ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ပြင်ဆင်ဖြည့်စွက်ချက်များအား အစိုးရနှင့် ပြန်လည်ဆွေးနွေးရန် အတွက် “အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့”ကို ဖွဲ့စည်းလိုက်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု (မူကြမ်း) ဆွေးနွေး အပြီးတွင် ပြင်ဆင် ဖြည့်စွက်ချက် ၁၅ ချက်အပါအဝင် NCA လက်မှတ်ထိုးရာ၌ အားလုံးပါဝင်ရေးမူ၊ သက်သေအဖြစ် ပါဝင်မည့်နိုင်ငံ၊ လက်မှတ် ထိုးရာ၌ နှစ် ဘက် ပါဝင်မည့်ပုဂ္ဂိုလ်များ စသည်များကို အဆိုပါ ညှိနှိုင်းရေးအဖွဲ့က အစိုးရနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်း က“ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ဆိုတာ ကျနော်တို့ ဖွဲ့လိုက်တယ်။ ကျန်တဲ့ဖြည့်စွက်ပြင်ဆင်တဲ့ အချက်တွေကို အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဖို့ NCA ကို ပြီးပြတ် တဲ့ အထိပေါ့”ဟု ထိပ်သီးဆွေးနွေးပွဲ ၇ ရက်မြောက်နေ့အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အဆင့်မြင့်နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ခေါင်းဆောင် အဖြစ် KNU ဒု ဥက္ကဋ္ဌ ပဒို နော်စီဖိုးရာစိန်၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ က ဒုတိယ အဖွဲ့ခေါင်းဆောင် (၁)၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး က တတိယ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ထား သည်။
ထို့အပြင် NCCT ထဲက ခေါင်းဆောင် ၅ ဦးကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်း ရွေးချယ်ထားကြောင်းနှင့် အဖွဲ့ဝင်အားလုံး၏ အမည် စာရင်းများကို ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့ ဇွန်လ ၉ ရက် ညနေတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
အားလုံးပါဝင်ရေးမူသည် ၂၀၁၃ ခုနှစ် လိုင်ဇာညီလာခံ၊ ၂၀၁၄ လော်ခီးလာညီလာခံ တို့၌ ချမှတ်ထားသည့်မူအတိုင်းဖြစ်ပြီး NCCT အဖွဲ့ဝင်အားလုံးပါဝင်ရေးကို ဦးတည်သကဲ့သို့ NCCT အဖွဲ့ဝင်မဟုတ်သော ကျန်တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့များလည်းပါဝင်နိုင်ရန် လမ်းဖွင့်ထားခြင်းဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
“တစ်ဦးတစ်ဖွဲ့ ကျန်ခဲ့ပြီးတော့မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာဟာ တစ်နိုင်ငံလုံးကို မလွှမ်းခြုံပါဘူး။ အားလုံးနဲ့ အပစ် အခတ်ရပ်စဲမှ ဒါဟာ အပစ်အခတ်ရပ်စဲရေး ဖြစ်တယ်လို့လည်း ပြောလို့ရပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပူးဇင်ကျုံး က ပြော သည်။
ပူးဇင်ကျုံး က ဆက်လက်ပြီး“ဒါမှလည်း ခိုင်လုံတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကြီး ဖြစ်ပါလိမ့်မယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ သို့မဟုတ် တစ်ကမ္ဘာလုံးက အားပေးတဲ့ NCA ကြီးဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်တို့မှာ ယုံကြည်ယူဆတာရှိပါတယ်”ဟုလည်း ပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် တကမ္ဘာလုံးက အသိအမှတ်ပြု အားပေးသော လက်မှတ်ထိုးပွဲကြီးဖြစ်စေရန် ပါဝင်သင့်ပါဝင်ထိုက်သည်ဟု ယူဆထားသည့် ပြည်ပနိုင်ငံ ၇ နိုင်ငံ နှင့် ထိပ်သီးအဖွဲ့အစည်း ၂ ခုကိုလည်း တိုင်းရင်းသားခေါင်းဆောင်များက ရွေးချယ်လိုက်ကြသည်။
သက်သေ ပါဝင်စေလိုသည့် နိုင်ငံများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအဝင် အာဆီယံ ဥက္ကဋ္ဌ ၊ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ နော်ဝေး နိုင်ငံတို့ဖြစ်သည်ဟု လော်ခီးလာ ထိပ်သီးဆွေးနွေးပွဲ တွင် တိုင်းရင်းသား ခေါင်းဆောင်များက အခိုင်အမာ သဘောထားပေးထားကြကြောင်း သိရသည်။
NCA လက်မှတ်ထိုးရေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၊ အစိုးရဘက် ထိပ်သီး ခေါင်းဆောင်များမှ မည်သူ မည်သည့်အဆင့် ပါဝင်ကြမည်လဲဆိုသည်ကို ဆွေးနွေးကြရမည်ဖြစ်သည်ဟုလည်း ဆိုသည်။
“ဒီလိုထိုးတဲ့နေရာမှာ နိုင်ငံတော်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ဖို့လိုအပ်သလို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဘက်ကလည်း ဥက္ကဋ္ဌ များ သို့မဟုတ် အတွင်းရေးမှူးချုပ်များ၊ စစ်ဦးစီးချုပ်များ ဒါတွေအားလုံး ဝိုင်းဝန်း လက်မှတ်ထိုးဖို့လိုတယ်။ အဲဒါမှလည်း ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး စာချုပ်ကြီးဖြစ်မယ်လို့ ကျနော်တို့ကယုံပါတယ်”ဟု ပူးဇင်ကျုံးက သတင်းထောက်များကို ရှင်းပြသည်။
KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင် များ အစည်းအဝေးကို ယခုလ ၂ ရက်က စတင်ကျင်းပခဲ့ပြီး ၉ ရက်နေ့ညနေတွင် ပြီးဆုံးမည် ဖြစ်သည်။