စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်နေသော ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၄၃၆ အပါ အဝင် အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်မည့် ဥပဒေကြမ်းများကို ယနေ့ ဇွန်လ ၁၀ ရက်နေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က တင်သွင်းလိုက်ကြောင်း သတင်း ရရှိ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားပါတီများမှ လွှတ် တော် ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က အခြေခံဥပဒေ ပြဋ္ဌာန်းချက် များ အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လက်မှတ်ရေးထိုး တင်ပြတောင်းဆိုပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေ ကြမ်း များ လွှတ်တော်သို့ တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့် ဥပဒေကြမ်းများတွင် ပုဒ်မ ၅၉ ၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်မည့် ဥပဒေကြမ်း များ ပါဝင် ကြောင်း၊ ပုဒ်မ ၅၉ သည် နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် ပြဋ္ဌာန်းချက်များဖြစ်ပြီး ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြဋ္ဌာန်းထားသော ပုဒ်ဖြစ်ကြောင်း သိရှိရသည်။
ပုဒ်မ ၅၉ (ဂ) သည် နိုင်ငံတော်သမ္မတအရည်အချင်းကန့်သတ်ချက်တခုဖြစ်ပြီး နိုင်ငံတော်သမ္မတသည် နိုင်ငံရေး၊ အုပ်ချုပ် ရေး ၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည်ဟု ပြဋ္ဌာန်းထားပြီး ပြင်ဆင်သည့် ဥပဒေ ကြမ်းတွင် စစ်ရေး ဆိုသော စကားရပ်အစား ကာကွယ်ရေး ဆိုသော စကားရပ်ဖြင့် အစားထိုးထားကြောင်း သိရှိရသည်။
ပုဒ်မ ၅၉(စ) တွင် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော် ကို ခံယူ စောင့် ရှောက် ရိုသေသူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်း ချက်သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေရန် တားဆီးနေသည်။
လွှတ်တော်သို့ တင်သွင်းလာသည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ယခင်ပြဋ္ဌာန်းချက်တွင် ပါဝင်သည့် တရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ဆိုသော စကားရပ် တခုတည်းကိုသာ ဖြုတ် ပယ်ထားပြီး ကျန်အချက်များကို မူလအတိုင်း ဆက်လက်ပြဋ္ဌာန်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် ဆက်လက်တားဆီးနေဆဲဟု NLD လွှတ်တော်အမတ် ဦးမင်းသူက ဧရာဝတီသို့ပြောသည်။
“ပုဒ်မ ၅၉ (စ) ပြင်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးနေတဲ့ ပြဋ္ဌာန်းချက်အားလုံးကို မပြင်နိုင်သေးပါဘူး။ အချက်တချက်လောက်ပဲ ဖြုတ်ထားတာ” ဟု ဦးမင်းသူက ပြောသည်။
အရေးကြီးဆုံးဖြစ်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ကိုလည်း ပြင်ဆင်ရန် ဥပဒေကြမ်းတွင် ဖော်ပြထား ကြောင်း၊ မူလပြဋ္ဌာန်းချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးပါသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ ဆန္ဒမဲပေးခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း သိရှိရသည်။
လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေပြီး မူလပြဋ္ဌာန်းချက်အရ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူထောက်ခံမှသာ ဖွဲ့စည်းပုံ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက သဘောမတူလျှင် ပုဒ်မ ၄၃၆ မပြင်ဆင်နိုင်သည့် အခြေအနေတွင်ရှိနေသည်။
လွှတ်တော်သို့ တင်သွင်းလာသည့် ပုဒ်မ ၄၃၆ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး ၏ ၇၀ ရာခိုင်နှုန်းထက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဖြင့် ပြင်ဆင်ရမည်ဟု ပြင်ဆင်ထားကြောင်း သိရှိရသည်။
“ ပုဒ်မ ၄၃၆က အဓိကျတယ်။ ပုဒ်မ ၄၃၆ မှာကတော့ အရင်တုန်းကတော့ တစုတဖွဲ့က ချုပ်ကိုင်ထားရင် ဒီမိုကရေစီ မဟုတ်ဘူး ပြောခဲ့ကြတာပေါ့။ အဲဒီအပေါ်မှာ ဖြေလျော့ပေးတာပေါ့။ ပြည်သူ့ဆန္ဒအတိုင်း ကျေနပ်လောက် အောင် တော့ မရသေးဘူး။ ဆွေးနွေးဖို့တော့ မခေါ်သေးဘူး။ ဒါက အဆိုတင်တာပဲ ရှိသေးတယ်” NLD အမတ် ဦးမင်းသူက ပြောသည်။
NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် လူထု လက်မှတ်ပေါင်း ၅ သန်းကို လွှတ်တော်သို့ တင်ပြထားခဲ့သည်။