၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ပဲခူးတိုင်း သာယာဝတီထောင်တွင် ဖမ်းဆီး ခံနေရသည့် မဖြိုးဖြိုးအောင် ရရှိကြောင်း သိရသည်။
မဖြိုးဖြိုးအောင်သည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားဆောင်ရွက် တိုက်ပွဲဝင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်(ဗကသ)၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး လက်ရှိတွင် သာယာဝတီထောင်၌ ဖမ်းဆီးချုပ်နှောင် ခံနေရသူတဦးလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မဖြိုးဖြိုးအောင်က လည်းကောင်း၊ ပြည်သူ့ဂုဏ်ရည် အထူးဆုကို ဆင်းရဲသည့် ပြည်သူများအတွက် တန်ဖိုးသင့်ညစာ ရောင်းချနေသည့် ဒေါက်တာ နန္ဒာဝင်း နှင့် အခမဲ့ စာကြည့်တိုက် တည်ထောင်သူ ကိုဇော်ဇော် တို့က ရရှိကြောင်း ဆုရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်ကြေညာသည်။
ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ဇွန် ၁၄ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးဝင်းသူအောင် က ဧရာဝတီကို ပြောသည်။
ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံတကာရောက် မြန်မာပြည်သား (တိုင်းရင်းသားပေါင်းစုံ) က ဈေးရောင်းပွဲများ ပြုလုပ်၍ ရရှိသည့် ဝင်ငွေများကို စုပေါင်းပြီး နှစ်စဉ်နှစ်တိုင်း မြန်မာပြည်မှ ကိုယ်ကျိုးစွန့်၍ အများအကျိုး စွမ်းစွမ်းတမံ ဆောင်ရွက်ကြသူများကို ရွေးချယ်ပြီး ဂုဏ်ပြုပွဲများဖြင့် ချီးမြှင့်ပေးအပ်သည့်ဆု ဖြစ်ကြောင်း ဦးဝင်းသူအောင်က ပြောပြသည်။
ဆုရရှိသူများကို ဆုတံဆိပ်များ ပေးအပ်မည့်အပြင် ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမေရိကန်ဒေါ်လာ တသောင်းနှင့် အထူး ဆုရှင်များကို ဒေါ်လာ တထောင် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
၂၀၁၄ ခုနစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒေါ်သန်းမြင့်အောင်က ရရှိခဲ့ပြီး အထူးဆု အဖြစ် တကိုယ်တော် ပရဟိတသမား မခင်နှင်းကြည်သာ က ရရှိခဲ့သည်။
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ပြည့်နစ်မှ စတင်ပြီး ချီးမြှင့်ခဲ့ရာ ယခုနှစ်သည် ၆ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။