အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံများနေထိုင်သည့် တရုတ် နယ်စပ်အနီး ဒုက္ခသည်စခန်း ၇ ခုသည် လာမည့် ဇူလိုင်လအတွင်း စားရေရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နိုင်သည့် အခြေအနေ ဖြစ် နေကြောင်း သိရသည်။
ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ထိန်းချုပ်မှု လက်အောက်ရှိ ထိုဒုက္ခသည် စခန်းများသည် ကမ္ဘာ ကုလသမဂ္ဂ အဖွဲ့များ အကူအညီ မရောက်ရှိသည့် စခန်းများဖြစ်ကြောင်း၊ ယင်းဒေသများသည် လမ်းပန်းဆက်သွယ်ရေးအတွက် ခက်ခဲသည့် နေရာဒေသလည်း ဖြစ် ကြောင်း ဒုက္ခသည်များကို သွားရောက်ကူညီပေးနေသည့် ငြိမ်းဖောင်ဒေးရှင်းမှ စီမံအုပ်ချုပ်ရေးမှူး ဦးအက်စ်ဂွန်းမိုင် က ပြောသည်။
အဆိုပါ စခန်း ၇ ခုသည် ဖရဲ၊ ရှိန်ကြိုင်၊ ခေါင်ရှောင်၊ ဇိုင်းအောင်၊ မုန်ဂါ ဇွင်း၊ မဂါယန် နှင့် ပါဂျောင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများဖြစ်ပြီး စားနိပ်ရိက္ခာ ပြတ်လပ်မှုသည် ကူညီထောက်ပံ့မှု လျော့ကျလာခြင်းနှင့် သက်ဆိုင်ကြောင်းလည်း ၎င်းက ပြောပြသည်။
“အဓိက ဒီကမ့်(ဒုက္ခသည် စခန်း)တွေက တော်တော်ဝေးတယ်။ မြန်မာပြည်အတွင်းကနေ သွားလို့မရဘူး။ တရုတ်ပြည်ကနေ ဝင်ရ တဲ့ ကမ့်တွေပဲ ဖြစ်ပါတယ်။ တနှစ်ကျော် နှစ်နှစ်လောက် KBC (ကချင် ခရစ်ယာန် ဘုရားကျောင်း)က ဆက်တိုက်ပံ့ပိုးနေတာ။ လူ ဦးရေ က ၉ ထောင် ရှိပါတယ်”ဟု ဦးအက်စ်ဂွန်းမိုင် က ပြောဆိုသည်။
လက်ရှိ အခြေအနေတွင် စစ်ဘေးရှောင် ဒုက္ခသည်များသည် လူတဦးလျှင် တရက် ကျပ် ၄၀၀ နှုန်းထောက်ပံ့ရာမှ ဇွန်လ နောက် ပိုင်း မှစတင်၍ လူတဦးလျှင် တရက် ကျပ် ၂၀၀ နှုန်းဖြင့် အခြေခံစားဝတ်နေရေး ဖြေရှင်းရတော့မည်ဖြစ်သည်ဟုလည်း ဆိုသည်။
KIA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ဇွန်လ ၉ ရက်က ၄ နှစ်ပြည့်ပြီ ဖြစ်သည်။
တခြားသော ဒုက္ခသည် စခန်းတခု ဖြစ်သည့် အင်ခေါင်းဘာ ဒုက္ခသည် စခန်းမှ အသက် ၇၀ အမျိုးသမီးတဦးက“ဆန် ဆီတွေ နည်း နည်း လျော့လာပြီး။ ၂ လရှိပြီ ကရုဏာဖောင်ဒေးရှင်းက တလ ၆ ထောင်ပေးတာလည်း မရတော့ဘူး။ အဘွားကြီး၊ အဘိုးကြီးတွေ၊ ပိုက်ဆံမရှာနိုင်တဲ့သူတွေက အလှူအတန်းတွေ ဘုရားကျောင်းသွားရင်တောင် ထည့်ဖို့မရှိဘူး။ တခါတလေ ထမင်းကို ဆီဆမ်းစား ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များ လုံခြုံစွာ နေထိုင်နိုင်ရန်၊ အသက်အန္တရာယ် မဖြစ်စေရန်နှင့် စားရေရိက္ခာ လုံလောက်ရန်အတွက် ဝိုင်း ဝန်း ကူညီရမည်ဖြစ်ကြောင်း၊ အစိုးရ၏ ဆုံဖြတ်ချက်ကြောင့် တကျော့ပြန်စစ်ပွဲများ ပြန်ဖြစ်ပွားရခြင်း ဖြစ်သည့်အတွက် အစိုးရသည် ဒုက္ခသည်များအပေါ်လုံးဝ တာဝန်ရှိကြောင်း၊ အစိုးရနှင့် နိုင်ငံတကာ ပူးပေါင်းပြီး ဒုက္ခသည်များအတွက် အကူအညီ ငွေများရရှိလာ ရန် စီစဉ်ပေးရမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာကလည်း ဧရာဝတီ သို့ ပြောသည်။
“သူတို့ တနေ့ကို ကျပ် ၄၀၀ နဲ့ရှင်သန်နေတယ်ဆိုတာ တကယ်လို့များ ကျမတို့ ရဲ့မိခင်ဖြစ်တယ်။ မောင်နှမ ဖြစ်တယ်။ သမီးတွေဖြစ် ရင် ကျမတို့ ဘယ်လိုခံစားရမှာလဲ။ ကျမတို့ ရပ်ကြည့်နေမှာလား။ လောလောဆယ် အနေနဲ့ ဒုက္ခသည်တွေအတွက် သွားရောက် ကူညီ ပံ့ပိုးဖို့အတွက်တောင်မှ အခက်အခဲ ရှိနေပါတယ်။ ယာဉ်တန်းတွေ သွားခွင့်မရဘူး။ ဒုက္ခသည်တွေ ပံ့ပိုးဖို့အတွက် အလှူငွေတွေ မများအောင် လုပ်ဆောင်နေတာ မျိုးရှိနေတယ်”ဟုလည်း ဒေါ်ခွန်ဂျာက ဆိုသည်။
ထို့အပြင် နယ်စပ်တွင်ရှိသည့် စစ်ရှောင်စခန်းများတွင် ကျောင်းသားပေါင်း ၁၀၀၀ ကျော် ကျောင်းတက်နိုင်ရန်နှင့် ပညာရေး အထောက်အပံ့များ ရရှိနိုင်ရန် အခက်ကြုံနေရကြောင်း၊ ယခု စာသင်နှစ်တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့(UNICEF)နှင့် အခြားလူမှုရေး အဖွဲ့များသည် ကျောင်းသုံး ဖတ်စာအုပ်နှင့် အခြားပညာရေး ထောက်ပံ့မှုများကို မပေးနိုင်တော့သည့်အတွက် ကလေးများ၏ ပညာရေး အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
စစ်ရှောင်စခန်းတွင် နေထိုင်သည် ဒုက္ခသည်များသည် စားဝတ်နေရေး အခက်အခဲအပြင် စစ်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိနေကြသည်ဟု ဆိုသည်။
နမ့်ဖက်ကာ စစ်ရှောင်ဒုက္ခသည် စခန်းမှ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတဦး က “ကျမတို့ ဒေသမှာ လက်နက်ကိုင် အင်အားစု တွေ ပြည်သူ့စစ်တွေ များတော့ ဘယ်ချိန် စစ်ပွဲတွေ ပြန်ထဖြစ်မှာလဲဆိုတာကို အရမ်းစိုးရိမ်မိတယ်”ဟု ပြောဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်ကလည်း ယခုကဲ့သို့ စားနပ်ရိက္ခာ လျော့ကျလာခြင်းနှင့် ပတ်သက်သည်ကို သိရှိလိုသည်ဟု ဧရာဝတီကို ပြောသည်။
အစိုးရ တပ်မတော်နှင့် KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ပြီး ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ဒုက္ခသည် လူဦးရေ တသိန်းနှစ်သောင်း ခန့် နှင့် စစ်ဘေးရှောင် စခန်း ၁၇၂ ခု ရှိနေကြောင်း သိရသည်။