ရခိုင်ပြည်နယ် မောင်တောဒေသ၌ ခေတ္တ ထိန်းသိမ်းထားသည့် လှေစီး ဒုက္ခသည် ၉၀၀ ကျော် အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို ဇွန်လ ၈ ရက်က လွှွဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။
လွှဲပြောင်းပေးလိုက်သည့် ၁၅၀ သည် ပထမ အကြိမ် ဖမ်းမိထားသည့် ၂၀၈ ဦး ထဲမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် စိစစ်ပြီးသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို နှစ်နိုင်ငံ နယ်စပ်၌ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။
ဦးခင်စိုးက“လူ ၁၅၀ ကို လွှွဲပေးလိုက်ပါပြီ။ ကား ၆ စီးနဲ့ လာခေါ်သွားပါတယ်။ ကျန်နေတဲ့ သူတွေကိုလည်း စိစစ်နေပါတယ်။ အမြန်ဆုံး ပြန်လွှဲပေးဖို့ ဆောင်ရွက်သွားမှာပါ”ဟုလည်း ပြောဆိုသည်။
ထိုလှေစီး ဒုက္ခသည် ၂၀၈ ဦးကို ရခိုင်ပင်လယ်ပြင်၌ တပ်မတော်(ရေ)က ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မောင် တောဒေသ၌ ခေတ္တ ထိန်းသိမ်း စောင့်ရှောက်ထားခြင်း ဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရများ၏ စစ်ဆေးမှုအရ ဖမ်းမိထားသူ ၂၀၈ ဦးအနက် ၂၀၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ၈ ဦး ဖြစ်ကြောင်း၊ ကျန်သူများအား ထပ်မံ စစ်ဆေးရဦးမည် ဖြစ်ကြောင်း မြန်မာ အစိုးရ အာဏာပိုင်များက ပြောဆိုသည်။
ဦးခင်စိုးက“ကျန်တဲ့ လူ ၅၀ ဟာလည်း ကျနော်တို့ နိုင်ငံသားတွေ မဟုတ်ပါဘူး။ ဒါကို သေချာအောင် နှစ်ဘက် စလုံးက ပြန်စစ်နေ ပါတယ်၊ ပြီးရင် လွှွဲပေးမှာပါ”ဟု ဆိုသည်။
ဘင်္ဂလား ဒေ့ရှ် အစိုးရက ထို ၂၀၈ ဦး အနက် ၁၅၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ပြီး ကျန် ၅၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ ဖြစ်သည်ဟု ပြောဆိုထားကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း အနီးတွင်လည်း လှေစီး ဒုက္ခသည် ၇၀၀ ကျော်ကို မေလ ၂၉ ရက်က တပ်မတော်(ရေ)က ထပ်မံ ဖမ်းဆီးမိခဲ့ရာ အများစုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြောင်း မြန်မာ အစိုးရက ကြေညာထားသည်။
ထိုလှေစီးဒုက္ခသည်များကို လက်မခံဘဲ ၎င်းတို့နေရပ်ထံ ပြန်ပို့ရေး ဆုံးဖြတ်ချက်ကို အစိုးရ အဖွဲ့က ပြတ်ပြတ်သားသား လုပ်ဆောင် ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တချို့က ဇွန်လ ၈ ရက်က တိုက်တွန်း ပြောဆိုလိုက်သည်။
လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး အစိုးရအား မူဝါဒချမှတ် ဆောင်ရွက်ရန် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ တိုက်တွန်းကြောင်း အဆိုကြောင့် အမျိုးသား လွှတ်တော်တွင် လှေစီး ဒုက္ခသည်အရေး သည် ဆွေးနွေးစရာ ကိစ္စတခု ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံ နယ်စပ်တွင် ရောက်ရှိနေသည့် လှေစီးဒုက္ခသည်များ အကြားတွင် အစ္စလမ် ဘာသာရေး အစွန်းရောက် အကြမ်းဖက် သမားများ စိမ့်ဝင်လာနိုင်သည့် အချက်ကိုလည်း အစိုးရ အဖွဲ့အနေဖြင့် စဉ်းစားရမည်ဟု လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ ဗညားအောင်မိုးကလည်း ဆွေးနွေးသည်။
ဒေါက်တာ ဗညားအောင်မိုးက“စိစစ်ပြီး သူ့နိုင်ငံကို အရောက်ပြန်ပို့ဖို့၊ ကမ္ဘာက သိအောင်လုပ်ပြီး ပြန်ပို့ဖို့ မူ အတိအကျ ချထားမယ် ဆို ကျနော်တို့အတွက် အန္တရာယ်နည်းမယ်”ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်က ဇွန်လ ၂ ရက်တွင် ပြောခဲ့သည့် ရေဒီယို မိန့်ခွန်းတွင် “မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူများ၏ အကျိုးစီးပွား၊ အချုပ်အခြာအာဏာကို ကာကွယ်ရမည် ဖြစ်သလို တဖက်တွင်လည်း နိုင်ငံ တကာ အသိုင်းအဝိုင်း၌ တာဝန်သိသော၊ တာဝန် ယူသော နိုင်ငံတနိုင်ငံ အနေဖြင့် လှေစီးဒုက္ခသည်များကို ကယ်ဆယ်ဆောင်ရွက်နိုင်ရန်နှင့် လူသားချင်းစာနာသည့် အကူအညီများပေးပြီး ၎င်းတို့နေရပ်ကို ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်”ဟု ကတိပြု ပြောဆို သွားခဲ့သည်။
ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့် ပူးပေါင်း ရေးသားသည်။