အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုရာတွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်ရေး အစိုးရ၌ ပိုပြီးတာဝန်ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး နောက်ဆုံးနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “၀ နဲ့ မိုင်းလား ပါဝင်ရေးဟာ အစိုးရဘက်မှာ ပိုပြီးတာဝန်ရှိတယ်။ ကျနော်တို့ကတော့ အားလုံးပါဝင်ရင် ကောင်းတာဖြစ်တဲ့ အတွက် ကျနော်တို့က တပြည်လုံး အပစ်ခတ်ရပ်စဲရေးမှာ ပါဝင်ရေးကို ကျနော်တို့ ဖိတ်ကြားမှာ ဖြစ်ပါတယ်။ သို့သော် မဖြစ်မနေ ပါဝင်ရမယ်ဆိုတဲ့ သဘောထားမျိုးနဲ့ ဖိတ်ကြားဖို့ကတော့ မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး မိုင်းလားအဖွဲ့သည် သူ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သည်။ အဆိုပါနှစ်ဖွဲ့သည် တနိုင်ငံလုံး အပစ်ရပ် NCA စာချုပ် လက်မှတ်ထိုးရာတွင် ပါဝင်ဖွယ်မရှိပေ။
UWSA သည် ၁၉၈၉ နှစ်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားခဲ့ပြီးသည့်နောက် အစိုးရနှင့် ၎င်းတို့အကြား ပစ်ခတ် တိုက်ခိုက်မှု ပျက်ပျယ်ခြင်း မရှိစေရန် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရနှင့် အပစ်ရပ် လက်မှတ် ထပ်ထိုးစရာ မလိုတော့ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
“၀ နဲ့ မိုင်းလားက ဒီ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်ခံသဘောတူပြီး လက်မှတ် ရေးထိုးနိုင်ရေးက ကျနော်တို့နဲ့ချည်းပဲ မဆိုင်ဘူး။ အစိုးရနဲ့လည်း ဆိုင်ပါတယ်။ ဒီမတိုင်ခင်မှာ အစိုးရနဲ့သူနဲ့ လက်မှတ်ရေးထိုးစရာ မလိုလောက်အောင် ဘာတွေ သဘောတူခဲ့သလဲ၊ အဲဒါ ကျနော်တို့ မသိဘူး” ဟု ခွန်မြင့်ထွန်းက ပြောသည်။
NCA လက်မှတ်ထိုးရေးကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဖွဲ့ (NCCT) အဖွဲ့ဝင်များ ပါဝင်ရေးကို အဓိက ဆောင်ရွက်သွားမည် ဖြစ်သော်လည်း NCCT အဖွဲ့ဝင်များအကြား အကြေအလည် ဆွေးနွေးထားသည့် NCA မူကြမ်းအပေါ် လက်ခံနိုင်မှုရှိလျှင် အတူတကွ ပါဝင် လက်မှတ်ထိုးနိုင်ကြရေးကို လုပ်ဆောင်သွားမည်ဟု NCCT ခေါင်းဆောင်များက ပြောသည်။
NCCT အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ PNLO ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ MNDAA ၊ ရက္ခိုင့်တပ်မတော် (AA)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားကောင်စီ (ANC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA) နှင့် လားဟူဒီမိုကရက်တစ် ယူနီယံ (LDU) တို့ ပါဝင်ကြသည်။