အင်္ဂလိပ်ဘာသာစကားမှာ ဆပ်ဘ်ဟျူးမန်း (Subhuman) ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ အဲ့ဒါကို မြန်မာလို ဘာသာပြန် ဖွင့်ဆိုရမယ်ဆိုရင် လူမဆန်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်ပါတယ်။
နောက်ထပ် အဓိပ္ပာယ်တခုကတော့ လူသားအဆင့် မရှိအောင် နိမ့်ကျတဲ့အခြေအနေလို့လည်း ဆိုနိုင်ပါသေးတယ်။ လူသားအဆင့်မရှိအောင် နိမ့်ကျတဲ့ အခြေအနေဆိုတော့ အဲ့ဒါကို ဆီလျော်အောင်ဘာသာ ထပ်ပြန်မယ်ဆိုရင် တိရစ္ဆာန်သာသာ အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။
တလောက အွန်လိုင်းကနေ သတင်းတခု ဖတ်လိုက်ရပါတယ်။ ပုသိမ်မြို့က ချောင်ကျကျနေရာတခုက ထမင်းဆိုင်တဆိုင်ဟာ အလုပ်ကြမ်းသမားတွေ အထမ်းသမား လုပ်သားတွေအတွက် ထမင်းတပွဲကို ကျပ်နှစ်ရာဆိုလား နှစ်ရာ့ငါးဆယ်နဲ့ဆိုလား ရောင်းပေးနေတယ်လို့ ဖတ်လိုက်ရပါတယ်။ လက်ဖက်ရည် တခွက်တောင် ကျပ်သုံးရာလောက် ရှိနေတဲ့အချိန်မှာ ထမင်းတပွဲကို နှစ်ရာ၊ နှစ်ရာ့ငါးဆယ်ဆိုတော့ ဖြစ်ရောဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။ ပုသိမ်ကို အရောင်းအဝယ်ကိစ္စနဲ့ မကြာခဏ ခရီးသွားနေရတဲ့ မိတ်ဆွေက ပြန်ပြောပြမှ ဇာတ်လမ်းအမှန်ကို သိရပါတယ်။
ထမင်းတပွဲကို နှစ်ရာ၊ နှစ်ရာငါးဆယ်နဲ့ ရောင်းတာဟုတ်တယ်လို့ မိတ်ဆွေက ဆိုပါတယ်။ ထမင်းတပွဲက ဗိုက်ပြည့်ရုံ ပမာဏတော့ ပန်းကန်ထဲမှာ ထည့်ပေးတယ်။ ဆန်ကတော့ ပုသိမ်လိုနေရာမျိုးမှာ ဈေးအပေါဆုံးဆန်လို့ ဆိုပါတယ်။ အဲဒီထမင်းပေါ်မှာ ပဲဟင်းအရည်ကျဲကို ရွှဲရွှဲဆမ်းပေးလိုက်ပြီး ဇွန်းတချောင်း တပ်ပေးလိုက်တယ်။ အဲ့ဒါပါပဲတဲ့။ ဘာဟင်းအရန်မှ မပါဘူးလို့ ဆိုပါတယ်။ ကန်စွန်းရွက်ရည်၊ ငါးပိရေကျဲတောင် မပါဘူးလို့ဆိုပါတယ်။ ဟင်းရန်လို့ခေါ်နိုင်တာကတော့ ဆားထည့်ထားတဲ့ ခွက်ကလေးတခုနဲ့ ငရုတ်သီးစိမ်း ထည့်ထားတဲ့ ပန်းကန်လေးတချပ်ပဲ ရှေ့မှာရှိတယ်လို့ ရှင်းပြပါတယ်။ အဲဒီထမင်းဆိုင်ကလေးဟာ တခြား ဟင်းအမည်လေးတွေလည်း မရှိမဟုတ် ရှိပါတယ်။ ဒါပေမယ့် ဈေးအချိုဆုံး၊ အသက်သာဆုံးနဲ့ စားချင် တယ်ဆိုရင်တော့ ပဲဟင်းရည်ရွှဲရွှဲတမျိုးသာ ဆမ်းထားတဲ့ နှစ်ရာ့ငါးဆယ်တန် ထမင်းတပွဲဖြစ်ပါတယ်။
အခြေခံအလုပ်သမားတွေဟာ ရရှိတဲ့တနေ့တာ လုပ်အားခက နည်းပါးလွန်းတာကြောင့် ဘဲဥဟင်းကိုတောင် နေ့တိုင်းမစားနိုင်ပါ။ ကြက်သား၊ ဝက်သား ဆိုတာကတော့ အိပ်မက်ကမ္ဘာထဲမှာလို့ ဆိုနိုင်ပါတယ်။ ဒီကြားထဲမှာ မိသားစုအရေး ကလေးများအရေး စတာတွေကလည်း နေ့တိုင်းရင်ဆိုင်နေရတဲ့ ကိစ္စတွေဖြစ်တာကြောင့် ငွေကို တတ်နိုင်သမျှ ချွေတာရပါတယ်။ နေမကောင်းဘူး ဖျားတယ်နာတယ်ဆိုရင် ပိုပြီး ဒုက္ခရောက်ပါတယ်။ ဆေးခန်းကို သွားနိုင်တဲ့သူက လူနည်းစုသာ သွားနိုင်ကြပါတယ်။ နီးစပ်ရာဆေးဆိုင်၊ ကွမ်းယာဆိုင်က အဆင်ပြေမယ်ထင်တဲ့ဆေးကို ဝယ်သောက်ရင်း ကျန်းမာရေး ပြဿနာကို ဖြေရှင်းရပါတယ်။ နောက်တချက်က အိမ်ထောင်မရှိတဲ့ လူလွတ် အလုပ်သမားတွေအနေနဲ့ကလည်း အိမ်ကနေ ထမင်းထုပ်လာတာထက် အဲဒီ ဆိုင်ကလေးက နှစ်ရာ့ငါးဆယ်တန် ပဲဟင်းရည်ကျဲဆမ်း ထမင်းတပွဲဟာ ပိုလို့ အဆင်ပြေနေပါတယ်။ တဦးတည်းသမားများအနေနဲ့ ထမင်းချက်ဖို့ ထင်းဝယ်ဦး၊ မီးသွေးဝယ်ဦး၊ မီးမွေးပြီးချက်ဦး ဆိုတာတွေကို မလုပ်လိုပါဘူး။ နှစ်ရာ့ငါးဆယ်တန် ထမင်းတပွဲကို အဆင်သင့် မှာစားလိုက်တာက ပိုပြီးအဆင်ပြေ ကြတယ်လို့သိရပါတယ်။ ရတဲ့လုပ်အားခက နည်းပါးလွန်းတဲ့သူတွေအတွက် ဘဲဥဟင်းကိုတောင် နေ့တိုင်းမစားနိုင်လို့ ပဲဟင်းရည်ကျဲဆမ်း ဆန်ကြမ်းထမင်းတပွဲနဲ့ နေ့လယ်စာကို နေ့စဉ်ဆိုသလို ပြီးလိုက်ရတယ်ဆိုတာ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် တိရစ္ဆာန်ထက် နည်းနည်းလောက်ပဲသာတဲ့ အခြေအနေလို့ ပြောရတော့မှာပါ။
ကနေ့ မြန်မာပြည်မှာ လူတချို့က ဝက်သားနဲ့ကြော်တဲ့ ခေါက်ဆွဲကြော် ဒါမှမဟုတ် ထမင်းကြော်တပွဲကို တထောင့်ငါးရာလောက်နဲ့ ဝယ်စားနိုင်တဲ့အချိန်မှာ တချို့ကတော့ တရက်လုပ်အားခ တထောင့် ငါးရာရအောင်တောင် မနည်းကြီး ရုန်းကန်နေရတာကို တွေ့ရပါတယ်။ မနည်းကြီး ရုန်းကန်နေရတဲ့ တချို့ဆိုတာ တကယ်တမ်းတော့ လူများစုကြီး ဖြစ်နေပါတယ်။
ဒု-သမ္မတကြီး ဦး၂ ဉာဏ်ထွန်းက တနေ့ကို ကျပ်နှစ်ထောင် ဝင်ငွေရှိရင် လောက်ငှတယ်လို့ ပြောခဲ့ဖူးပါတယ်။ တွက်ကြည့်ရအောင်ပါ။ တနေ့ကို ကျပ်နှစ်ထောင်။ ထမင်းစားတော့ ပုသိမ်က ချောင်ကလောင် ထဲမှာရောင်းတဲ့ ထမင်းဆိုင်ကလေးက နှစ်ရာ့ငါးဆယ်တန် ပဲဟင်းရည်ဆမ်း ထမင်းမျိုး။ တရက်ကို နှစ်နှပ်စားရမှာဆိုတော့ ထမင်းဖိုးသက်သက်ကပဲ တရက်ကို ငါးရာ။ အလုပ်အသွားအပြန် ကားခမပါသေး။ နံနက်စာ မပါသေး။ နေ့ခင်းနေ့လယ်သောက်မယ့် လက်ဖက်ရည်ဖိုး မပါသေး။ ဆေးလိပ်ကွမ်းယာဖိုး မပါသေး။ တနေ့နှစ်ထောင် ဆိုတာ ဖြစ်သလို ပဲဟင်းရည်ကျဲနဲ့ စားမယ်ဆိုရင်တော့ လောက်နိုင်ပါတယ်။ ပိုလောက်ငအောင် ညနေစာကို ထမင်းမစားဘဲ ဆန်ပြုတ်ပဲသောက်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ လက်ဖက်ရည်မသောက်ဘဲနေဆိုရင် လည်း လောက်ငနိုင်ပါတယ်။ အဲသလိုသာ နေကြ စားကြရမယ်ဆိုရင် ရတော့ရတာပေါ့။ ဒါပေမယ့် လူဟာ တဖြည်းဖြည်းနဲ့ လူအဖြစ်ကနေ တိရစ္ဆာန်သာသာဘဝမျိုးကို ရောက်သွားမှာပါ။ အဲ့ဒါမျိုးကိုမှ ဆပ်ဘ်ဟျူးမန်းလို့ မပြောရင် ဘယ်လိုပြောရမှာလဲ။
ရန်ကုန်မြို့တခုတည်းကို ကြည့်မယ်ဆိုရင် လမ်းမတွေပေါ်မှာ အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ထားသူတွေ၊ အာဟာရချို့တဲ့တာကြောင့် ညှိုးငယ်တဲ့ မျက်နှာတွေ၊ ခွန်အားမဲ့သလိုဖြစ်နေတဲ့ မျက်လုံးတွေ၊ ဘတ်စ်ကား စပယ်ယာရဲ့ ရိုင်းရိုင်းပျပျ အော်ဟစ် ငေါက်ငမ်းသံတွေနဲ့ အလုပ်သွားအလုပ်ပြန် လုပ်နေရသူတွေ များလွန်းမက များလှပါတယ်။ သူတို့ဟာ တရက်တာ လုပ်အားခကို တိုးပေးလိုခြင်းမရှိတဲ့ အလုပ်ရှင်တွေဆီမှာ အလုပ်လုပ်နေရသူတွေပါ။ သူတို့တွေဟာ လူတွေဖြစ်နေပေမယ့် ဘဝအဆင့်အတန်းဟာ တိရစ္ဆာန်ဘဝ ရောက်မသွားရုံတမယ်ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း အဖိုးတန် နိုင်ငံခြားဖြစ် အဝတ်အစား ဝတ်ထားသူတွေ၊ အီတလီလုပ် ဖာရယ်ရီ ပြိုင်ကားတို့ လမ်ဘာဂီနီ ပြိုင်ကားတို့ကို မောင်းပြီး လေအေးစက်ပေးထားတဲ့ ဈေးကြီးတဲ့ အထက်တန်းစား စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်မှာ ထိုင်နိုင်သူတွေကိုလည်း မြင်ရပါတယ်။ ဘန်ကောက်၊ စင်ကာပူမှာ သွားပြီး ဈေးဝယ်ထွက်သူတွေ၊ ဆေးကုသသူတွေလည်း ရှိပါတယ်။ သူတို့တတွေကတော့ လူဖြစ်ကျိုးနပ်သူတွေလို့ ဆိုရမှာပါ။
ပြန်ကောက်ပါ့မယ်။ လူတွေဟာ လူသားဆန်တဲ့ အဆင့်အတန်းနဲ့အညီ သင့်တင့်လျောက်ပတ်စွာ နေထိုင် စားသောက် ပညာသင်ကြားခွင့် မရတော့ဘူးဆိုရင်၊ ကျန်းမာရေးအတွက် ဆေးမကုသနိုင်တော့ဘူးဆိုရင် တိရစ္ဆာန်သာသာဘဝထက် ဘာမှမပိုတော့ဘူးလို့ ပြောရတော့မှာပါ။ မြန်မာပြည်က လူအများစုဟာ ဂျပန်ခေတ်က ချွေးတပ်သားများ ပြောသလို နေရစားရတာ တိရစ္ဆာန်သာသာပါကွာဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်နေပြီလား။ အားလုံး ဝိုင်းဝန်းစဉ်းစားဖို့ အထူးလိုအပ်နေပါတယ်။ နောင်လာနောက်သား မျိုးဆက်သစ်တွေကို တိရစ္ဆာန်သာသာ ဘဝမျိုးတွေထဲမှာ မနေထိုင်ရအောင် ပထမဆုံး တာဝန်ရှိသူကတော့ အုပ်ချုပ်နေတဲ့အစိုးရပဲ ဖြစ်ပါတယ်။ အစိုးရတွေ တိုင်းသူပြည်သားတွေအပေါ်မှာ တာဝန်ကျေဖို့လိုပါတယ်။ နိုင်ငံသားအများစု ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်သာသာ အခြေအနေမျိုးတွေကို အမြန်ဆုံးရပ်တန့်ပစ်ဖို့ လိုအပ်နေပြီလို့ ပြောလိုပါကြောင်း။
(ဇော်မင်းသည် ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သုံးသပ်ချက်များကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်)