သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး မိမိတွင် အပြစ်မရှိကြောင်း သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးက အနောက်ပိုင်းခရိုင် တရားရုံးတွင် ပြုလုပ်သည့် ယနေ့ရုံးချိန်တွင် လျှောက်လဲထွက်ဆို ခဲ့သည်။
အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားသူကြီး၏ မေးမြန်းမှုကို မင်းအုပ်စိုးက မတေးနုယဉ်အား သေစေလိုသည့် ရည်ရွယ် ချက်ဖြင့် တစုံတခုမှ ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်း၏အသက်ကို ကယ်ရန်ပင် ကြိုးပမ်းခဲ့သည်ဟု လျှောက်လဲ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ အကြိမ် ၂၀ မြောက် ရုံးချိန်းအဖြစ် ပြန်ခေါ်သက်သေများ ဖြစ်သော သရပါမဂ္ဂဇင်း တိုက်မှ ဝန်ထမ်းများဖြစ်သည့် မဟေမာသက်နှင့် မဇင်သူသူကိုတို့အား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် မင်းအုပ်စိုးအား တရားသူကြီး က မေးမြန်းခြင်း ဖြစ်သည်။
မင်းအုပ်စိုး၏ ထွက်ဆိုလျှောက်လဲချက်အပေါ် တရားရုံးသို့ လာရောက်ကြားနာနေသည့် မတေးနုယဉ်၏ ဆွေးမျိုးနီးစပ်သည့် ဆရာတော် ဦးပညာသာရက “ မင်းအုပ်စိုး လျှောက်လဲခဲ့တာနဲ့ ပတ်သက်လို့ သူရဲ့လုပ်ရပ်နဲ့ ထွက်ဆိုချက်တွေက ကွဲလွဲ နေတယ် ထင်ပါတယ်”ဟု ဧရာဝတီကို မိန့်ကြားသည်။
မတေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးက မင်းအုပ်စိုးအား လူသတ်မှု ပုဒ်မ-၃၀၂ (၂) ဖြင့် ဇွန်လ ၁၀ ရက်၌ စွဲချက်တင်ထားပြီး ဖြစ်သည်။
ထိုအမှုနှင့် ပတ်က်သက်ပြီး မင်းအုပ်စိုး၏ ရှေ့နေက ထပ်တိုးသက်သေများအဖြစ် မန်နေဂျာ ဦးစံတိုးနှင့် အလုပ်သမား ကိုနေမျိုး တို့ကို ထပ်မံတင်ပြခဲ့ပြီး ၎င်းတို့အား ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် စစ်ဆေးမည် ဖြစ်သည်။
မတေးနုယဉ် သေဆုံးမှုမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်အတွင်း သရုပ်ဆောင် မင်းအုပ်စိုး နေအိမ်ဘေးရှိ သရပါ မဂ္ဂဇင်းတိုက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မတေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်၍ သရုပ်ဆောင် မင်းအုပ်စိုး ကိုယ်တိုင် ဗဟန်ရဲစခန်းသို့ လာရောက် အကြောင်း ကြားပြီး ၎င်းတို့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ် မတေးနုယဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း အမှုစစ် အရာရှိ ဒုရဲမှူး သိန်းဝင်းက ထွက်ဆိုထားသည်။
မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ မတေးနုယဉ်သည် နံရိုးများ ကျိုးကြေပျက်စီးခြင်း၊ မေးအောက်ရှိ ညာဘက်ညှပ်ရိုး ကျိုးခြင်း၊ အသည်းကွဲထွက်သွားခြင်း၊ အဆုတ် ညိုမည်း ပျက်စီးခြင်း၊ မျက်နှာများ ဖူးယောင်ခြင်းတို့ဖြင့် သေဆုံးရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောဆိုခဲ့သည်။
မင်းအုပ်စိုးအား စွဲချက်တင်ထားသည့် ပုဒ်မ-၃၀၂ (၂)မှာ ကြိုတင်ကြံရွယ်ချက် မရှိသော လူသတ်မှုများ အတွက် ပြဌာန်း ထားသည့် ပုဒ်မဖြစ်ပြီး ကျူးလွန်သူကို တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ဖော်ပြထားသည်။