အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လဆန်းမှ စတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဇွန်လဆိုလျှင် ၄ နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်း စစ်ဘေးရှောင်ဒုက္ခသည် သိန်းချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲ လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် အတွက် ဒုက္ခသည်တို့၏ စားဝတ်နေရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေရာ ထိုအခက်အခဲများ ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ က ကူညီ ဆောင်ရွက်ပေးနေရာတွင် ထို အဖွဲ့အစည်းများထဲ၌ တဖွဲ့အပါအဝင်ဖြစ်သည့် ဝမ်ပေါင်နင်တွဲ (WPN) အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်မေရီတောင်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က ဆက်သွယ်မေးမြန်း ထားပါသည်။
ကချင်စစ်ပွဲများ စတင် ဖြစ်ပွားစဉ်ကတည်းက လက်ရှိအချိန် အထိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း အတွင်းရှိ ဒုက္ခ သည်များ ၏ အသက် မွေးဝမ်းကျောင်းမှု၊ စားဝတ်နေရေး အခက်အခဲများ၊ ဒုက္ခသည်များကို ကူညီပေးနေကြသည့် အဖွဲ့အစည်းများ၏ အခက်အခဲများနှင့် ကူညီ ထောက်ပံ့မှုများ လျော့ကျလာသည့် အပေါ် မည်သို့ ကျော်ဖြတ်နေရသည် များကို မေးမြန်းထားသည်။
မေး။ ။ အဖွဲ့အစည်း ဖြစ်ပေါ်လာပုံနဲ့ တိုက်ပွဲတွေ ဖြစ်လာတာဟာ ၄ နှစ်ပြည့် ကာလကို ရောက်ရှိလာချိန်မှာ ဒုက္ခသည် စခန်းတွေ ရပ်တည်ခဲ့ရတဲ့ အခြေအနေကို ရှင်းပြပေးပါ။
ဖြေ။ ။ ၂၀၁၁ ခုနစ် ဇွန်လ စစ်ပွဲတွေစဖြစ်ကတည်းက စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည်တွေကို လူသားချင်း စာနာမူ သက်သက်နဲ့ စေတနာ့ဝန်ထမ်းပြီး ဘာရန်ပုံငွေမှ မရှိပေမယ့် ကူညီလိုစိတ် သက်သက်နဲ့ မိခင်စိတ်ရှိတဲ့ အမျိုးသမီးတစုက ၂၀၁၁ ဇွန်လ ၁၄ ရက်မှာ ကချင်လို Wunpawng Ninghtoi (WPN)၊ မြန်မာလို “လူထုအလင်း” လို့ အမည်ရတဲ့ အဖွဲ့ကို ဦးဆောင်ပြီး စတင်ဖွဲ့စည်းခဲ့ပါတယ်။
စစ်ဖြစ်ပြီး တနှစ်လောက် အထိ ဘယ်အဖွဲ့အစည်းမှ ထိထိရောက်ရောက် လာရောက်ပံ့ပိုးတာ မရှိခဲ့ပါဘူး။ အားလုံးက အခြေအနေ စောင့်ကြည့် သတင်းယူဖို့ လာတဲ့သူတွေပဲ ဖြစ်ကြတယ်။ တိုက်ပွဲကလည်း အဆက် မပြတ်ဖြစ်နေပြီး ထွက်ပြေးလာတဲ့ လူတွေက တရက်ထက် တရက် ပိုများလာသလို လိုအပ်မှုကလည်း တိုးပြီးရင်းတိုးဖြစ်နေတဲ့ အချိန်မှာပဲ ကျမတို့ အဖွဲ့အနေနဲ့ လူသားချင်းစာနာမူ ရန်ပုံငွေ ရရှိဖို့ နည်းလမ်းတွေကို ရှာကြံခဲ့ကြပါတယ်။
ကချင် အနုပညာရှင် မောင်နှမတွေကို တေးဂီတ ပွဲတွေလုပ်ပြီး ရန်ပုံငွေရှာဖွေကြတာ၊ ခင်မင်ရင်းနှီးသူတွေနဲ့ နိုင်ငံ တကာရောက် ကချင်ပြည်သူများရဲ့ မေတ္တာ၊ စေတနာဖြင့်ပေးတဲ့ အလှူငွေများနဲ့ တနှစ်တာ ကျော်လွန် ခဲ့ရပါတယ်။ တိုက်ပွဲ ဖြစ်လာတာ ၄ နှစ်ပြည့် ကာလအတွင်းမှာ ဒုက္ခသည်စခန်း အခြေအနေကို ပြောရရင် တော်တော်လေးကို ဒုက္ခများတယ် လို့ ဆိုရမှာပဲဖြစ်တယ်။
မေး။ ။ အစ်မတို့ အဖွဲ့အစည်းရဲ့ လက်အောက်မှာ ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်း ဘယ်နှခု ရှိပါလဲ။ ဒုက္ခသည် ဦးရေရော ဘယ်နှယောက်ရှိပါလဲ။
ဖြေ။ ။ လက်ရှိမှာ ကျမတို့ အဖွဲ့အစည်းအနေနဲ့ ဒုက္ခသည်စခန်း ၆ ခုမှ ဒုက္ခသည် ဦးရေ စုစုပေါင်း တသောင်းကျော် ကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနေပါတယ်။ အဖွဲ့အစည်းအောက်ကနေ ကူညီနေတဲ့ ဒုက္ခသည် စခန်းတွေ က လနန်ထွပ်ဂျာ ဒုက္ခသည်စခန်း၊ အင်ခေါင်းပါ ဒုက္ခသည်စခန်း၊ ပါကထောင် ဒုက္ခသည် စခန်း၊ ဘွန်စစ်ပါ ဒုက္ခသည် စခန်း ၁၊ ၂၊ ၃ တို့ဖြစ်ပြီး၊ အဆောင်နေ ကျောင်းသားတွေ အတွက် မာဂျာယန်မြို့က အထက်တန်း ကျောင်းသား အဆောင်၊ အလယ်တန်း ကျောင်းသားတွေ အတွက် အဆောင်၊ ပါကထောင်မှာ မူလတန်း ကျောင်းသားတွေ အတွက် အဆောင်နဲ့ ဘွန်စစ်ပါ ဒုက္ခသည် စခန်းမှာ အလယ်တန်း ကျောင်းသားတွေ အတွက် အဆောင်၊ လနန်ထွမ်ဂျာ ဒုက္ခသည် စခန်းမှာ အလယ်တန်း ကျောင်းသားတွေ အတွက် အဆောင်တွေ ဖြစ်ပါတယ်။
မေး။ ။ ဒုက္ခသည်တွေရဲ့ လက်ရှိအခက်အခဲတွေက ဘာတွေလဲ။ သူတို့ စားဝတ်နေရေး အတွက် ဘယ်လို ရပ်တည် နေကြပါလဲ။
ဖြေ။ ။ ဒုက္ခသည်တွေက ဒုက္ခသည် စခန်းမှာပဲ နေထိုင်လာတာ ၄ နှစ်ပြည့်လာပြီ ဖြစ်သလို တဖက်ကလည်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပြီး၊ တဖက်ကလည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လည်း နည်းပါးလာတယ်။ ယခင် ရရှိနေကျ အခြေခံ အစားအစာ (ဆန်၊ ဆီ၊ ပဲ) အမျိုးအစားတွေမှာ ဆန်နဲ့ဆီ ၂ မျိုးသာ ရရှိနေပြီး၊ တခြား လိုအပ်ချက်တွေ ဖြစ်တဲ့ ဖြည့်စွက်စာ (အာလူး၊ ကြက်သွန်၊ ငရုတ်၊ ငါးခြောက်) တွေ မရရှိတော့တာ ၂၀၁၅ နှစ်စပိုင်း ကတည်းကပါ။
ဒါ့အပြင် လက်ရှိနေထိုင်နေကြတဲ့ ယာယီ နေအိမ်တွေ ကိုလည်း အားလုံးနီးပါး ပြန်လည် ပြုပြင်ဖို့ အရေးတကြီး လိုအပ် နေတယ်။ မကြာမီ မိုးရာသီကာလ ရောက်ရှိတော့မှာ ဖြစ်တဲ့ အတွက် အရေးတကြီး ပြုပြင်ဖို့ လိုအပ်နေတယ်။ လတ်တလော အနေနဲ့ မေလ ၇ ရက်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုချိန်ထိ မပြုပြင်နိုင်သေးဘူး။
စခန်းမှာ နေထိုင်ကြတဲ့ ကာလက ရှည်လာတော့ လူမှုရေး ပြဿနာတွေ၊ မိသားစုဝင်ငွေ မရှိတဲ့ အတွက် တခြား အခက်အခဲတွေ ရှိနေပါတယ်။ များသောအားဖြင့် ဒုက္ခသည်တွေဟာ လူသားချင်း စာနာမှုဆိုင်ရာ ပံ့ပိုးမှု အပေါ်မှာ မှီခို ရပ်တည် နေရပါတယ်။ တချို့တွေက ဒေသ အတွင်း ကြံစိုက်ခင်း၊ လယ်စိုက်ခင်းတွေမှာ နေ့စားလုပ်သား အဖြစ် လုပ်ကိုင်ပြီး နေထိုင်ပါတယ်။ လူနည်းစုပဲ ဖြစ်တယ်။ အများစုကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ကျောင်းသူ ကျောင်းသားများသာ ဖြစ်ကြတယ်။
မေး။ ။ ကျောင်းသားအဆောင်တွေမှာ နေထိုင်ကြတဲ့ ကလေးတွေအတွက်ရော ဘာတွေ အခက်အခဲရှိနေပါလဲ။
ဖြေ။ ။ ဘော်ဒါဆောင်မှာ နေထိုင်နေတဲ့ ကျောင်းသားတွေရဲ့ အဆောင်က ပြုပြင်ဖို့ အရမ်းလိုအပ်နေပါတယ်။ တနှစ်ထက် တနှစ် အဆောင်နေ ကျောင်းသားဦးရေ များပြားလာတဲ့အပြင် နေရာထိုင်ခင်း အသုံး အဆောင် ပစ္စည်းများနဲ့ ကျောင်း သင်ထောက်ကူပြု ပစ္စည်းတွေ၊ အထူးသဖြင့် ကျောင်းသားတွေ တနေ့ နှစ်နပ်သာ စားသောက် ရတဲ့ အတွက် အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ကျောင်းသား အများစုက ကျောင်းဝတ်စုံ အခက်အခဲတွေ ရှိနေပါတယ်။
မေး။ ။ ဒုက္ခသည်တွေကို ရိက္ခာ ဖြတ်တောက်မှုတွေ ရှိနေတဲ့အချိန်မှာ အဖွဲ့အနေနဲ့ ဘယ်လိုကျော်ဖြတ်ကြပါလဲ။
ဖြေ။ ။ ဒုက္ခသည်တွေကို ရိက္ခာဖြတ်တောက်မှုတွေ ရှိနေတဲ့အချိန်မှာ ကျမတို့ အဖွဲ့အနေနဲ့ ဒုက္ခသည်စခန်း အတွင်း စားနပ်ရိက္ခာ ရရှိဖို့ အတွက် ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ စိုက်ပျိုးတာ၊ မြေနေရာ ငှားရမ်းစိုက်ပျိုးတာ၊ မျိုးစေ့တွေ ထွန်ယက် စိုက်ပျိုးဖို့ အထောက်ကူပြု ပစ္စည်းတွေ ပံ့ပိုးပေးတဲ့ အပြင် စိုက်ပျိုးနည်းပညာတွေ ကိုလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို ပြည့်မီအောင် မပြုလုပ်နိုင်သေးပါဘူး။
အရေးပေါ် အခြေအနေတွေမှာ ကျမတို့ အဖွဲ့အနေနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အကူအညီ တောင်းခံတာတွေ၊ ပြည်ပမှာရှိတဲ့ ကချင်မိသားစု လူမှုအဖွဲ့အစည်းတွေကို အကြောင်းကြား အကူအညီ တောင်းခံတာ တွေ၊ ကျမတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကို အကူအညီတောင်းခံပြီး အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်း ကျော်ဖြတ်ခဲ့ကြပါတယ်။
မေး။ ။ အမျိုးသမီး ဒုက္ခသည်တွေ အတွက်ရော ဘယ်လိုကူညီ ဆောင်ရွက်ပေးနေပါလဲ။
ဖြေ။ ။ အမျိုးသမီးတွေ တဖက်တလမ်းက ဝင်ငွေ ရရှိဖို့အတွက် အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်နည်း၊ ခေါင်းလျှော်ရည် ပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည် ပြုလုပ်နည်းတွေကို သင်တန်းပေးပြီး သူတို့ကိုယ်တိုင် ပြုလုပ်စေပြီး ကိုယ်တိုင် အသုံးပြုနိုင်ဖို့ ပံ့ပိုးပေးပါတယ်။ အခုချိန်မှာ မိခင်တွေက သားသမီးတွေရဲ့ ပညာရေး အတွက် အထောက်အကူ ပြုဖို့ ဝင်ငွေ အထူး လိုအပ်လျက် ရှိနေပါတယ်။ ဆပ်ပြာရည် ပြုလုပ်နည်းနဲ့ အမျိုးသမီးတချို့ ဝင်ငွေ အနည်းငယ် ရရှိခဲ့ကြပါတယ်။
၄ နှစ်တာကာလကြာချိန်မှာ တချို့ကျောင်းသူတွေက မိမိအသက်အရွယ်နဲ့ အတန်းပညာ ကွာဟမှု ရှိတဲ့ အတွက် ရှက်ပြီး ကျောင်းဆက် မတက်တော့တဲ့ ဦးရေလည်း များလာတယ်။ တရုတ်နယ်စပ်နဲ့လည်း နီးတဲ့ အတွက် တရုတ်ပြည် အလုပ်သွားလုပ်ချင်ကြပြီး တချို့ကတော့ အရွယ် မရောက်မီ အိမ်ထောင် ပြုသွားတာတွေ ရှိတယ်။ တချို့ အမျိုးသမီး ငယ်လေးတွေ ကိုလည်း လူကုန်ကူးမှု အန္တရာယ်ကနေ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အမျိုးသမီးငယ် ၁၃ ဦးကို ၂၀၁၂ ခုနစ်က စတင်ပြီး ဗန်းမော်က အမျိုးသမီး အိမ်တွင်း လက်မှုကျောင်း ၂ နှစ် သင်တန်းကို ပညာသင်ကြားဖို့ ထောက်ပံ့ပို့ ပေးခဲ့တယ်။ ၂၀၁၅ ခုနစ် မတ်လမှာ ကျောင်းသူ ၁၀ ဦး အောင်မြင်စွာနဲ့ သင်တန်း ပြီးခဲ့ကြတယ်။ အဲဒီသင်တန်းကျောင်းမှာ ပညာသင်ကြားနေသူ ၂ ဦးရှိပြီး လာမယ့် ပညာသင်ကာလ အတွက် လျှောက်ထားသူဦးရေ ၃၀ ခန့်ရှိပြီး ကျမတို့အဖွဲ့က ၁၀ ဦးကို ဆက်လက် ပံ့ပိုးပေးသွားဖို့ ရှိပါတယ်။ ဒီအစီအစဉ် အတွက် ဘယ်ရန်ပုံငွေမှ ရရှိတာမဟုတ်ဘဲ ဒုက္ခသည်စခန်းက အမျိုးသမီးတွေ စုပေါင်းပြီး ဆပ်ပြာရည် ပြုလုပ် ရောင်းချရာက ရရှိလာတဲ့ဝင်ငွေနဲ့ ကိုယ်ထူကိုယ်ထ ပံ့ပိုးပေးတာပဲ ဖြစ်ပါတယ်။
မေး။ ။ ဒုက္ခသည်စခန်းက အမျိုးသမီးငယ်လေးတွေ လူကုန်ကူးမှုမခံရအောင် ဘယ်လို ဆောင်ရွက်တာပါလဲ။
ဖြေ။ ။ အမျိုးသမီးငယ်တွေ လူကုန်ကူးမှု မခံရအောင် ကျမတို့ အဖွဲ့အနေနဲ့ ကလေးသူငယ်တွေကို အသိပညာ ပေးမှု အစီအစဉ်တွေ ပြုလုပ်ပေးတဲ့ အပြင်၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဖို့ ကျွမ်းကျင်ရာ သင်တန်းတွေ ပေးတယ်။ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သင်တန်းတွေ ပေးတဲ့အပြင်၊ စခန်းအတွင်းမှာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး လူကုန်ကူးမှု တားဆီးရေး အဖွဲ့တွေနဲ့လည်း ချိတ်ဆက် လုပ်ဆောင်ပေးနေပါတယ်။
မေး။ ။ အဆောင်နေတဲ့ ကလေးတွေရော လက်ရှိအချိန် အထိ သူတို့မိဘတွေနဲ့ တွေ့ဆုံခွင့် ရကြပါပြီလား။
ဖြေ။ ။ အဆောင်နေကလေး အများစုက မိဘတွေကို ဖုန်းနဲ့ဆက်သွယ်တာတွေ ရှိပါတယ်။ တချို့ကလေးတွေက တိုက်ပွဲကြောင့်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ငွေကြေး အခက်အခဲတွေကြောင့် မိဘတွေနဲ့ တွေ့ဆုံမှု မရရှိကြသေး ပါဘူး။ ကျမတို့ အဖွဲ့အနေနဲ့ ကလေးတွေအားလုံး မိသားစုနဲ့ ပြန်လည် တွေ့ဆုံ ပေါင်းစည်းခွင့် ရရေး အတွက် ကြိုးပမ်း ဆောင်ရွက်ပေးနေ ပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေနဲ့ လုံခြုံမှု မရှိတဲ့ အခြေအနေ တွေကြောင့် တချို့လည်း ဘယ်လိုမှ ပေါင်းစည်းတွေ့ဆုံဖို့ မလုပ်နိုင်ကြသေးပါဘူး။
မေး။ ။ အမျိုးသမီးတယောက်အနေနဲ့ ဒီလိုကိစ္စတွေကို ဦးဆောင်လုပ်ရတဲ့ အချိန်မှာ ဘယ်အချက်က အခက်ခဲဆုံး ဖြစ်နေပါလဲ။
ဖြေ။ ။ ကျမအတွက် အခက်ခဲဆုံး အချက်က လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေအပေါ်မှာ လက်တွေ့ကျကျ ဦးဆောင်ပြီး ဆွေးနွေးကြတဲ့ အခါမှာ ကျမတို့ ရဲ့ အသိုင်းအဝန်းမှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ကဏ္ဍက မရှိသလောက် နည်းပါးတဲ့ အတွက် မင်းပြောတဲ့အရာတွေက ဖြစ်ရော ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မယုံရဲတဲ့ အကြည့်တွေကို အစပိုင်းမှာ ကြုံတွေ့ရတယ်။
ဒါတွေအပြင် လုပ်ဆောင်မှု တိုင်းမှာလည်း ဝေဖန်ပြောဆိုမှုတွေကို ခံရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ကျမရဲ့ အတွေးတွေ ကျမရဲ့ စိတ်နှလုံးထဲအထိ ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေကို မြင်ယောင်ပြီး သူတို့ရဲ့လိုအပ်မှုကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးလိုတဲ့ ဆန္ဒတခုတည်းနဲ့ ဝေဖန်ပြော ဆိုမှုတွေ၊ မယုံကြည်မှုတွေကို ယုံကြည်မှုဆီသို့ ရောက်ရှိလာအောင် အလုပ်နဲ့ပဲ သက်သေပြခဲ့ပါတယ်။
မေး။ ။ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ တိုးလာတဲ့အပေါ်မှာ အစိုးရကို ဘာများ ပြောလိုပါသလဲ။
ဖြေ။ ။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တချို့ဒေသတွေမှာ ဒုက္ခသည်တွေ တိုးလာတာတွေဟာ လက်ရှိ အစိုးရအပေါ်မှာ လုံးဝ တာဝန်ရှိတယ် လို့ မြင်ပါတယ်။ တိုင်းသူပြည်သားတွေ အပေါ် အထူးသဖြင့် စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်များ အပေါ်မှာ လူ့ဂုဏ်သိက္ခာနဲ့အညီ စာနာပံ့ပိုးမှု ဆိုင်ရာ အကူအညီ တွေကို ထိထိရောက်ရောက်နဲ့ အင်တိုက်အားတိုက် ပြုလုပ်ပေးဖို့ အထူး လိုအပ်ပါတယ်။ အစိုးရကို သိက္ခာရှိ ကတိတည်ပြီး တာဝန်ယူ တာဝန်ခံနိုင်တဲ့ အစိုးရ၊ ပြည်သူလူထု အကျိုးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ကို ဖော်ဆောင်ပေးနိုင်တဲ့ အစိုးရ ဖြစ်စေချင်ပါတယ်။
မေး။ ။ ၄ နှစ်ဆိုတဲ့ အချိန်ကာလမှာ ဒုက္ခသည်တွေနဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ပြောပြပေးပါ။
ဖြေ။ ။ ဒီ ၄ နှစ် ဆိုတဲ့ကာလမှာ ဒုက္ခသည်တွေ ဟာ ခက်ခဲပင်ပန်းစွာနဲ့ ဖြတ်သန်းခဲ့ချိန်မှာ ကျမလည်း သူတို့ကို ကိုယ်ချင်းစာပြီး အတူတကွ ကျော်ဖြတ်ခဲ့ရ ပါတယ်။ သူတို့တွေနဲ့အတူတူ ဝမ်းနည်းခဲ့ရတယ်။ စစ်ကြောင့် သားသမီး တွေ ဆုံးရှုံးပြီး အသက် ရှင်သန်လိုစိတ် မရှိတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ လူငယ်လူရွယ် တွေလည်း ပညာရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေးမှာ အဘက်ဘက် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးမှုနဲ့ ဘဝကို ဖြတ်သန်းနေ ကြရတယ်။ ၄ နှစ်အတွင်းမှာ ကျောင်းပြီး ဘွဲ့ရကြမယ့် ကျောင်းသားဦးရေ ထောင်ကျော်မှာ အလုပ်အကိုင်မရှိဘဲ ရရာကျပန်း အလုပ်ကြမ်းတွေ လုပ်ရင်း ဖြတ်သန်းနေရတာကို တွေ့ရတယ်။
သက်ကြီးရွယ်အို တချို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေကြတယ်။ တချို့ကလည်း မျှော်လင့်ချက်မဲ့နေ ကြတဲ့ သွင်ပြင် လက္ခဏာတွေ မြင်နေရတယ်။ ကျောင်းသူ၊ ကျောင်းသားတွေမှာလည်း ကျောင်းဆက် မတက်ချင်တဲ့သူ ဦးရေ များလာတာ ကိုလည်း တွေ့နေရတယ်။ တနှစ်ထက်တနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်အပေါ်မှာ မျှော်လင့်ချက် အကြီးကြီး တွေထားရှိပြီး နေအိမ်ပြန်နိုင်မယ့် နေ့ရက်ကို မျှော်လင့်ရင်း ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာ နေထိုင်လာ ရတာကိုလည်း စိတ်ကုန်လာကြတာကို တွေ့ရပါ တယ်။
သူတို့တွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးတိုင်း ကျမကို အမြဲမေးကြတယ်။ ဘယ်တော့ အိမ်ပြန်ရမှာလဲ ဆရာမ ဆိုတဲ့ မေးခွန်းကို ကျမလည်း မဖြေပေးနိုင်သလို ကျမကိုယ်တိုင်လည်း ဒီမေးခွန်းကို ပြန်မေးချင်နေပါတယ်။ ။