အစိုးရ တပ်မတော်နှင့် ၃ လကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် အဖွဲ့က ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်းနိုင်ရန် ဇွန်လ ၁၀ ရက် ည ၁၂ နာရီတွင် တဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ထုတ်ပြန် ကြေညာချက်ကို အစိုးရက စောင့်ကြည့်လျက် ရှိကြောင်း သမ္မတရုံးက ပြောသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ေဋ္ဌး“အခုကျနော်တို့ အခြေအနေကို စောင့်ကြည့်နေတယ်။ သူတို့ရဲ့ မြေပြင်လှုပ်ရှားမှု၊ နောက်ကွယ်က ဆက်စပ်မှုတွေ အားလုံးပါတယ်။ ပြီးရင် ဒီကိစ္စကို ဆုံးဖြတ်မယ်”ဟု ဧရာဝတီကို ပြောပြသည်။
MNDAA ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံဘက်မှ တရုတ်-မြန်မာ နယ်စပ်ဒေသ တလျှောက်တွင် တည်ငြိမ်အေးချမ်းရေး တောင်း ဆိုမှုနှင့် ပြည်တွင်း၌ ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲကို အနှောင့်အယှက် မဖြစ်စေလိုခြင်းတို့ကြောင့် တဖက်သတ် စစ်ရပ်စဲရန် MNDAA စစ်ရေး ကော်မတီက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက“ကျနော်တို့ ဒေသတွင်း ပြည်သူလူထုလည်း ဒုက္ခရာက်တာ ၄ လ ကျော်နေပြီ။ ပြည်သူလူထုက ဒုက္ခသည်တွေ အဖြစ်များလာတယ်။ လက်နက်ကြီးက ခဏခဏ ကျတယ်။ ဒါကြောင့်လည်း စစ်ရပ်ဖို့ ဆုံးဖြတ် လိုက်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရထံသို့ ငြိမ်ချမ်းရေး ကမ်းလှမ်းမှုကို ထပ်မံ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်းလည်း သိရသည်။
တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အစိုးရတပ်မတော်နှင့် MNDAA တို့ကြား ၂၀၁၅ ခုနှစ် ဖေဖော် ဝါရီ ၁၉ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လတွင် MNDAA က အစိုးရကို ၎င်းတို့အား ငြိမ်းချမ်းရေး ဆွေးနွေးပေးရန်နှင့် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး(NCA)စာချုပ် ချုပ်ဆိုရာတွင် ပါဝင်လိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း အစိုးရဘက်က အကြောင်းမပြန်ခဲ့ပေ။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက MNDAA အပါအဝင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ထပ်မံ ကမ်းလှမ်း လာပါက အစိုးရဘက်က ဆွေးနွေးသွားမည်ဟု မေလ ၉ ရက်က သတင်းထောက်များကို ပြောဆိုခဲ့သေးသည်။
ထိုကဲ့သို့ ဦးအောင်မင်း ပြောဆိုခဲ့စဉ်က MNDAA သည် အစိုးရတပ်မတော်နှင့် တိုက်ပွဲ ပြင်းထန်နေသဖြင့် ကမ်းလှမ်းရန် အချိန်မရှိသေးပါဟု မေလအတွင်းက သတင်းမီဒီယာများသို့ ပြောဆိုခဲ့သော်လည်း ဇွန်လ ၁၀ ရက်တွင် MNDAA ၏ စစ်ရေး ကော်မတီက တဖက်သတ် စစ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိတွင် MNDAA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)မှ နှုတ်ထွက်ရန် ပြောဆိုထားသည်။
ကိုးကန့်တိုက်ပွဲကြောင့်ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းမှ ဒေသခံ ၂၀၀၀ ကျော်သည် ရှမ်းပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရပြီး တချို့သည် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်ဟုလည်း သိရသည်။
ကိုးကန့်တိုက်ပွဲတိမ်းရှောင်နေသူ အများစုသည် နေရပ်သို့မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲ ဖြစ်ပြီး ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကိုလည်း မေလ ၁၇ ရက်မှစ၍ စစ်အုပ်ချုပ်ရေး ကာလကို ရက် ၉၀ အထိ ထပ်မံတိုးမြှင့်ထားသည်။