အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ရေးဆွဲနေသည့် အဆင့်မြင့် ပညာရေး ဥပဒေ သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက တက္ကသိုလ် ၁၈ ခုမှ ကျောင်းသား၊ ကျောင်းသူ ၆၀ ကျော်နှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုနေ့ နံနက်ပိုင်းတွင်ပင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွ့ဲချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။
ကျောင်းသားများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့မှ ကို ဇင်မင်းဖြိုးက“အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲတာ ငါးလ၊ ခြောက်လလောက် ကြာဦးမယ်။ ရွေးကောက် ပွဲ မတိုင်ခင် မပြီးနိုင်ဘူး။ ရွေးကောက်ပွဲ ပြီးသွားမှသာ ပြီးနိုင်မယ်လို့ သူပြောသွားတယ်။ သူ့အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေ လုပ်ဆောင်ဖို့ ရှိနေသေးတဲ့အတွက် ဒီဟာ မပြီးနိုင်ဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆင့်မြင့် ပညာရေး ဥပဒေအရ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည့်အခါ ကျောင်းသား ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး၊ ဒီမိုကရေစီ နည်းလမ်းကျသည့် ပညာရေး လွတ်လပ်ခွင့် ရရှိရေးစသည့် အချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးအတွက် အကူအညီ တောင်းခံလာပါက NLD ၏ ရှေ့ နေများက ဥပဒေကြောင်းအရ ကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း ကျောင်းသားများက ပြောသည်။
ကိုဇင်မင်းဖြိုးက“ကျနော်တို့ လိုချင်တာတွေ ရဖို့။ နောက်ပြီး တခြားသောကိစ္စတွေ ဖြေရှင်းဖို့အတွက် သူ သမ္မတ ဖြစ်ဖို့ လိုတယ်ပေါ့။ အဲဒီလို ဖြစ်ဖို့ အတွက် ဒီရွေးကောက်ပွဲမှာ NLD အပြတ်အသတ် မဲနိုင်ဖို့ လို တယ်။ အဲဒီလို နိုင်ဖို့ အတွက် NLD ကို မဲပေးဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် ကျောင်းသားတွေအနေနဲ့ NLD ကို မဲပေးပါလို့ ပါတီ ခေါင်းဆောင်တယောက် အနေနဲ့ ထည့်ပြောသွားတာပါ”ဟု ပြောသည်။
ယခုတွေ့ဆုံမှုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားများကြား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ယခင်က ယခု ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခြင်းမျိုး မရှိခဲ့ပေ။