူဆန်နဲ့ တောင်ကျိုဆန်း ပြည်နယ်က ဗိုလ်ချုပ်ကြီးတွေကို အားကိုးအားထား ပြုတာကြောင့် သူ့ကိုမလိုလားတဲ့ ဗိုလ်ချုပ်ကြီးတွေက အတိုက်အခံ ပြုမလာနိုင်အောင် ဟန့်ထားနိုင်ခဲ့ပါသေးတယ်။ တောင်ကိုရီးယား စစ်တက္ကသိုလ် အပတ်စဉ် ၁၁ (၁၉၅၅ ခုနှစ်) ဆင်း အရာရှိတွေ အများစု အလွတ်သဘော ပါဝင်ဖွဲ့စည်းထားတဲ့ ဟင်းနဟိုး (Hanahoe) အုပ်စုဆိုတာရှိပြီး နိုင်ငံရေးမှာ အစဉ်အဆက် ဝင်စွက်တဲ့ စစ်သားတွေကလည်း သူတို့ချည်း အဓိကဖြစ်နေပါတယ်။ အဆင့်မြင့် စစ်တပ်အရာရှိ တထောင်ကျော်ကို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းအားဖြင့် အဆိုပါ ဟင်းနဟိုး အုပ်စုကို ဖြိုခွင်းလိုက်နိုင်တာကလည်း ကင်မ်ရဲ့ အမြင့်မားဆုံး စွမ်းဆောင်နိုင်ချက်တွေထဲက တခုပါပဲ။ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၅၀ ကို နေရာတွေပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဟင်းနဟိုး အုပ်စုဝင် အရာရှိတွေကိုတော့ ရာထူးမတိုးဘဲ ပိတ်ပင်ထားခဲ့ပြီး တပ်ရင်းတပ်မတွေကို ဦးစီးခွင့်လည်း မပေးခဲ့ပါ။
၁၉၉၆ ခုနှစ်မှာတော့ နိုနဲ့ သူ့ကို ရာထူးဆက်ခံသူ ချန်ဒူးဝန် (၁၉၈၀-၁၉၈၈) အပြင် တခြားဗိုလ်ချုပ်ကြီး ၁၃ ယောက်ကို ရုံးတင်တရားစွဲစေပြီး ပြစ်မှုထင်ရှားကြောင်း ပြစေခဲ့ပါတယ်။ ဒါကလည်း ကင်မ်ရဲ့ နောက်ထပ် အောင်မြင်မှု တခုပါပဲ။ စွဲချက်တွေကတော့ အကြီးအကျယ် အကျင့်ပျက်ခြစားခြင်း၊ ၁၉၇၉ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်ခြင်း၊ ချန်ဒူးဝန် အစိုးရကို ဆန့်ကျင်လုပ်ဆောင်တဲ့ ၁၉၈၀ ကွမ်ဂျူးအုံကြွမှုကို အကြမ်းဖက် နှိမ်နှင်းခြင်းတွေပါပဲ။ ၁၉၉၆ မတိုင်ခင် နှစ်အနည်းငယ်မှာ ဆိုရင်တော့ တောင်ကိုရီးယား ဗိုလ်ချုပ်ကြီးတွေကို အဲဒီလိုမျိုး တရားစွဲနိုင်ဖို့ကို စိတ်ကူးလို့တောင် ရနိုင်ခဲ့မယ် မဟုတ်ပါ။ ဒါ့အပြင် ကင်မ်က စစ်ဦးစီးတန်းတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို လျှော့ချနိုင်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနကို လုပ်ပိုင်ခွင့်ပိုရှိသွား၊ ထိရောက် အားကောင်းသွားအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်မှုတွေရဲ့ စုပေါင်းရလဒ်ကတော့ ကာလကြာမြင့်စွာ တည်ဆောက်ထားခဲ့တဲ့ စစ်တပ်အာဏာ ခြေကုပ်ကို ဖျက်သိမ်းလိုက်နိုင်ခြင်းပါ။
ဒါ့အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် အရပ်သားတွေရဲ့ ချုပ်ကိုင်မှုကိုလည်း အင်စတီကျူးရှင်း ဘောင်ထဲ ဝင်သွားအောင် ထည့်သွင်းနိုင်ခဲ့ပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနတွေကို ဥပဒေကြောင်းအရ အခြေခံကျကျ တည်ဆောက်ထားပုံတွေ၊ အဖွဲ့အစည်း ဖွဲ့စည်းထားပုံတွေကို ကင်မ်ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ စေ့စေ့စပ်စပ် ပြုပြင်ပြောင်းလဲ နိုင်ခဲ့ပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနရဲ့ ဦးစီးကွပ်ကဲမှု အပိုင်းကို လွှတ်တော်က ၎င်းရဲ့ ကြီးကြပ်မှုအောက် ရောက်သွားအောင် ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲပြီး ဆွဲသွင်းနိုင်ခဲ့ပါတယ်။ စစ်တပ်အပေါ် အစိုးရရဲ့ အမှန်တကယ် ထိန်းချုပ်မှုကို အားကောင်းသွားအောင် အမိန့်ပေးစနစ်ကို ပြင်ဆင်ပြောင်းလဲ နိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့် လွတ်လပ်မှုတွေကို လျှော့ချခြင်းက ကာကွယ်ရေးမူဝါဒ၊ လုံခြုံရေးမူဝါဒတွေကို ဖော်ဆောင်ချမှတ်ခြင်းမှာ အစိုးရကဏ္ဍ ကြီးထွားလာခြင်းနဲ့ တပြိုင်နက်တည်း အတူယှဉ်တွဲနေခဲ့တာပါ။
(ဆက်လက်ဖော်ပြပါမည်)
ဇိုလ်တန် ဘာရာနီ (Zoltan Barany) သည် တက္ကဆပ်တက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ လေ့လာမှုဌာနတွင် Frank C. Erwin, Jr. Centennial Professor ဖြစ်သည်။ The Soldier and the Changing State: Building Democratic Armies in Africa, Asia, Europe, and the Americas အပါအဝင် စာအုပ်များ ရေးသားခဲ့သည်။ ယခုဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ အဖွဲ့အကြောင်း ပိုမိုသိရှိလိုပါက www.eduinitiatives.org သို့ ဝင်ရောက်လေ့လာနိုင်သည်။