အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှ
တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးသည် အစိုးရ လိုလားနေသည့်တိုင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ထိုးဖြစ်ရန် မသေချာကြောင်း၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူ စာချုပ် Single Text အတည်ပြု (မူကြမ်း) ဆွေးနွေးပြီးပြီဖြစ်သော်လည်း ပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက်ခန့်ရှိကြောင်း၊ အဆိုပါ ၁၅ ချက်အပါအဝင် NCA ၌ မဟာမိတ်သုံးဖွဲ့ ပါဝင်ရေး ဆိုသော အချက်ပါဝင်ကြောင်း တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ဥက္ကဋ္ဌ နိုင်ဟံသာက ဇွန်လ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အဓိက တို့ရဲ့ ရပ်တည်ချက်နဲ့ အစိုးရဘက်က ရပ်တည်ချက် ညှိနှိုင်းလို့ ပြေလည် နိုင် စရာ ရှိရင်တော့ ရှေ့ဆက်ပြီးတော့ လုပ်သွားလို့ရတယ်။ မပြေလည်ဘူးဆိုရင်တော့ ဒါကတော့ ဆက်ညှိသွားရမှာ ဖြစ်တယ်” ဟု နိုင်ဟံသာ က ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရကမူ တနိုင်ငံလုံး အပစ်ရပ်ရေး ကနဦး သဘောတူညီမှုရရှိထားပြီး လော်ခီးလာတိုင်းရင်းသား ညီလာခံတွင် အတည်ပြုချက်ကိုရယူရန် ဆောင်ရွက်လျှက်ရှိပြီး တနိုင်ငံလုံး အပစ်ရပ်ပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ပြင်ဆင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့ လစဉ်ရေဒီယိုမိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က ထည့် သွင်း ပြောဆိုခဲ့သည်။
သို့သော်လည်း လော်ခီးလာညီလာခံတွင် NCA ကို အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်ချက်လိုက်ပြီး အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့်သာ ကနဦး လက်မှတ်ရေးထိုးရန် ပြောဆို လေ့ရှိကာ MNDAA ၊ AA ၊ TNLA အဖွဲ့များနှင့် နောင်မှ ဆွေးနွေးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
“ဒီအစိုးရထဲမှာ ခေါင်းဆောင်အပြောင်းအလဲ ရှိနိုင်ပေမယ့် မြန်မာ့ တပ်မတော်ထဲက ခေါင်းဆောင် တွေ က ပြောင်းလဲ နိုင်စရာမရှိဘူး။ တို့ဘက်ကလည်းပြောင်းလဲစရာမရှိဘူး။ ဒီပါဝင်နေတဲ့ ကိုယ်စား လှယ်တွေ တို့နဲ့ ညှိနှိုင်းနေတဲ့ ကိုယ်စား လှယ် တွေကလည်း အနည်းဆုံးတဝက်လောက်ကတော့ ဆက်ပြီးပါလာ လိမ့်မယ်လို့ ထင်တယ်လေ” ဟု NCCT ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။
လော်ခီးလာ တိုင်းရင်းသားညီလာခံကို ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာ လော်ခီးလာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။