ထုတ်ပြန်ထားသည့် မဲစာရင်းများတွင် ပါဝင်နေသည့် အမှားအယွင်းများစွာကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် မှန်ကန်တိကျသည့် မဲစာရင်း ဖြစ်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ က ဧရာဝတီသို့ ပြောသည်။
ပထမနှင့် ဒုတိယအကြိမ် ထုတ်ပြန်ပြီးသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်၏ အမည်များ မှားယွင်းခြင်း၊ မဲစာရင်းတွင် ကိုယ်ရေးအချက် အလက်များ မှားယွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်းစသည့် အမှားအယွင်း များစွာတို့ကြောင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေး မလွယ်ကူသေးသဖြင့် စိုးရိမ်မှုဖြစ်မိကြောင်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက ပြောဆိုသည်။
ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်သော New Myanmar Foundation မှ ဒေါ်မြနန္ဒာက “အခုဆိုရင် ပြင်ဆင်ချိန် က လုံး၀ မလုံလောက်တော့ဘူး။ ပိုကောင်းဖို့ဆိုရင် ကော်မရှင်နဲ့ ပါတီတွေ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုတယ်။ မဲစာရင်း ကောက်ယူတဲ့အခါ မလိုအပ်တဲ့ အဆင့်တွေ လျှော့ချဖို့ လုပ်ရမယ်။ ဥပမာ မှတ်ပုံတင်မှာ မပါတဲ့ အမေနာမည် ထည့်ခိုင်းတာမျိုးတွေပါ။ ပြီးတော့ မဲစာရင်း ကောက်တဲ့သူတွေ က အခုထက် ပိုကျွမ်းကျင်သင့်တယ်”ဟု ပြောသည်။
မဲစာရင်း အမှား များပြားမှုသည် ကောင်းမွန်သည့် အခြေအနေတခု မဟုတ်သဖြင့် ကော်မရှင်အနေဖြင့် ယခုထက် ပိုမိုပြည့်စုံရန်နှင့် အများပြည်သူကို အသိပညာ ကျယ်ကျယ်ပြန့်ပြန့် ရရုှိရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ ရေး အဖွဲ့ တဖွဲ့ ဖြစ်သော(PACE) အဖွဲ့၏ ဒါရိုက်တာ ဦးစိုင်းရဲကျော်ကလည်း ပြောဆိုသည်။
ဦးစိုင်းရဲကျော်က“ကော်မရှင်အနေနဲ့ သူ့လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် ပိုလုပ်သင့်တယ်။ အဲဒါဆို ပြည်သူ လူထု က အထင်မမှားတော့ဘူး”ဟုလည်း ပြောသည်။
ယခုအခါ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ထံသို့ ခွင့်ပြုချက် တောင်း ခံရာ အချိန်ယူရသဖြင့် နယ်မြို့များ၌ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ တဖွဲ့ ဖြစ် သော MYNFREL အဖွဲ့ကလည်း ပြောဆိုသည်။
“နယ်တွေမှာ ကော်မရှင် အဆင့်ဆင့်ကို အကြောင်းကြားရတာ ခွင့်ပြုချက်ရမှ လုပ်ခွင့်ရှိတော့ အဆင်မပြေဘူး။ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်မှုကလည်း အားနည်းတယ်။ ပညာပေးလုပ်ငန်းကိုတောင် လုပ်ချင် သလောက် လုပ်လို့ မရဘူး”ဟု MYNFREL မှ ဒေါ်ဇင်မာဦးက ပြောသည်။
MYNFREL အဖွဲ့က မြို့နယ်ပေါင်း ၃၀ တွင် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ယခုအခါ မဲဆန္ဒရှင် စာရင်းကို တတိယအကြိမ် အဖြစ် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ထားပြီး စတုတ္ထအကြိမ် အဖြစ် ၂၀၁၅ ခုနှစ် ဇွန် လ ၂၂ ရက်တွင် ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဲစာရင်းများ မှားယွင်းမှုအတွက် ပြင်ဆင်ရန် အချိန်ရှိပြီး ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးအကြိမ် ရက်သတ္တပတ် ကပ်ထားပေးမည့် မဲစာရင်း ထုတ်ပြန်ချိန်အထိ ပြင်ဆင်ခွင့်ရှိမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ထုတ်ပြန်ထားသည့် ရန်ကုန်နှင့် နေပြည်တော်မှ မြို့နယ် ၃၂ မြို့နယ်ရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများသည် ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ဇွန်လ ၃ ရက်တွင် UEC သို့ အိတ်ဖွင့် ပေးစာတစောင် ပေးပို့ခဲ့သေးသည်။