မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်း မြစ်ဆုံစီမံကိန်း (ယူနန်) အခြေစိုက် Chinese Power International (CPI) ကုမ္ပဏီက ပြန်လည် စတင်ချင်နေတဲ့ အကြောင်း မြန်မာတိုင်မ်း သတင်းစာမှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်တက်လာပြီး နောက်ပိုင်း ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းကို ခေတ္တ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရပ်ဆိုင်းခဲ့တာကို ပြည်တွင်းပြည်ပက လက်ခံ ကြိုဆိုခဲ့တာ တွေ့ရပါတယ်။ တရုတ်အစိုးရနဲ့ CPI ကုမ္ပဏီကတော့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသ ထွက်ခဲ့တယ်လို့ ကနဦး သတင်းများက ဖော်ပြခဲ့ပါတယ်။
CPI ကုမ္ပဏီမှာ ရှိတဲ့ အရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာတိုင်မ်းမှာ ဖော်ပြတာ ကတော့ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးချိန် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်နှင့် တပြိုင်နက် ဒီမြစ်ဆုံ စီမံကိန်းကို ပြန်စမယ်လို့ ကိုးကားဖော်ပြထားပါတယ်။
CPI ရဲ့ လူထုဆက်ဆံရေးအရာရှိ ဖြစ်တဲ့ Wang Ping ရဲ့ အဆိုအရ ကုမ္ပဏီဟာ မြန်မာ အစိုးရ၊ NGOs အဖွဲ့များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်များ၊ တိုင်းရင်း သားအဖွဲ့တွေကို တွေ့ဆုံစကားပြောနေကြောင်း၊ မြန်မာဟာ လျှပ်စစ်မီး လိုအပ်တယ် ဆို တာကို သူတို့တတွေ သိပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြစ်ဆုံကို ပြန်စမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အစိုးရအပေါ်မှာဘဲ မူတည်တဲ့အကြောင်း ဦးသိန်းစိန်ရဲ့ သမ္မတ သက်တမ်းကုန်တဲ့အချိန်မှာ စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားတဲ့ အမိန့်ဟာ ပျက်ပြယ်မှာလား ဆိုတာကတော့ သိပ်ပြီးမရှင်းလင်းတဲ့ အကြောင်း ပြောဆိုခဲ့ ပါတယ်။
NLD ပါတီရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး အတွက် ပါဝင်ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ အများက ဆန့်ကျင်နေတဲ့ လက်ပံတောင်း စီမံ ကိန်းကိုတော့ ဆက်လုပ်ဖို့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီက မီးစိမ်းပြ ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီလအတွင်းမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်မှာ ဖြစ်ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဖို့ စီစဉ် ထားတယ်လို့ တရားဝင် သတင်းများက ဖော်ပြထားပါတယ်။