ရန်ကုန်မြို့လယ်ကောင် ပလက်ဖောင်းတနေရာတွင် တောင်ဝှေးကိုအားပြုကာ မြေပြင်ကို မျက်နှာအပ်မတတ် ဝပ်တွားပြီး ခွက်ချအလှူခံနေသော အဘွားအိုတဦးကို မြင်လိုက်ရသည်။ ဒီမြင်ကွင်းသည် ခံစားတတ်သူတို့အဖို့ ဆိုနင့်စရာ၊ ထို့ကြောင့်ဖြတ်သွားဖြတ်လာ လူငယ်အများစုက ခွက်ထဲသို့ ပေးကမ်းလှူဒါန်းခဲ့ကြသည်ကို မြင်တွေ့ ရ၏။
မြန်မာပြည်၏ အလှူအတန်း ဓလေ့စရိုက်အနေကလည်း နားလည်ရအခက်သား။ ဆုကောင်းကောင်းပေးမှ တမလွန်၌ ကောင်းကျိုးချမ်းသာ ကြီးကြီးမားမား ရနိုင်မည်ဟု ဆိုမှ လှူကြ တန်းကြ ပုံအောချင်ကြသည်။ ဤကဲ့သို့ လမ်းဘေးပလက်ဖောင်း ပေါ်၌ ခွက်ချအလှူခံစား တောင်းစားနေကြသော သက်ကြီး ရွယ်အိုအချို့ကို တကျပ်တပြားကလေးစွန့်ကြဲရန် လက်တွန့်တတ် ကြသည်။ အလှူအတန်းတွင် ဂုဏ်ပကာသနကိုဖက်သော ဗုဒ္ဓဘာသာ ဝင်တချို့သည် ငတ်၍ပြတ်၍ ဆွေမျိုးသားချင်း ခိုကိုးရာမဲ့၍ အလှူခံစား (တောင်းစား)နေကြရသော ဘဝဆည်းဆာ ရောက်နေ သည့် သက်ကြီးရွယ်အို အချို့အား မလှူမတန်းသည့်အပြင် မြေနိမ့် ရာလှံစိုက် လဲရာသူခိုးထောင်း စကားများ ပြောကြားကြပါသေး၏။ “သူ့ထိုက်နှင့် သူ့ကံ သူ့အကုသိုလ်ကံကြောင့် ခံနေရတာ၊ ဝဋ်ကျွတ်အောင်ခံ” ဟူ၍။
ပလက်ဖောင်းပေါ် တောင်ဝှေးတချောင်း အားပြုကာ တောင်းစားနေသော အဘွားအိုကို မြင်တွေ့ပြီးသော် တခါတုန်းက သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရေးကိစ္စ ဥပဒေဘောင်တွင်းက တင်ပြတောင်းဆိုခဲ့ခြင်းကိစ္စ ပျက်ပြယ်သွားရပုံကို ပြေးသတိရမိသည်။ ၉-၁၂-၂၀၁၂ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက အဆိုတခု တင်သွင်းခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများအား ပြုစုစောင့် ရှောက်နိုင်ရန် သက်ကြီးဘိုးဘွား (နေ့) ဂေဟာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ထူထောင် ဖွင့်လှစ်နိုင်ရေး အဆိုတင်ဖူးသည်။ သို့သော် ယင်းအဆို ပယ်ချခံခဲ့ရ၏။ ယင်းအဆိုသည် သင့်မြတ်ကောင်းမွန်နေ၍ မဲခွဲဆုံးဖြတ်ရာ ကြံ့ခိုင်ရေးပါတီ အမတ်များ၏ ကန့်ကွက်မဲအများစုဖြင့် ပယ်ချခံရခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငြင်းပယ်သော အကြောင်းပြချက်မှာ “ယင်းအစီအစဉ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်သာ ဖြစ်ကြောင်း အစိုးရအဖွဲ့တွင် သီးသန့်ရန်ပုံငွေ ဘတ်ဂျက်လည်း မရှိကြောင်းဟု အကြောင်းပြသည်။ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး သူတို့ တိုင်းအစိုးရ အဖွဲ့တွင် သီးသန့်ရန်ပုံငွေ ဘတ်ဂျက်မရှိ၍ သက်ကြီးဘိုးဘွားဂေဟာများဖွင့်နိုင်ရန် အခက်အခဲ ရှိကြောင်းလည်း ပြောကြားခဲ့သည်။ ဤသို့ဖြင့် သက်ကြီးရွယ်အို ခိုကိုးရာမဲ့များအား ကယ်တင်ရေးကိစ္စ ပျက်ပြယ်ရပြီး နောက်တွင် ယင်းကိစ္စကို သက်ဆိုင်ရာအာဏာပိုင်တို့ မျက်ကွယ်ပြုထားခြင်းမှာ ထင်ရှားပေါ်လွင်နေသဖြင့် စိတ်မကောင်းဖြစ်မိသည်။ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့တို့သည် ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများအရေးကို လျစ်လျူရှုထားနေသော်လည်း သူတို့ ကိုယ်ကျိုးစီးပွားနှင့် နာမည်ကောင်းရရေး အခြားကိစ္စ စီမံကိန်းများကိုတော့ သီးသန့်ရန်ပုံငွေဘတ်ဂျက် မရှိပင်မရှိငြား အကြောင်းအမျိုးမျိုးပြကာ နေ့မအားညမအား လုပ်ဆောင်နေသည်များကို စိစစ်ကြည့်လျှင် လက်ညှိုးထိုးမလွဲ မြင်တွေ့နေရပါသည်ဟု သက်ကြီးရွယ်အိုတို့ကို စာနာသော ပြည်သူများက သုံးသပ်နေကြသည်။
ယခုဆိုလျှင် ရန်ကုန်မြို့တော်တခွင် ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွား များ တနေ့တခြား များပြားလာနေသည်ကို တွေ့မြင်နေရသည်။ ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် သကဲ့သို့ တနေ့တခြား တိုးပွားလာနေသော တောင်းရမ်းစားသောက်သူ ဦးရေကို လည်း ကောက်ယူသင့်သည်။ ထိုအထဲတွင် သက်ကြီးရွယ်အိုဦးရေ မည်မျှသည် တောင်းရမ်းခြင်းဖြင့် ဘဝနေဝင်ဆည်းဆာကို ဖြတ်သန်း နေရသနည်းကိုလည်း စာရင်းကောက်ကာ လေ့လာသင့်သည်။ အသေအချာ လေ့လာကြည့်လျှင် နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးပုံရိပ်ဖြစ်သော တောင်းရမ်းစားသောက်ခြင်း အခြေအနေတွင် ကလေးသူငယ်များအား ခြိမ်းခြောက်ဖိနှိပ် တောင်းရမ်းခိုင်းခြင်းများ ရှိနေသလို၊ ခိုကိုးရာမဲ့ စွန့်ပယ်ခံ သက်ကြီးရွယ်အိုများ မထူးဇာတ်ခန်းကာ တောင်းရမ်းစားသောက်မှုများ တိုးပွားလာနေခြင်းကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ဒီဖြစ်အင်များကို နိုင်ငံတော်အစိုးရ ကိုယ်တိုင်က သူ့ထိုက်နှင့်သူ့ကံ ခံကြပေရော့ သို့မဟုတ် အတိတ်အကုသိုလ်ကံကြောင့် ဝဋ်ရှိသရွှေ့ ဆပ်ကြပေရော့ဟုများ သဘောထားနေကြလေသလား။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၂ – ၂၀၁၃ စာရင်းဖော်ပြချက်အရ ရန်ကုန်မြို့တွင် အသက် ၇၀ နှင့်အထက်ရှိသော မြို့နယ် ၁၉ မြို့နယ်မှ သက်ကြီး ဘိုးဘွား ၆၃ ဦးကို ကူညီစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။ ရန်ကုန်မြို့တော်ကြီးနှင့် ပြုစုစောင့်ရှောက်ခံ သက်ကြီး ၆၃ ဦး ဟူသည် ကြားရသူအဖို့ လွန်စွာ ရယ်ဖွယ်ဖြစ်ရသည်။ မြန်မာနိုင်ငံသည် ဆင်းရဲပင် ဆင်းရဲသော်ငြား သက်ကြီးရွယ်အိုများ တနေ့တခြား များပြားလာနေသည့်အတွက် မြန်မာ့လူ့အဖွဲ့အစည်း တရပ်လုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်တော့မည့် မဟာပြဿနာကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း လူအိုပြုစုစောင့်ရှောက်ရေးသည် လာမယ့်ဘေး ပြေးတွေ့ဆိုသလို အင်တိုက်အားတိုက် ကြိုးစားပါမှ တော်ရုံကျမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီး ဌာန၂၀၁၃-၂၀၁၄ စာရင်းအရ အသက် ၆၀ ကျော်ဦးရေ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ ထိုကြောင့် ၅၁ သန်းကျော်ရှိသော မြန်မာနိုင်ငံတွင် အသက် ၆၀ ကျော်ဦးရေ ၅ သန်းခွဲကျော် ရှိလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။ ဒီ့ပြင် မြန်မာ့သက်ကြီးရွယ်အို အများစုသည် ကင်ဆာကဲ့သို့သောမကူး စက်သည့် နာတာရှည် ရောဂါမျိုးစုံနှင့် တိုက်ပွဲဝင်ကာဘဝ နေဝင်ဆည်းဆာကို ဖြတ်သန်းနေရသည်ဟုဆိုသည်။ မြန်မာ့သက်ကြီး ရွယ်အိုများသည် အပြုစု အစောင့်ရှောက်မဲ့ကာနေ ထိုင်စရာ အစဉ်တကျမရှိဘဲ အာဟာရ မပြည့်မစုံဖြင့် ဘဝဆည်းဆာကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေကြရသည်မှာ အများစု ဖြစ်နေနိုင်သည်။
ယင်းပြဿနာကို လျစ်လျူရှုထား၍ မရတော့ပါ။ ရန်ပုံငွေ ဘတ်ဂျက်မရှိ၍ဟု ငြင်းဆိုရန် မသင့်တော့ပါ။ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဝန်ကြီး ဌာနတို့ ပူးပေါင်းကြကာ မြန်မာ့သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး သီးသန့်ရန်ပုံငွေတရပ် သတ်မှတ်ပေးရန် တောင်းဆိုသင့်ပါသည်။ ထို့ပြင်အမျိုး သားအဆင့် သက်ကြီးရွယ်အို ပေါ်လစီတရပ် ရေးဆွဲပြီး သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေး အမျိုးသား ကော်မရှင်ကိုလည်း ဖွဲ့သင့်ပါသည်။ ထိုကော်မရှင်ဖွဲ့ရန် သက်ကြီးရွယ်အို ကာကွယ် စောင့်ရှောက်ရေး ဥပဒေတရပ် အမြန်ဆုံးရေးဆွဲ အတည်ပြုပြဋ္ဌာန်းသင့်ပါကြောင်း ဝေဖန်အကြံ ပြုလိုက်ရပါသည်။
(မောင်လွင်ပြင်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ဝေဖန်သုံးသပ်သူ ဆောင်းပါးရှင်တဦးဖြစ်သည်။)