ရခိုင်ပြည်သူတို့၏ သဘောတူညီချက် မပါဘဲ တူးဖော်ခွင့်ပြုထားသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၉ ခုကို ရပ်တန့်ပေးရန် ဒေသခံများနှင့် ဖွဲ့စည်းထားသည့် ရခိုင့်သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ယမန်နေ့တွင် စစ်တွေမြို့၊ ဂြိစ်ဖက် ဘုန်းတော်ကြီးကျောင်းတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းဆိုလိုက်သည်။
၂၀၁၃-၂၀၁၄ ခုနှစ်တွင် တူးဖော်လုပ်ကိုင်ခွင့်ပြုထားသော လုပ်ကွက်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ စသည့် မြို့နယ်များအတွင်းရှိ ရခိုင်ကမ်းလွန် ပင်လယ်ပြင်တလျှောက်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှာ အမေရိကန် အခြေစိုက် Chevron, Conocophillip ၊ နယ်သာလန်နိုင်ငံမှ Royal Dutch Plc ၊ နော်ဝေနိုင်ငံမှ Statoil ၊ အင်္ဂလန်အခြေစိုက် Ophir Energy, BG Asia Pacific Pte ltd ၊ ဂျပန်အခြေစိုက် Mitsui Oil Exploration Co. Ltd (MOECO) တို့ ဖြစ်ကြောင်း အဆိုပါကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လုပ်မယ်ဆိုရင် ဒေသခံတွေကို အသိပေးပါ။ သဘောဆန္ဒတွေယူပါ။ ပွင့်လင်းမြင်သာစွာ ချပြပါ။ ရွှေသဘာ၀ ဓာတ်ငွေ့ပိုင်းလိုင်း သွယ်တန်းတုန်းကလည်း ရခိုင်-ဘင်္ဂါလီကိစ္စတွေကြောင့် စောင့်ကြည့်ချိန်၊ ကန့်ကွက်ချိန် မရလိုက်ဘူး။ အခုတကြိမ်တော့ ကျမတို့ ဒေသခံတွေ ဆန္ဒမပါဘဲ၊ အသိမပေးဘဲ လုပ်ဆောင်မယ့်၊ လုပ်ဆောင်ဆဲ စီမံကိန်းဟူသမျှ ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုသွားပါမယ်” ဟု ရခိုင့်သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဒေါ်ညိုအေးက ဧရာဝတီသို့ ပြောသည်။
ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၏ သယံဇာတကို ရခိုင်ပြည်နယ် အစိုးရက တိုက်ရိုက် ကိုယ်တိုင်စီမံပိုင်ခွင့်ပေးရန်၊ ဒေသခံများ သဘောဆန္ဒ မပါဘဲ လုပ်ဆောင်မည့်၊ လုပ်ဆောင်နေသည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိ တိုက်တေနီယံ ထုတ်လုပ်ရေး စီမံချက်၊ တောင်ကုတ်မြို့နယ်အတွင်း နေပူတောင် အလှဆင်ကျောက် ထုတ်လုပ်ရေး စီမံချက်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံချက်တို့ကို ရပ်ဆိုင်းပေးရန် ဖော်ပြထားသည်။
“ကျနော်တို့ သိရှိထားသလောက်က ပြည်ထောင်စုအစိုးရနဲ့ သဘောတူ လက်မှတ်ထိုးထားပြီးလို့ သိရပါတယ်။ အခုလုပ်မယ့် ကုမ္ပဏီတွေက အနောက်နိုင်ငံ ဥရောပတိုက်ကဆိုတော့ သူတို့က လူ့အခွင့်အရေး စံချိန်စံညွှန်းရှိတယ်။ သဘာ၀ ပတ်ဝန်းကျင်ကို အလေးအနက်ထားတယ် ဆိုတော့ သူတို့နဲ့ ကျနော်တို့ တွေ့ပြီး ပြောရဆိုရတာ အဆင်ပြေမယ်လို့ ထင်တယ်။ ပြည်ထောင်စု အစိုးရဘက်ကပဲ ဒေသခံတွေရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုပါတယ်” ဟု ကွန်ရက်အဖွဲ့မှ ကိုဇေယျကျော်ကလည်း ပြောသည်။
အဆိုပါ ကမ်းလွန်စီမံကိန်းကိစ္စများနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံရန် တောင်းဆိုထားကြောင်းလည်း ဒေါ်ညိုအေးက ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသော ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ်များကို ရခိုင်ပြည်သူတို့ အကျိုးခံစားခွင့် မရှိသည့်အပြင် လယ်ယာမြေဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ထိုစီမံကိန်း၏ ဘေးထွက်ဆိုးကျိုး အဖြစ် ဒေသခံများက ခံစားနေရကြောင်း ကွန်ရက်အဖွဲ့ဝင်များက ပြောသည်။
ကွန်ရက်အဖွဲ့၏ ကန့်ကွက်မှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ခင်အား ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့ရာ သူ့အနေဖြင့် ယင်းကိစ္စများကို မသိရှိကြောင်း တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။