ရန်ကုန်မြို့ ရွှေတိဂုံစေတီ အနီးရှိ ဒဂုံစီးတီး အဆင့်မြင့်အိမ်ရာ စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက်တွင် တရားဝင် အမိန့်ညွှန်ကြားချက် ထုတ်ပြန် ဆိုင်းငံ့ပေးရန် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၏ ယနေ့ တင်ပြချက် အဆိုသည် ရန်ကုန်တိုင်း လွှတ်တော်၌ ဆွေးနွေးခွင့်မရရှိကြောင်း သိရသည်။
ဒေါ်ညိုညိုသင်း၏ အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရာ လက်ခံဆွေးနွေးသင့် ကြောင်း ထောက်ခံသူ ၃ ဦးသာရှိသဖြင့် လက်ခံဆွေးနွေးရန် မရှိကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လွှတ်တော် တွင် ပြောကြားသည်။
ဦးစိန်တင်ဝင်းက“ဒေါက်တာ ညိုညိုသင်း တင်သွင်းတဲ့ အဆိုကို ဆွေးနွေးရန် ထောက်ခံတဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ရှိပါတယ်။ သတ်မှတ်တဲ့ အရေအတွက် ၂၁ ဦး မပြည့်တဲ့အတွက်ကြောင့် ဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးရန် မရှိကြောင်း ကြေညာပါတယ်”ဟု ပြောကြားခဲ့သည်။
လွှတ်တော်တွင် ဒေါ်ညိုညိုသင်း တင်ပြသည့် အဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးသန်းမြင့်က ကန့်ကွက်ခဲ့သည်။
ဦးသန်းမြင့်က အဆင့်မြင့် အိမ်ရာ စီမံကိန်း ဒဂုံစီးတီး ပရော့ဂျက် မြေနေရာသည် ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် သက်ဆိုင်သည့် မြေနေရာ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၆ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စု အစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း လွှတ်တော်တွင် ပြောသည်။
ဝန်ကြီး ဦးသန်းမြင့်က“အဆင့်မြင့် အိမ်ရာ စီမံကိန်း အကောင်အထည် ဖော်မယ့် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေနေရာဟာ ပြည်ထောင်စု အုပ်ချုပ်မှု အာဏာ သက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အုပ်ချုပ်မှု အာဏာ သက်ရောက်မှု မရှိပါကြောင်း တင်ပြပါတယ်”ဟု ဆိုသည်။
အဆိုတင်သွင်းသူ၏ အဆိုကို ဆက်လက် ဆွေးနွေးသင့် မသင့်ကို လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထား အရင်ရယူရမည် ဖြစ်သော်လည်း တိုင်းဒေသကြီး ဦးသန်းမြင့်က ကြားဖြတ် ဆွေးနွေးခြင်းသည် တိုင်းလွှတ်တော် နည်းဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက မီဒီယာများသို့ ပြောသည်။
ဒေါ်ညိုညိုသင်းက“ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် တချို့က အထောက်အထားတွေနဲ့ တက်တက် ကြွကြွ ဝင်ဆွေးနွေးမှာကို မလိုလားတဲ့အတွက် ဒီအဆင့်မှာတင် အစိုးရအဖွဲ့ ဝန်ကြီးက ပိတ်ပင် တားဆီးပြီးတော့ နည်းဥပဒေကို ချိုးဖောက် ဆောင်ရွက်သွားတာပါ”ဟု ဆိုသည်။
ယခုကဲ့သို့ လွှတ်တော်တွင် ဝေဖန် ဆွေးနွေးနေသည့် ဒဂုံစီးတီး ပရော့ဂျက်သည် ရွှေတိဂုံ စေတီတော် ကြံ့ခိုင်မှုနှင့် စေတီပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်သည်ဟု ဆိုကာ ကန့်ကွက်ခံထားရသည့် စီမံကိန်းတခု ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ညွှန်ကြားခဲ့ပြီး ယခုအခါ ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သက်ရောက်မှု မဖြစ်စေရန် ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်လျက် ရှိသည်။