မြန်မာနိုင်ငံမှလွှတ်တော်အမတ် ၈ ဦးကို တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ယူနန်တက္ကသိုလ်က ဖိတ်ကြားလိုက်ပြီး အဆိုပါ အမတ် ၈ ဦးသည် ဇွန်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဘေဂျင်း၊ ကူမင်း၊ ရှန်ဟိုင်း ဒေသများသို့ သွား ရောက် မည် ဖြစ်ပြီး တရုတ် နိုင်ငံရေး သမားများ၊ စီးပွားရေး ပညာရှင်များနှင့်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်ပြည် သွားရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များမှာ ကချင် ပြည်နယ်မှ ဒေါ်ဒွဲဘူ၊ ဦးဇုံသိမ်း၊ ရခိုင်ပြည်နယ်မှ ဦးဘရှိန်၊ ဒေါ်ခင်စောဝေ၊ စစ်ကိုင်းတိုင်းမှ ဦးကံညွန့်၊ မွန်ပြည်နယ်မှ ဒေါ်မိမြင့်သန်း၊ ရှမ်းပြည်နယ်မှ ဦးစိုင်းမောင်တင်၊ ဦးရဲထွန်း တို့ဖြစ်သည်။
တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ အပေါ်ဒေ သခံ ပြည်သူများ၏ ဆန္ဒသဘောထားများနှင့်ပတ်သက်၍ လင်းရှင်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊မြန်မာနိုင်ငံ အတွင်းရှိ တရုတ်စီမံကိန်းကြီးများရှိရာ ဒေသများမှ လွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်သည့် အတွက် မိမိတို့ ဒေသရှိ စီမံကိန်းများနှင့်ပတ်သက်၍ အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။
ကချင်ဒေသမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူက “မြစ်ဆုံ စီမံကိန်းမှာ တရုတ်က အများကြီးရင်းနှီးမြှုပ်နှံမှု လုပ်ထားပြီးပြီဆိုတော့ သူတို့ဘက်က ပြန်စချင်တဲ့ ဆန္ဒ တော့ ရှိမှာပေါ့၊ ဒါပေမယ့် ကျမတို့ ပြည်သူတွေက စီမံကိန်း ပြန်စဖို့ လုံး၀ ဆန္ဒမရှိဘူး ဆိုတာကို ပထမ တကြိမ် သွားခဲ့ တုန်းကလဲပဲ ဆွေးနွေးခဲ့ပါသေးတယ်၊ ကျမတို့ကတော့ ဆိုင်းငံ့ထား တာ မျိုး မဟုတ်ဘဲ လုံးဝရပ်ဆိုင်းပစ်ဖို့ပဲ ဆန္ဒရှိပါ တယ်” ဟု ဆိုသည်။
တရုတ် နယ်စပ်ဒေသများမှတဆင့် ကချင်ပြည်နယ်၏ သဘာဝသယံဇာတများဖြစ်သော ကျောက်စိမ်း၊ သစ် စသည့် ကုန် ပစ္စည်းများ တရားမဝင် ကုန် သွယ်နေမှုများ၊ ကချင်ဒေသတွင်း စစ်ပွဲ အရေးကိစ္စများနှင့်ပတ်သက်၍လည်း ဆွေးနွေးရန် ရှိ သည်ဟု ဒေါ်ဒွဲဘူ က ပြောသည်။
အလားတူ တရုတ်စီမံကိန်းများ ဖြစ်သော ရခိုင်ပြည်နယ်ရှိ ရွှေသဘာ၀ ဓာတ်ငွေ့စီမံ ကိန်း ၊ စစ်ကိုင်းတိုင်းရှိ လက်ပံ တောင်းတောင် စီမံကိန်းများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ၏ ဆန္ဒသဘောများ၊ သဘာ၀ ပတ်ဝန်း ကျင် ထိခိုက် ပျက်စီးမှုများကိုလည်း တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးရန်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးဘရှိန်က တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံထားသော ကျောက်ဖြူ ဒေသရှိ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ ၏ အခွင့်အရေးများ နစ်နာ ဆုံးရှုံးနေမှုကို ဆွေးနွေးမည်ဟု ပြော ဆိုသည်။
မြန်မာနိုင်ငံ တဝန်းရှိ တရုတ်စီမံကိန်းကြီးများ အားလုံးနီးပါးသည် ဒေသခံပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ နေရကြောင်း၊ ထိုစီမံကိန်းများအပေါ် ဆန့်ကျင်မှု လျော့ကျစေလိုသည့် အတွက် အစိုးရ မဟုတ်သည့် လွှတ် ကိုယ် စား လှယ်များ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် ရင်းနှီးမှု တည်ဆောက်၍ ထောက်ခံမှု ရယူလိုသည့် အတွက် တရုတ် နိုင်ငံက လွှတ်တော်အမတ်များကို ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။
သီပေါမြို့နယ် လွှတ်တော်အမတ် ဦးရဲထွန်းက“အရင်တုန်းကတော့ အစိုးရ ချင်းပဲဆက်ဆံခဲ့တယ်၊ အခုချိန်မှာတော့ မြန်မာ နိုင်ငံ ဟာ ဒီမိုကရေစီဘက်ကို သွားနေပြီ ဖြစ်တဲ့အတွက် ဘက်ပေါင်းစုံက လူတွေကို ဖိတ်ပြီးတော့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်လိုတဲ့အတွက် ဖြစ်တယ်လို့ထင်ပါတယ်”ဟု ဆိုသည်။
တရုတ်အစိုးရသည် ယခင်က မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင်များနှင့်သာ ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိခဲ့ သော် လည်း ယခုနှစ် အနည်းငယ်အတွင်း အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးများ တည်ဆောက် သည့်အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံလည်ပတ်စေခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် အပါအဝင် ကွန်မြူနစ် ပါတီ ခေါင်းဆောင် များ က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြသည်။