မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအား လယ်ယာ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) မရရှိသဖြင့် ရခိုင်ပြည်နယ်တွင် တောင်သူလယ်သမားများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ကို တောင်သူများအနေဖြင့် မိုးမကျမီ ဧပြီလ အတွင်းကတည်း လျောက်လွှာများ ပေးပို့ထားသော်လည်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ အချိန်မီ ထုတ်မပေးနိုင်သောကြောင့် ယင်းကဲ့သို့ အခက်အခဲများ ဖြစ်နေခြင်းကြောင်း တောင်သူလယ်သမားများက ဆိုသည်။
ပုံစံ (၇) မရရှိ၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှု အခက်အခဲ ဖြစ်နေသော ပြေပုံမြို့နယ်အတွင်းမှ တောင်သူ အယောက် ၂၀၀ ကျော်ကလည်း ဇွန်လ ၁၆ ရက်စွဲဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း ယင်းမြို့နယ်ရှိ သရက်တောင်ကျေးရွာမှ တောင်သူ ဦးခင်မောင်ဝင်းက ပြောသည်။
“ကျနော်တို့ လယ်သမား မှန်ကန်ပါလျက် ဘာဖြစ်လို့ ပုံစံ (၇) ကို ထုတ်မပေးနိုင် ဖြစ်ရတာလဲ။ လယ်သမားတွေ ပူးပေါင်းဆောင်မှု အားနည်းချက်ကြောင့် ကြန့်ကြာနေတယ်ဆိုရင် ဘယ်လို ပူးပေါင်းရမလဲ၊ ဘယ်လို လုပ်ရမယ် ဆိုတာကို သူတို့က ပြောမှမပြောတာ” ဟု ဦးခင်မောင်ဝင်းက ဆိုသည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မရရှိသဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ထုတ်ချေးမည့် အရေးတွင် စစ်တွေမြို့နယ်အတွင်း ကျားမသောက်ကျေးရွာ၊ သိန်းတန်ကျေးရွာ၊ တောကုန်းကျေးရွာ၊ ရွာဘိုကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူများလည်း များစွာ အခက်အခဲဖြစ်နေကြောင်း ရွာဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောသည်။
“ကျနော်တို့ ကျေးရွာမှာ စိုက်ပျိုးစရိတ်ချေးမယ့် လယ်သမား ၁၂၆ ဦး ရှိပါတယ်။ ပုံစံ (၇) ရတဲ့လယ်သမားက ၂ ဦးပဲ ရှိတယ်။ ကျန်လယ်သမား တယောက်မှ မရဘူး။ အနီးအနားက ရွာတွေမှာလည်း ဒီအတိုင်းပဲ ဖြစ်နေပါတယ်။ ကျနော်တို့ကတော့ အချိန်မီ မရရင် ဝန်ကြီးချုပ်ဆီသွား တောင်းမယ်” ဟု ဦးမောင်အေးက ဆိုသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လယ်တဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေ တသိန်းကျပ်အား လယ်သမားများကို ထုတ်ချေးမည် ဖြစ်ပြီး အဆိုပါ ချေးငွေထုတ်ချေးနိုင်ရန် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ကို လယ်သမားများက တင်ပြနိုင်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေကို တောင်သူလယ်သမားများ စိုက်ပျိုးချိန်အမီ လက်ဝယ်အရောက် ထုတ်ချေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ စိုက်ပျိုးစရိတ်အတွက် ဘဏ်ချေးငွေကို ပုံစံ (၇) ရရှိပြီးသူ ဖြစ်ပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြင့်တင်ရေး နည်းဥပဒေ အပိုဒ် (၂၃) အရ ထုတ်ချေးသွားမည် ဖြစ်ကြောင်း၊ ထုတ်ချေးမည့်ကာလမှာ မေလ မှစက်တင်ဘာလ ကုန်အထိ ဖြစ်ပြီး ပုံစံ (၇) ရရှိမှု အပေါ်စိစစ်ပြီး ကျေးရွာအုပ်စုတခုလျင် အများဆုံး ၃ ကြိမ် ထုတ်ချေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စစ်တွေမြို့နယ် ဦးစီးအရာရှိ ဦးကျော်ဌေးလှိုင်က “ပုံစံ (၇) အချိန်မီ မပေးနိုင်တာက အောက်ခြေတောင်သူတွေ စိတ်ဝင်စားမှု အားနည်းတယ်။ ကျနော်တို့မှာလည်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ အဆင့်ဆင့် တင်ပြရတယ်။ လယ်သမားတွေ စိုက်ပျိုးစရိတ် ရအောင် လုပ်ပေးမှာပါ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တောင်သူလယ်သမားများ အနေဖြင့် မိုးရေတခုတည်းကိုသာ အားထား စိုက်ပျိုးရသဖြင့် စိုက်ပျိုးစရိတ် ချေးငွေသည် အခါလွန်မှသာ ထုတ်ချေးမည်ဆိုပါက အကျိုးမရှိနိုင်ကြောင်း တောင်သူလယ်သမားများက ဆိုသည်။
ရခိုင်ပြည်တွင် စိုက်ပျိုးမြေ စုစုပေါင်းဧက ၁၂ သိန်းကျော် ရှိကြောင်း၊ ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မြို့နယ် ၁၇ မြို့နယ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တည်ငြိမ်းအေးချမ်းသော မြို့နယ် ၇ မြို့နယ်အား ပုံစံ (၇) ရရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ကျန်မြို့နယ် ၁၀ မြို့နယ်ကို ၂၀၁၄-၂၀၁၅ ခုနှစ်ဘဏ္ဍာရေးနှစ် (အလယ်) ကာလတွင် ပုံစံ (၇) ကိစ္စအား လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ၊ ပြည်နယ် မန်နေဂျာ ဦးကျော်ငြိမ်းက ရှင်းပြသည်။
“ပုံစံ (၇) ဆိုတာက လယ်သမားကိုယ်တိုင် လျှောက်မှရမယ်ဗျ။ လယ်သမားကိုယ်တိုင် ကိုယ့်လယ် ဘယ်နေရာ ရှိတယ် ဆိုတာကို မပြနိုင်ဘူး။ လယ်သမား ကိုယ်တိုင်ကရော ဘယ်လောက် ပူးပေါင်းပါဝင်မှုတွေ လုပ်လို့လဲ၊ စိုက်ပျိုးရေးစရိတ် ထုတ်ချေးခါနီးမှ သူတို့ မရပါဘူးလို့ အော်ပြောလာကြတာ” ဟု ဦးကျော်ငြိမ်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် လယ်ယာမြေသိမ်းဆည်းမှု အမှုတွဲပေါင်း ၈၉၉ တွဲ ရှိခဲ့ရာမှသက်ဆိုင်ရာ တာဝန်ရှိသူ ဌာနဆိုင်ရာလူကြီးများ စုပေါင်းဖြေရှင်း ပေးခဲ့သည့်အတွက် လက်ရှိအချိန်တွင် ဆောင်ရွက်ဆဲ အမှုတွဲ ၆၂ တွဲသာ ကျန်ရှိကြောင်း သိရသည်။