အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံသို့ ဇွန်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ၅ ရက် ကြာမြင့်မည့် ခရီးစဉ်တွင် နိုင်ငံ့အရေး အကျိုးရှိမည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု သူ၏ တရုတ် ခရီးစဉ် မ တိုင်မီ မီဒီယာများသို့ ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရား ဝင် ဖိတ်ခေါ်ခြင်းမှာ တရုတ်၏ မြန်မာအပေါ် ပြောင်းလဲလာသည့် မဟာဗျူဟာကို ရောင်ပြန်ဟပ်ခြင်းပင်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုပ်ပြည် ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်များကို ဧရာဝတီ သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားသည်။
ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီး)
ကျနော်တို့ အနေနဲ့ကတော့ ဒီခရီးစဉ်ဟာ ပါတီ ၂ ခု အနေနဲ့ ပါတီတခုက ခေါင်းဆောင်တယောက်ကို ဟိုဘက်ပါတီတခုက ခေါင်းဆောင် တယောက်က ဖိတ်တဲ့အတွက်ကြောင့် ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။ နောက်တခုက ကျနော်တို့ တည်ဆောက် နေတာက နှစ်နိုင်ငံကြားမှာ အစိုးရချင်း၊ ပြည်သူချင်း ဆက်ဆံရေးဖြစ်ဖို့အတွက် ဆောင်ရွက်နေတယ်။ ဒါကြောင့်မို့ ပြည်သူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေ တဖက်နိုင်ငံကို သွားခြင်းအားဖြင့် တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန် နားလည်မှု ပိုမိုတိုးမြင့်စေနိုင်မယ်လို့ ယုံကြည်တယ်။ တကယ် အကောင်အထည် ဖော်နေတာကတော့ ကျနော်တို့ အစိုးရကနေ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်ဆံရေးဆိုတော့ ဒါတွေအားလုံး အကျုံးဝင်တာပေါ့။
ကျနော်တို့ကတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ အထစ်အငေါ့တွေရှိတယ် ဘာညာဆိုတာ အဲလိုမမြင်ပါဘူး။ အမေရိကန်နိုင်ငံနဲ့ မက္ကဆီကို နိုင်ငံလိုမျိုး ကြားမှာလည်း ဖြေရှင်းရတဲ့ ပြဿနာတွေဆိုတာ အမြဲရှိတာပဲလေ။ ဒါကြောင့်မို့ ကျနော်တို့က ရှည်လျားတဲ့ နယ်နမိတ် တလျှောက်မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ဟာတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်တဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ တွေက ဖြစ်နေမှာပါ။ ဒါတွေအားလုံးကိုလည်း ကျနော်တို့က ချစ်ကြည် ရင်းနှီးမှုကို အခြေခံပြီးတော့ ဖြေရှင်းနေကြတာပဲလေ။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်းသည် ဒီလိုဆက်ဆံရေး ကောင်းနေတဲ့ အတွက်ကြောင့်မို့ ဖိတ်ကြားခြင်းလို့ပဲ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်လို့ ဆက်ဆံရေး ပိုကောင်းသွားတယ်လို့ မမြင်ပါဘူး။
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာ သုံးသပ်သူ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ သမိုင်းမှာရော တရုတ် ကွန်မြူနစ်ပါတီရဲ့ သမိုင်းမှာရော အတော်လေး ထူးခြားတယ်လို့ ပြောလို့ရတယ်။ အတိုက်အခံ ခေါင်းဆောင်တယောက်လည်း ဖြစ်တယ်။ နိုဘယ်ငြိမ်းဆုရှင် တဦးလည်း ဖြစ်တဲ့သူကို တရုတ် ကွန်မြူနစ်ပါတီကနေပြီးတော့ တရားဝင် ဖိတ်ကြားတဲ့ ခရီးစဉ် ဖြစ်နေတဲ့ အတွက်ကြောင့်မို့လေ။ ကျနော့်ရဲ့အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်ကို အကြောင်း ပြုပြီးတော့ မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြားမှ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်မယ်လို့ မယုံကြည်ဘူး။ နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုပြီးတော့တောင်မှ ကောင်းမွန်လာမယ့် ဘက်ကို ဦးတည်တယ်လို့ ပြောလို့ရတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရုတ်ပြည် ကွန်မြူနစ် ပါတီကြား ယုံကြည်မှု၊ နားလည်မှုနဲ့ ချစ်ကြည်မှု တည်ဆောက်သလိုပဲ တရုတ် ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ကို ရှေးရှုတယ်လို့ ယူဆတယ်။
ဒါပေမယ့် အဲဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ခေါင်းဆောင်တွေကို အသိပေးသင့်တာကတော့ တရုတ် ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်နဲ့ ဆက်ဆံရေးမှာ အစိုးရ အစိုးရချင်း ဆက်ဆံရေး၊ ပါတီချင်း ပါတီချင်း ဆက်ဆံရေးထက် ပြည်သူ ပြည်သူချင်းဆက်ဆံရေးကို ပိုပြီးအလေးထားဖို့ လိုတယ်ဆိုတာကို သတင်း စကားပါးဖို့ လိုတယ်လို့ မြင်တယ်။ ပြည်သူ ပြည်သူချင်း ဆက်ဆံရေး ဆိုတဲ့နေရာမှာ ဥပမာအားဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းလို၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလို၊ ကျောက်ဖြူ ကူမင်း ရထားလမ်း စီမံကိန်းလို အဲဒီလိုစီမံကိန်းတွေကို တရုတ် ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူလူထုရဲ့အသံ၊ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားကို အလေးအနက်ထားပြီးတော့ စဉ်းစားညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ တရုတ်ခေါင်းဆောင်တွေ အနေနဲ့လည်းပဲ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထု အများစုကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် အစိုးရအဖွဲ့ေ ပါ်ပေါက်လာဖို့ကို အလေးအနက်ထား ကြားဝင် ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။
တကယ်တမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်ကတော့ စီစဉ်နေတာတော့ တနှစ်လောက်ရှိနေပြီ။ အဲမတိုင်ခင်မှာ လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ သွားခဲ့တာတွေ အနည်းဆုံး ၇ ကြိမ် ၈ ကြိမ်လောက် ရှိတယ်။ အဲဒီအခါကျတော့ ဒီပါတီ ၂ ခုကြားဆက်ဆံရေးကတော့ ပြောမယ်ဆိုရင် ၂ နှစ် ၃ နှစ်လောက်ရှိပြီ။ စပြီး တည်ဆောက်တဲ့သဘောပေါ့။ ဒါပေမယ့် ပြောစရာရှိတာကတော့ ၂၀၁၅ ရွေးကောက်ပွဲနှစ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေပြီးတော့ နယ်စပ်မှာလည်းပဲ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက ဘာလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးကိုယ်တိုင်က ဖိတ်ကြားလဲဆိုတဲ့ ပြဿနာတော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော့်အမြင်က အဲဒီလိုဖိတ်ကြားရတဲ့ အကြောင်းအရင်းဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးမှာ နိုင်ငံရေးရော၊ စီးပွားရော၊ စစ်ရေးရောမှာ ပိုမိုအဆင်ပြေချောမွေ့ပြီး ပိုမိုအားကောင်းဖို့အတွက် ရည်ရွယ်တဲ့ နှစ်နိုင်ငံကြား၊ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား ယုံကြည် တည်ဆောက်ရေး ပိုမိုအားကောင်းဖို့ ရည်ရွယ်တယ်လို့မြင်တယ်။
ဦးထွန်းထွန်းဟိန် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – ဗဟိုအလုပ်အမှုဆောင်)
တရုတ်ပြည်နဲ့ မြန်မာနိုင်ငံဆိုတာ အိမ်နီးချင်းနိုင်ငံ။ အိမ်နီးချင်းနိုင်ငံဆိုတာ ရွေးချယ်စရာ မရှိပါဘူး။ အန်ကယ်တို့ စိတ်ကြိုက် ရွေးချယ်လို့မရပါဘူး။ ပထဝီ အနေအထားအရ တည်ရှိကြတာဆိုတော့။ အန်ကယ်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဒီအိမ်နီးချင်းနိုင်ငံတွေနဲ့က ကောင်းမွန်တဲ့ ဆက်ဆံရေးကို အမြဲတမ်း တည်ဆောက်ရမယ်ဆိုတာ ယုံကြည်ထားပါတယ်။ ဒီဥက္ကဋ္ဌ သွားတဲ့ ခရီးစဉ်မှာဆိုရင် အန်ကယ်တို့ ပြောနိုင်တာက အိမ်နီးချင်းနိုင်ငံ အနေနဲ့ဆိုရင် ရင်းနှီးခင်မင်မှု ပိုရှိမယ်။
တရုတ် ကွန်မြူနစ်ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့က တရုတ်ကွန်မြူနစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ခေါ်တာဟာ ဒါပထမဆုံး မဟုတ်ပါဘူး။ အရှေ့မှာ သုံးလေးခြောက်ကြိမ်ရှိပါပြီ။ ဒီတခါမှသာ ဥက္ကဋ္ဌက သွားတာကိုး။ တရုတ်ပြည် အနေနဲ့ကလည်း နိုင်ငံရေးပါတီတွေနဲ့ အန်ကယ်တို့သိသလောက် ကမ္ဘာပေါ်မှာ နိုင်ငံရေးပါတီ ၆၀၀ ကျော်ကလည်း တရုတ် ကွန်မြူနစ်ပါတီနဲ့ အဆက်အဆံ ရှိပါတယ်။ အဲထဲမှာ NLD ပါတီက တခုအပါအဝင်ဖြစ်မှာပေါ့။ တရုတ်အနေနဲ့က သူ့ဘက်က ကြည့်မယ်ဆိုရင် သူက ခု Ruling Party ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်ထဲမှာ အများကြီး ရှိတာကိုး။ မြန်မာပြည်နဲ့ ရင်းနှီးချစ်ကြည်မှု လိုအပ်တာပေါ့။ ဒါကြောင့်ပေါ့။ အန်ကယ်တို့ အန်တီသွားတဲ့ဟာကို ယေဘူယျပဲ သိတာပါ။ အကျိုးဆက်အနေနဲ့ သေချာတာက ဒီပါတီနှစ်ခုဟာ ပိုပြီး ခင်မင်ရင်းနှီးလာလိမ့်မယ်။ နှစ်နိုင်ငံနှစ်ခုလုံးကလည်း ပိုမို ခင်မင်ရင်းနှီးလာလိမ့်မယ်။ ပိုပြီး အလားအလာ ကောင်းလာလိမ့်မယ်လို့ မြင်တယ်။ ယေဘုယျ ယူဆတာပေါ့။
ဆရာသန်းစိုးနိုင် (စာရေးဆရာ)
အခု ဒီခရီးစဉ်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ မဟာဗျူဟာ အလှည့်အပြောင်း တရပ်လို့ မြင်ပါတယ်။ မဟာဗျူဟာ အလှည့် အပြောင်းတရပ်ဆိုတာ အရင်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့သာ တရုတ်ပြည်ကွန်မြူနစ်ပါတီဟာ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး တော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဘာမှ အသိအမှတ်ပြု ဖော်ပြခဲ့ခြင်း မရှိပါဘူး။ မနှစ်ကစပြီး သူတို့ NLD ပါတီက ဗဟိုကော်မတီတွေ၊ လူငယ်အဖွဲ့ဝင်တွေကို စခေါ်တယ်။ အလှည့်အပြောင်းတခု ဖြစ်လာတယ်။ အဲလို အလှည့်အပြောင်း ဖြစ်လာတယ်ဆိုတဲ့ သဘောကလည်း မြန်မာနိုင်ငံနဲ့ တရုတ်ပြည်နဲ့ ဆက်ဆံရေးမှာ အစိုးရနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးအပေါ်မှာ တရုတ်ပြည်အနေနဲ့ အပြောင်းအလဲ လုပ်လိုတဲ့ သဘောထား ရှိပုံရတယ်။
အပြောင်းအလဲ လုပ်လိုတဲ့ သဘောထား ရှိတယ်ဆိုတာက သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်းကအစ နောက်ဆုံး ကိုးကန့်စစ်ပွဲအထိ တရုတ်ပြည်အနေနဲ့ လက်ရှိအစိုးရနဲ့ တပ်မတော်နဲ့ဆက်ဆံရတဲ့ အနေအထားကို သူ့အနေနဲ့ သိပ်သဘောကျပုံ မရပါဘူး။ နောက်တခုက ကျနော်တို့ ဗမာပြည်က ဒီမိုကရေစီ တံခါးဖွင့်တယ်ဆိုပြီး အမေရိကန်နဲ့ ဥရောပတို့ မျက်နှာ မူလာကြတာ တွေ့ရတယ်။ တရုတ်ပြည်ကလည်း အဲဒီအနေအထားပေါ်မှာ သူ့အနေနဲ့လည်း မဟာဗျူဟာ ပြောင်းလဲစဉ်းစားဖို့ လိုတယ်။ အဲတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဆက်ဆံရေးထက် ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီး အလေးထားဆက်ဆံဖို့ သဘောထားတရပ် ချမှတ် ပုံရပါတယ်။ နောက်တခုက ဦးသိန်းစိန် အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သူတို့နှစ်ယောက်ရဲ့ကာလအတွင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးမှာ တစုံတရာ ယွင်းယိုမှုတွေ ဖြစ်လာတဲ့ကိစ္စတွေ ရှိတယ်။ အဲဒီအနေအထားကိုလည်း လှည့်ပြောင်း ချင်ပုံရတယ်။ ဒီလိုလှည့်ပြောင်းဖို့အတွက် ဆုံးဖြတ်ပေးမှာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ။
၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရနိုင်တယ်။ ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း သမ္မတ လောင်းအဖြစ် အလားအလာရှိတဲ့သူ တယောက်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်း နီးကပ်မှု တစုံတရာ ရှိနေတဲ့ အခါကျတော့ တရုတ်ပြည်ကနေပြီးတော့ ညွန့်ပေါင်း အစိုးရဖွဲ့နိုင်မလားလို့ သူရဦးရွှေမန်းကို မေးတဲ့စကား ရှိပါတယ်။ ညွန့်ပေါင်း အစိုးရဟာ ဘယ်သူနဲ့လည်းဆိုတာ မပြောပေမယ့် ဒါတော်တော် သိနိုင်တယ်။ ဒီဟာကို ဦးရွှေမန်းကလည်း လှိုက်လှိုက်လှဲလှဲ သဘောထား ဖော်ပြတယ်။ အဲတော့ မဟာဗျူဟာ အလှည့်အပြောင်းဆိုတာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ယခုဆက်ဆံရေးဆိုင်ရာ မဟာဗျူဟာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် အပြောင်းအလဲ ဖြစ်စေချင်တဲ့ သဘော ရှိပါတယ်။ အဲဒီအပြောင်းအလဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ် မပြုလို့ မဖြစ်ဘူးလို့ ဆိုတဲ့အမြင်နဲ့ အခု တရုတ်ပြည်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင် တယောက်အဖြစ်နဲ့ ကြိုဆိုတာ တွေ့ရပါတယ်။ သမ္မတရှီကျင့်ဖျင်းနဲ့ရော ဝန်ကြီးချုပ်နဲ့ရော တွေ့ဆုံဆွေးနွေးကြမှာ ၅ ရက်တိတိဖြစ်ပါတယ်။
ဒီခရီးစဉ်ရဲ့ အကျိုးသက်ရောက်မှုဟာ လောလောဆယ်အားဖြင့် ပါတီတွင်း ဆက်ဆံရေးကို တဆင့်တိုးပြီး ပူးပေါင်း ဆောင်ရွက်မှု သိသာထင်ရှားမှု ဖြစ်လာတယ်ဆိုတာထက် ၂၀၁၅ ခုနှစ်အလွန် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး မဟာဗျူဟာကျတဲ့ အပြောင်း အလဲတွေ လုပ်ဖို့အတွက် တရုတ်ပြည်ဟာ ပြင်ဆင်တဲ့ ခြေလှမ်း ဖြစ်တယ်။
စီမံကိန်းတွေနဲ့ ပတ်သက်လို့တော့ တရုတ်ပြည်က မမေးရင် ဒေါ်အောင်ဆန်းစုကြည်က ပြောမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အစိုးရ အုပ်ချုပ်ရေးမှာ တာဝန်ရှိတဲ့သူ မဟုတ်ပါဘူး။ နောက်ပြီးတော့ အခု ကိုးကန့်ကိစ္စတို့ ဘာတို့လည်း တချို့က ပြောမယ် ထင်တယ်။ ကျနော်ကတော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ချက်အရ တယောက် ပြည်တွင်းရေးကို တယောက်က ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူရှိတဲ့အတွက် အဲလို ကိစ္စမျိုးတွေကို သိပ်ပြောမယ် မထင်ပါဘူး။ သို့သော်လည်း တဖက်ကမေးလာရင်တော့ သူ့အနေနဲ့ သဘောထားတွေရှိမှာပေါ့။
အနိမ့်ဆုံးအားဖြင့်တော့ မြန်မာနိုင်ငံမှာ တရုတ်ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ သူ့သဘောထားကို ဖော်ပြနိုင်တယ်။ သူ့သဘောထားကလည်း လက်ပံတောင်းတောင် အရေးအခင်းမှာ သူဖော်ပြပြီးသားပါ။ လုပ်ခဲ့တဲ့သူတွေက လုပ်ခဲ့တယ်။ လက်မှတ် ရေးထိုးခဲ့ကြတယ်။ ဖြေရှင်းနိုင်စွမ်း မရှိဘူး။ အဲဒါကြောင့် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုတွေမှာ သူက မျှမျှတတပဲ ဝင်ရောက်ဖြေရှင်းခဲ့လို့ ဝေဖန်ခံရတာတွေလည်း ရှိခဲ့တယ်။ အဲတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ စာချုပ်တွေမှာ တော့ နောင်ဆိုလို့ရှိရင်တော့ ၂၀၁၅ ခုနှစ် အလွန်မှာဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှု ဘယ်လိုဖြစ်သင့်တယ် ဆိုတာမျိုးတော့ ပြောကောင်း ပြောပါလိမ့်မယ်။ ကိစ္စတခုချင်းကိုတော့ ပြောမယ် မထင်ပါဘူး။
ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-အတွင်းရေးမှူး)
ဒေါ်အောင်ဆန်းစုကြည်မှာ လောလောဆယ် အတိုက်အခံ။ သူ့မှာ အစိုးရ ပြည်ထောင်စု လွှွတ်တော် အာဏာ မရှိသေးဘူး။ ဒါပေမယ့် နောင်တချိန်ကျရင် ရှိလာမှာပေါ့။ အဲဒါကို တရုတ်ကလည်း ကြိုတင်ပြီး သူငယ်ချင်းမိတ်ဖွဲ့တာ ဒီလောက်ပါပဲ။ တခြား ဟာတော့ သိပ်မရှိပါဘူး။ စစ်ရေးအရဆိုရင်လည်း သူက ဟိုဘက်အခြမ်းကို ပြောလို့ရတာမှ မဟုတ်တာ။ ဒီလို ဖိတ်ခေါ်တာဟာ NLDနဲ့ ဆက်ဆံရေး တိုးမြှင့်တယ်လို့လည်း ပြောလို့ရပါတယ်။ လော်ခီးလာမှာလည်း တရုတ်ကိုယ်စားလှယ်တွေ သွားတက်ထား တယ်။ တရုတ်ကတော့ မြန်မာပြည်ကို ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး။ သူ့အတွက် ဒီလူတွေနဲ့ အိမ်နီးချင်း မိတ်ဆွေအဖြစ် လုပ်ထားမှာပဲ။ အိမ်နီးချင်း နိုင်ငံတွေကတော့ ဒီလိုပဲ လုပ်ရတာပါပဲ။ ဒီလိုဆက်ဆံရေး တိုးမြှင့်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ NLD အနိုင်ရမယ်ထင်လို့ လုပ်တာလားဆိုတော့ ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့တောင် သိနေတာပဲ သူတို့က ပိုသိမှာပေါ့။ ဒီခရီးစဉ်ကနေ နှစ်နိုင်ငံဆက်ဆံရေးက ပိုမိုကောင်းမွန်လာမှာပါ။
စီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်တာ လက်ပံတောင်းတောင် စီမံကိန်းပဲ ရှိတယ်။ သူ့ကို လွှတ်တော်က ကော်မတီ ဖွဲ့ပေးတာကိုး။ ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ခဲ့တယ်။ တရုတ်ဘက်ကနေပြီးတော့ ကာကွယ်ပေးတယ်လို့ လူတွေ က ပြောကြတယ်။ ဘယ်လောက်မှန်လဲ မမှန်လဲတော့ မသိဘူး။ အဲဒီမှာ တရုတ်ဘက်ကလည်း အဆင်ပြေသွားတယ်။ အစိုးရဘက် ကလည်း အဆင်ပြေသွားတယ်။ ဒီတခုပဲ ရှိတာပါ။ မြစ်ဆုံကလည်း သူနဲ့ဘာမှ မပတ်သက်ဘူး။ တရုတ်ကလာပြီး ရင်းနှီးမြှုပ်နှံတာနဲ့ ပတ်သက်လို့ သူဘာလုပ်မယ်ဆိုတာ ကျနော်မသိပါဘူး။ ကျနော်သာဆိုရင်ပေါ့ ရင်းနှီးမြှုပ်နှံမှုက ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့ ရင်းနှီးမြှုပ်နှံတာကိုတော့ လက်မခံဘူး။ တာဝန်ရှိရမယ်။ အားလုံး တာဝန်ယူရမယ်။ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ရဘူး။ စည်းမဲ့ကမ်းမဲ့ မဖြစ်ရဘူး။
ခုဆို တရုတ်တွေ တော်တော်များများ လာရောက် ရင်းနှီး မြှုပ်နှံကြ တယ်။ တချို့ဆို ပတ်စ်ပို့လည်း မရှိဘူး။ ဒီတိုင်းလာနေတယ်။ မြန်မာနိုင်ငံက အစိုးရကလည်း သိတယ်။ သူတို့နိုင်ငံက အစိုးရလည်း သိတယ်။ မသိချင်ယောင် ဆောင်နေကြတယ်။ အဲဒါမျိုးကို ကျနော်တို့ လက်မခံဘူး။ ကမ္ဘာပေါ်မှာ စံတွေအများကြီး ရှိတာပဲ အဲဒီအတိုင်း လုပ်ကြပေါ့။ သူတို့လည်း နိုင်ငံကြီးတခုပဲ။ တာဝန်မဲ့ လုပ်တာကိုတော့ မကြိုက်ဘူး။ ရင်းနှီးမြှုပ်နှံ မှုလုပ်မယ်ဆိုရင် ကျနော်တို့ပြည်သူ တွေအကျိုးကိုလည်း ကြည့်ဖို့လိုတယ်လို့ တရုတ်အစိုးရကို ပြောချင်တယ်။
ဦးရဲထွန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
သူတို့က အစောပိုင်းကတည်းက ဖိတ်ချင်တာ။ အန်ကယ်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ သွားကတည်းက အန်ကယ်တို့ကို သဘောထား တီးခေါက်ပါတယ်။ အန်ကယ်တို့ကလည်း ပြောပြတယ်။ ကျနော်တို့နိုင်ငံရဲ့အခြေအနေကတော့ အပြောင်းအလဲ ဖြစ်သွားပြီ။ ဆိုလိုတာက အရင်တုန်းကလို အစိုးရကိုချည်းပဲ ဆက်ဆံလို့မရဘူး။ ပါတီစုံကို ဆက်ဆံဖို့ လိုတယ်။ ပြည်သူကို ဆက်ဆံဖို့လိုတယ်။ သူတို့က အဲတုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့ ကြိုးစားခဲ့တာပါ။ အခုတော့ အကြောင်း တိုက်ဆိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်ကလည်း အဆင်သင့်ဖြစ်ပြီ။ နောင်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော NLD အနေနဲ့ရော မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါလာလိမ့်မယ်ဆိုတာ သိလို့ ကြိုတင်ပြီး ဆက်ဆံရေး ကောင်းအောင် ကြိုးစားတဲ့သဘောပါ။ ဒီခရီးစဉ်ဟာ အပြန်အလှန် နားလည်မှုပိုလာနိုင်တယ်။
တရုတ်ပြည်က ကျနော်တို့နိုင်ငံရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ စီးပွားရေး အင်အား ကြီး နိုင်ငံလည်း ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့လည်း သူနဲ့ဆက်ဆံရေးကောင်းဖို့ လိုတာပေါ့။ အပြန်အလှန် နားလည် မှု ရှိဖို့လည်း လိုတယ်။ ကျနော်တို့နိုင်ငံက သူ့ရင်းနှီးမြှုပ်နှံမှုတွေ၊ သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်ရင်လည်း ပွင့်လင်း မြင်သာမှု ရှိဖို့နဲ့ ပြည်သူလူထုကို မထိခိုက်အောင် လုပ်ဖို့ကိစ္စတွေမှာ ကောင်းတဲ့ တွန်းအားတွေ ဖြစ်စေနိုင်မှာပါ။
မြစ်ဆုံ ကိစ္စဖြစ်တယ်။ အထူးသဖြင့် အခု ကိုးကန့်နဲ့ တိုက်ပွဲ ဖြစ်တယ်။ တရုတ်ပြည်ကလည်း သူ့နိုင်ငံထဲကို ကျည်ကျတဲ့အတွက် ကန့်ကွက်တယ်။ နောက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်တယ်။ အဲလို အခြေအနေ အနေအထားအောက်မှာ ဒေါ်အောင်ဆန်း စုကြည်ကလည်း သွားတယ် ဆိုတော့ အစိုးရနဲ့ အဆင်မပြေလို့ ဒီအတိုက်အခံကို ပိုပြီး ဖြစ်သလားပေါ့။ နိုင်ငံရေးအရ Balance လုပ်တာပေါ့။ ဒီဟာကတော့ ပါချင်လည်းပါမှာပေါ့။ သို့သော် ဒီလိုဖိတ်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဖိတ်မယ်ဆိုတာ တရုတ်ပြည်က နဂိုကတည်းက ရှိပြီးသား ပေါ်လစီပါ။ ဒီဟာတွေ မဖြစ်ခင်ကတည်း သိနေပါတယ်။
မြစ်ဆုံ စီမံကိန်းတို့ ဘာတို့ကလည်း ရပ်လို့မှမရဘဲ။ ခဏဆိုင်းထားတာပဲ။ ဦးသိန်းစိန်ကလည်း ကတိပေးထားတာ သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းပါ့မယ်လို့ ဆိုတော့ နောက်အစိုးရ လက်ထက်မှာ ပြန်စရမယ်လေ။ အဲဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်တို့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရအဖွဲ့ထဲမှာ သမ္မတအဖြစ်နဲ့ သူတို့ပါတီထဲက တစုံတယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ်ရင်လည်း သူတို့ပါတီက လိုလားတဲ့ သမ္မတဖြစ်ရင် ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရှောင်လွဲလို့ မရဘူးပေါ့။ ဒါကို NLD ကလည်း မုချ ရင်ဆိုင်ရမယ့်ကိစ္စ ဖြစ်တယ်။ ဒါကြောင့် ဒီဟာအတွက်ကိုတော့ တရုတ်ပြည်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းထားပြီးတဲ့ အခါကျတော့ ဗမာပြည်သူတွေနဲ့လည်း ပြဿနာ မဖြစ်အောင် ဘယ်လို ဆက်လက် လုပ်မလဲ ဆိုတာက ရင်းရင်းနှီးနှီးနဲ့ အပြန်အလှန် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးဖို့ လိုတယ်။