မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် အစိုးရက ကျောက်မျက် ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားသော ရေပူဆရာတော် လွတ်မြောက်ရေးအတွက် မိုးကုတ် ဒေသခံ လူမှု အဖွဲ့အစည်း များက ဦးဆောင်၍ တရားဝင် ဆန္ဒ ထုတ်ဖော်ခြင်းနှင့် လှုပ်ရှားမှုများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မိုးကုတ်မြို့ ရေပူရပ်ကွက် ကျောင်းတိုင် ဆရာတော် ဦးဣန္ဒကကို ကျောက်မျက် ဥပဒေ ပုဒ်မ (၄၁) က/ခ ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန၊ ကျောက်မျက် တူးဖော်ရေး ဌာနခွဲက တရားလို ပြုလုပ်ပြီး တိုင်တန်းသဖြင့် မိုးကုတ်မြို့နယ် ရဲစခန်းက ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီး လူဝတ်လဲခဲ့ကြောင်း၊ ဆရာတော်သည် မိုးကုတ်မြို့နယ်၊ ရေပူရွာရှိ ဘုန်းကြီးကျောင်းတွင် စေတီ အဟောင်းများကို ဖြိုဖျက်ပြီး ဓါတ်ပေါင်းစု စေတီတခု တည်ရန် ကြိုးပမ်းစဉ် စေတီအဟောင်းအများ၏ မြေစာပုံများအား ရေစုပ်စက်ဖြင့် ရှင်းလင်းရာ ထိုလုပ်ဆောင်မှုကို တရား မဝင် ကျောက်မျက်တူးဖော်သည်ဟု စွပ်စွဲခံရခြင်း ဖြစ်ကြောင်း မိုးကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ အမှုဆောင် ဦးမင်းသန့်က ပြောသည်။
“ဆရာတော်က ဓာတ်ပေါင်းစု စေတီ ဖြစ်မြောက်ရေး လုပ်ဆောင်စဉ်မှာ မတရား ဖမ်းဆီးခံရတာပါ။ ဆရာတော် လွတ် မြောက် ရေး အတွက် ကော်မတီတရပ် ဖွဲ့လိုက်တယ်။ ပြီးတော့ ဓာတ်ပေါင်းစု စေတီ တည်ထားရေးနဲ့ ကျောင်းဆောင်သစ် ဖြစ် မြောက်ရေး အတွက်လည်း လုပ်ဆောင်သွားမယ်။ ဒီနေ့ အစည်းအဝေးကို ရေပူ ရပ်ကွက်တခုတည်း မဟုတ်ဘဲနဲ့ တမြို့နယ် လုံးက အသင်းအဖွဲ့ ၁၂ ခု လောက် တက်ရောက်ကြတယ်”ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးစိုးဌေးက ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေပူကျောင်းတိုက်၌ ဆရာတော် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းခြင်း၊ ဖယောင်း တိုင် ထွန်းခြင်း တို့ ပြုလုပ်မည့် အပြင် တရားဝင် ဆန္ဒထုတ်ဖော်ရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။
မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိဆန်းဦးက ရေပူ ဆရာတော်ကို ဖမ်းဆီးထားခြင်းမှာ မှန်ကန်ကြောင်း၊ အသေး စိတ် ဖြစ်စဉ် ကိုမူ စခန်းသို့ လာရောက် စုံစမ်းရန် ပြောဆိုသည်။
“ဆရာတော် အဖမ်းခံရပြီး နောက်တနေ့ ရဲစခန်းမှာ သွားတွေ့တော့ လူဝတ်လဲ ခံထားရတယ်။ အခုဇာတ်လမ်းက တော်တော် ရှုပ်နေပြီ။ နောက်ပြီး ဆရာတော်က ကျောင်းမှာ ကျောင်းအသစ်ဆောက်ဖို့ သစ်လုံးတွေ၊ သစ်ခွဲခြမ်းတွေ စုထားတာကို ထပ်တွေ့ပြီး သစ်တော ဥပဒေနဲ့ ထပ်တရားစွဲမယ်လို့လည်း သိရတယ်”ဟု NLD အမှုဆောင် ဦးမင်းသန့်က ပြော သည်။
ရေပူဆရာတော်သည် ကျောင်းအသစ် ဆောက်လုပ်ရန် ကျောင်းထဲရှိ စေတီအဟောင်းများ ဖြိုချခြင်း၊ ခြံခတ်ခြင်းတို့ ပြုလုပ် နိုင်ရန် ရေပူရွာသားများနှင် အစည်းအဝေးတခု ပြုလုပ်ခဲ့ကြောင်း၊ စေတီဖြိုဖျက်ခြင်းကို ကျေးရွာအာဏာပိုင်၊ မြို့နယ် သံဃာ့ နာယက ခွင့်ပြု ချက်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း စေတီတည်ခဲ့သည့် ဒကာများ၏ ဆွေမျိုးများက ကန့်ကွက် ခဲ့ကြောင်း သိရသည်။
“စေတီအဟောင်းဖြိုလို့ဆိုပြီး ဒကာတွေက တိုင်လို့ ဌာနပေါင်းစုံက လာစစ်တာ မြို့နယ် သံဃာ့ နာယကက ဝင်ရှင်းလို့ ပြေလည် သွားတယ်။ အဲဒီမှာ ဌာနဆိုင်ရာတွေက ပြန်အထွက် ဆရာတော် တူးထားတဲ့ စေတီအဟောင်းကို ဘာလုပ် တာလည်း ဆိုပြီး မေးတယ်။ ကျောင်းမှာ သစ်တွေ ပုံထားတာကိုလည်း ဘာလုပ်တာလဲ ဆိုပြီး မေးတယ်။ ဆရာတော် ကလည်း ကျောင်းပြင်ဖို့ ကိစ္စတွေ ရှင်းပြလိုက်ပေမယ့် ညပိုင်းမှာ ရဲက လာဖမ်းပြီး ချက်ချင်း လူဝတ်လဲလိုက်တာ”ဟု ဦးစိုးဌေးက ပြောသည်။
နောက်ဆက်တွဲ သတင်းများအရ ရေပူ ဆရာတော်ကို သစ်တော ဥပဒေ၊ သာသနာ ညိုးနွမ်းစေမှုတို့နှင့်ပါ အရေးယူနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက ဥပဒေအကြံ တောင်းခံထားသည်ဟု သိရှိရသည်။
ရေပူဆရာတော် ကိစ္စနှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်းတွင် မန္တလေးတိုင်း သံဃာမဟာ နာယက က ယခုလ ၁၆ ရက်နေ့က အစည်းအဝေးတရပ် ပြုလုပ်ခဲ့ရာ ရေပူဆရာတော်ဘက်မှ အပြည့်အ၀ ရပ်တည်ရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရှိရသည်။
“အခုလို ဆရာတော် ချက်ချင်း လူဝတ်လဲခံရတာ ဝိနည်းနဲ့ မညီဘူးလို့ တိုင်းဥက္ကဋ္ဌ ဆရာတော်က မိန့်တယ်။ သံဃာ တပါး ကို သင်္ဃန်းချွတ်မယ်ဆိုရင် သံဃာ့ နာယက ခွင့်ပြုဘုန်းကြီးရဲ့ ရှေ့မှာ ဆရာတော်ကို ဝန်ခံ ကတိ လက်မှတ် ထိုးခိုင်း ရ တယ်။ လက်မှတ် ထိုးခိုင်းပြီး ပါရာဇိကကံ မြောက်တယ်ဆိုမှ သင်္ဃန်းချွတ်ရမှာ။ ဆရာတော်ဟာ ရွှေဝါရောင် တုန်းက လှုပ်ရှား ခဲ့လို့ အငြိုးနဲ့ လုပ်တာလို့ မိန့်တယ်။ အဲဒီအချိန်မှာ တိုင်းသာသနာရေး ဦးစီးမှူးလည်း ရှိတယ်”ဟု ဦးစိုးဌေးက ဆိုသည်။
နိုင်ငံတော် သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ ဆင်မင်းကျောင်းတိုက် ဆရာတော်ကြီးက မန္တလေးတိုင်း ဝန်ကြီးချုပ်ထံသို့ ရေပူ ဆရာတော်အား ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံစာ တစောင် ရေးသားပေးပို့လိုက်ပြီး မန္တလေး ဗြဟ္မစိုရ် ဆရာတော် ကြီး ကလည်း မေတ္တာရပ်ခံ ပန်ကြားစာ ပေးပို့ရန်ရှိသည်ဟု သိရှိရသည်။
ရေပူဆရာတော်သည် ရေပူရပ်ကွက် မီးလင်းရေး ဦးဆောင် လုပ်ဆောင်ခဲ့ခြင်း၊ ရွေဝါရောင် တော်လှန်ရေးတွင် တက်တက် ကြွကြွ ပါဝင်ခဲ့ခြင်းနှင့် မိုးကုတ်မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့တွင် သံဃ ကိုယ်စားလှယ် ဦးဆောင် ဆရာတော် တပါး အဖြစ် ပါဝင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြဿနာ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း မိုးကုတ်ဒေသခံများ၏ အဆိုအရ သိရှိ ရသည်။