အစိုးရ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူများ ကို ပြန်လည်တောင်းပန်သင့်ကြောင်း လူ့အခွင့် အရေးလှုပ်ရှားဆောင်ရွက်သူများက ရန်ကုန်မြို့၊ Orchid Hotel တွင် ယနေ့ ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး မှတ် တမ်း ကွန်ရက်၏ “အသိအမှတ်ပြုရန် နှင့် ပြုပြင်ရန် အစီရင်ခံစာ” ထုတ်ပြန်ခြင်း ရှင်းလင်းပွဲတွင် ထောက်ပြ ပြော ဆို သည်။
“ကျမတို့က အပြစ်ဖို့ရန်အတွက်ချည်းပြောတာမဟုတ်ဘူး။ အစိုးရနဲ့ ကျူးလွန်ခဲ့သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ ရတဲ့သူတွေကို အသိအမှတ်ပြုပေးဖို့၊ လေးစားဖို့လိုတယ်။ သူတို့လုပ်ခဲ့တယ်ဆိုတဲ့ကိစ္စကို ဝန်ခံဖို့လိုတယ်။ ပြုပြင် ပြောင်း လဲမှု တွေလုပ်လာပြီလို့ပြောနေပေမယ့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက ရှိနေသေးတယ်။ တရားရေး မဏ္ဍိုင်ကလည်း အကောင် အထည်ဖော်မှု အားနည်းနေတယ်”ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ တာဝန်ရှိသူ လွေးပိုးငယ်(လိုည်းပိုးငယ်) က ရှင်းပြသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်သည် တိုင်းရင်းသားဒေသအသီးသီးရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ၂၀၀၄ ခုနှစ်မှ စတင်ကာ စစ်တမ်းကောက်ယူခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲကာလက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၊ မြန်မာ့ရေးရာ၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ ညီမျှခြင်း-မြန်မာ၊ ဘန်နီတက်ခ်၊ အသွင်ကူးပြောင်းမှု တရားမျှတမှုဆိုင်ရာ နိုင်ငံတကာစင်တာ၊ ပလောင် အမျိုးသမီးအစည်းအရုံးအပါအဝင် လူ့အခွင့်အရေး အဖွဲ့များစွာဖြင့် ပူးပေါင်း မှတ်တမ်းတင်နေသည့် ကွန်ရက် တခုဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်း ကောက်ယူခဲ့ပြီးနောက် အစိုးရ၊ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများ ရှိခဲ့သည့်အပေါ် အထောက်အထားများစွာပါရှိသည့် “အသိအမှတ် ပြုရန်နှင့် ပြုလုပ် ရန်” အစီရင်ခံစာ တစောင်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။
“ဒီအစီရင်ခံစာဟာ သူတို့မှားတယ်ဆိုတာကို ဝန်ခံဖို့လုပ်တာဖြစ်တယ်။ စစ်တပ်မို့လို့ အရေးယူလို့မရဘူးဆိုပြီး ကျူးလွန်နေတာတွေကို ရပ်တန့်ပေးဖို့လုပ်တာဖြစ်တယ်”ဟု ထားဝယ်အမျိုးသမီးသမဂ္ဂ မှ မစုစုဆွေ က ရှင်းပြသည်။
အဆိုပါ အစီရင်ခံစာတွင် စစ်တပ်က ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လယ်ယာမြေသိမ်းပိုက်ခြင်းကိစ္စများကို အဓိက ဖော်ပြထားပြီး ဖြစ်စဉ်များအနေဖြင့် အလွတ်သတင်းထောက် ကိုပါကြီး အမှု၊ ၉ တန်းကျောင်းသူ ဂျာဆိုင်းအန် သတ်ဖြတ် ခံရမှု၊ ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှု၊ လယ်ယာမြေများသိမ်းဆည်းမှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရပြီး ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့သည့် အမှုများစွာကို သက်သေများဖြင့် ဖော်ပြထားသည်။
အစိုးရအနေဖြင့်လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အမှန်တကယ်အပြစ်ရှိသူကို အရေးယူဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေသည့် စစ်တပ်အင်အားကိုလျော့ချရန်လိုအပ်ကြောင်း၊ စစ်ပွဲအတွင်း လူ့အခွင့် အရေးချိုးဖောက်ခံရမှုများကို စုံစမ်းဖော်ထုတ်ရန် လွတ်လပ်မျှတသည့်အဖွဲ့အစည်းများ လိုအပ်ကြောင်း၊ ချိုးဖောက် ခံခဲ့ရသူများကို အသိအမှတ်ပြုရန်နှင့် ပြန်လည်ထူထောင်မှုအစီအစဉ်များဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် ရေးသား ထားသည်။
ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ) မှ တာဝန်ရှိသူ မစင်ထရယ်က“လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူတွေနဲ့ ပတ်သက် လို့ အမှန်တရားတွေမရှိသလို ၊ လုံခြုံမှု၊ အကာအကွယ်ပေးမှုတွေလည်းမရှိဘူး။ ပြန်လည် ကုစားပေးမှု လည်းမရှိဘူး။ တချို့ကိစ္စတွေမှာဆိုရင် အစိုးရ က ပါဝင်ပတ်သက်နေတဲ့အပိုင်းတွေကိုလည်း တွေ့ရှိရတယ်”ဟု ပြော သည်။
လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများက လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသည့်ကာယကံရှင်များ အပေါ် အစိုးရ က ၎င်းတို့ ကျူးလွန်မိခဲ့ကြောင်း ဝန်ခံခြင်း၊ တောင်းပန်မှုများပြုလုပ်ခြင်း၊ အခွင့်အရေးချိုးဖောက်ခံခဲ့ရသည်ကို အသိ အမှတ် ပြုခြင်း နှင့် ကာယကံရှင်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးသင့်ကြောင်း ပြောဆိုကြသည်။