ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)က မြန်မာနိုင်ငံတွင်း ကလေးလုပ်သား ပပျောက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ILO အစီအစဉ် တခုဖြစ်သည့် “မြန်မာနိုင်ငံ ကလေးလုပ်သား ပပျောက်ရေး (My-PEC) စီမံချက်” ဖြင့် ကလေးလုပ်သားများ လုပ် ငန်းခွင်အတွင်းမှ လွတ်မြောက်ရေးနှင့် ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ၄ နှစ် စီမံချက်ဖြင့် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု လည်း ဆိုသည်။
My-PEC အစီအစဉ်၏ ရှေ့ပြေးစီမံချက်အရ ၂၀၁၆ – ၂၀၁၇ ၂ နှစ် ကာလအတွင်း လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်နေရ သည့် ကလေးလုပ်သား ၃၆၀၀ ကို ရွေးချယ်ပြီး ဦးစွာပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုစီမံကိန်း၏ Survey and Research Assistant ဒေါ်နှင်းဝတ်ရည်က ပြောသည်။
My-PEC စီမံချက်အတွက် ကလေးလုပ်သား စာရင်းကို ILO က ကောက်ယူရရှိသည့် အလုပ်သမားစာရင်း အချက်အလက်များ အပေါ် အခြေခံ ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် ကလေးလုပ်သားဦးရေ စာရင်းကို မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ရှေ့ပြေးစီမံချက်အရ ကလေးလုပ်သား အများဆုံးရှိသည့် မြို့၊ကျေးလက်နှင့် နယ်မြို့ နေရာဒေသ ၃ ခုတွင် ကလေးဦးရေ ၁၂၀၀ စီ ရွေးချယ်ကာ ပညာရေးအတွက် ထောက်ပံ့ခြင်း၊ ပိုမိုကောင်းမွန်သည့် အလုပ်ရရှိရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်း အပြင် ၎င်းတို့၏ မိသားစု ဝင်ငွေရလမ်းအတွက်ပါ ဖန်တီးပေးခြင်းတို့ကို လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဒေါ်နှင်းဝတ်ရည်က ပြောသည်။
“အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ ကလေးတွေကို ဦးစားပေး ရွေးချယ်မှာပါ။ အသက် ၇ နှစ်ကနေ ၁၇ နှစ်အထိ ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
My-PEC စီမံချက်အရ ပထမ ၂ နှစ်တွင် ကလေးမိဘများနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း ပြုလုပ်မည့်အပြင် ကလေး၏ သဘောထားနှင့် သက်ဆိုင်ရာ အုပ်ထိန်းသူများ၏ သဘောတူညီမှု ရရှိရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်နှင်းဝတ်ရည် က ဆက်ပြောသည်။
ကလေးလုပ်သား အများစုသည် စားသောက်ဆိုင်များနှင့် ကျပန်းအလုပ်များတွင် လုပ်ကိုင်နေကြရပြီး ၎င်းတို့အား လုပ်ငန်းခွင်များမှ လွတ်မြောက်ရေးအတွက် ILO ၏ ကူညီလုပ်ဆောင်မှုများကို ကြိုဆိုကြောင်း၊ ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်သမား ဥပဒေစစ်ဆေးရေး လက်ထောက်ညွန်မှူး ဦးအောင်ကျော်ဦးက ပြောသည်။
“တချို့ကလေးတွေက အလုပ်ထွက်ပြီး ကျောင်ပြန်တက်ဖို့ စိတ်မဝင်စားတာ တွေ့ရတယ်။ My-PEC အစီအစဉ်နဲ့ ဒါတွေဆောင်ရွက် ဖို့ ဌာနကို အကြောင်းကြားတာတော့ မရှိသေးပါဘူး”ဟု ဦးအောင်ကျော်ဦးက ဧရာဝတီကို ပြောသည်။
ကလေးလုပ်သားများသည် မိသားစုစီးပွားရေး အခြေအနေအရ ကျောင်းဆက်မတက်နိုင်ဘဲ အလုပ်လုပ်နေရသည့် ကလေးများ ဖြစ်ကြသဖြင့် အလုပ်မှထွက်၍ ကျောင်းပြန်တက်ရေးသည် လွယ်ကူနိုင်ဖွယ်မရှိကြောင်း ရန်ကုန် လမ်းမတော်မြို့နယ်တွင် ထမင်းဆိုင်ဖွင့် ထားသူ တဦးက ပြောသည်။
ရန်ကုန်မြို့လယ်တွင် ကွမ်းယာရောင်းနေသည့် အသက် ၁၄ နှစ်အရွယ် မပိုပိုက“အိမ်က အဆင်မပြေလို့ ကျောင်းထွက်ထားတာ။ ဖြစ်နိုင်ရင် ကျောင်းပြန်တက်ချင်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ILOက တနိုင်ငံလုံး အလုပ်သမားစာရင်း ကောက်ယူထားသည့် အစီရင်ခံစာကို ယခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းအချက်အလက်များအပေါ် အခြေခံ၍ ကလေးလုပ်သားပပျောက်ရေး စီမံချက်ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကလေးလုပ်သား ပပျောက်ရေး လုပ်ဆောင်ချက်များတွင် ILO အနေဖြင့် တိုက်ရိုက်ပါဝင် ဆောင်ရွက်မည်မဟုတ်ဘဲ ဒေသခံ အရပ် ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒေါ်နှင်းဝတ်ရည်က ပြောဆိုသည်။
ILO က မြန်မာနိုင်ငံ ကလေးလုပ်သား ပပျောက်ရေး စီမံချက်(My-PEC) ကို ၂၀၁၄ ခုနှစ်မှ စတင်၍ ၄ နှစ် စီမံချက်ဖြင့် လုပ်ဆောင် နေခြင်းဖြစ်သည်။
My-PEC အစီအစဉ်ဖြင့် ကလေးလုပ်သားများနှင့်ပတ်သက်သည့် စစ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင် လျက်ရှိသည်။