မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာဖို့ လှုပ်ရှားမှုများစွာ သူဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တပါတီ အာဏာရှင် စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ် ကာလကတည်းက “စစ်အစိုးရရဲ့ လုပ်ရပ် မကျေနပ်လို့” ဟုဆိုကာ ကျောင်းသား အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ထို လှုပ်ရှားမှုများကြောင့် စစ်အစိုးရ၏ “ကျောင်းသားဆိုး” ဟူသည့် အမည် တပ်ခံ ရပြီး ကျောင်းထုတ်ခံခဲ့ရသည်။
သူ ကျောင်းထုတ်ပယ် ခံရပြီးနောက် မြစ်ဝကျွန်းပေါ်ရှိ ရွာတရွာတွင် တွဲဖက်ကျောင်းဆရာ လုပ်ခဲ့သည်။ သူသည် စာပေး စာယူ ဖြင့် ဘွဲ့ရခဲ့ပြီး ဂုဏ်ထူးတန်း တက်ခွင့်ရသည်။ ထို့နောက် ၁၉၉၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် တခုမှ ပညာ ရေး မူဝါဒရေးရာဘွဲ့အတွက် ကျောင်းတက်ခွင့် ရရှိခဲ့သည်။ ထိုတက္ကသိုလ်မှ Ph.D ဘွဲ့ ရခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ် တွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များထဲမှ ကျောင်းဆရာများကို သင်တန်းပို့ချမှုများ ပြုလုပ်ခဲ့ သည်။
သူ၏ အမည်မှာ ဒေါက်တာသိန်းလွင် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင် ရာ ကွန်ရက် (NNER) ကိုယ်စားလှယ် အဖြစ် တာဝန်ယူနေသည်။
NNER ဆိုသည်မှာ တိုင်းရင်းသား ပညာရေး စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရကို အကြံဉာဏ်ပေးရန် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တခု ဖြစ်သည်။
သူသည် NNER နှင့်အတူ အစိုးရ၏ ပညာရေး ဗဟိုချုပ်ကိုင်မှုကို ထိပ်တိုက်တွေ့ဆုံ၍ မသန်စွမ်း ကလေးငယ်များ တန်းတူ ပညာ သင်ခွင့် ရရှိရေး၊ တိုင်းရင်းသား ကလေးများ၏ ဘာသာစကား သင်ကြားမှု အခွင့်အလမ်း ရရှိရေးနှင့် ပညာ ရေး အသုံး စရိတ် တိုးမြှင့်ပေးရေး စသည့် ပညာရေး အပြောင်းအလဲ ဖြစ်ပေါ်လာရန် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေး ကောက် ပွဲ ကာလ နောက်ပိုင်းမှ စတင် အရှိန်မြှင့် ဆောင်ရွက်လာခဲ့သူလည်း ဖြစ်သည်။
“ NNER ကို ဖွဲ့ဖြစ်တယ် ဆိုတာက အစိုးရရဲ့ ပညာရေးမူဝါဒ၊ ပေါ်လစီကို သဘော မကျဘူး။ လူထု၊ ကျောင်းသားတွေ လိုလား တဲ့ ပညာရေး ဥပဒေ ဖြစ်စေချင်တယ်။ ပညာရေး ပြောင်းလဲဖို့ အတွက် နိုင်ငံရေးစနစ် ကောင်းသွားမှ၊ ဘယ်အဖွဲ့ အာဏာ ရမှ ဆိုတဲ့အထိ မစောင့်နိုင်ဘူး။ ပညာရေးစနစ် အမြန်ပြောင်းလဲဖို့ လိုတယ်။ ဒါဟာ ကလေးတွေ ပညာရေး ကောင်းမွန် ဖို့ ဖြစ်တယ်” ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။
ဒေါက်တာသိန်းလွင်၏ ပညာရေးပြုပြင် ပြောင်းလဲရေး တောင်းဆိုချက်တိုင်း အစိုးရက “လက်တွေ့မကျသော၊ စိတ်ကူးယဉ်ဆန်သော တင်ပြချက်များ” ဖြစ်သည်ဟု ဆိုကာ မကြာခဏ ပယ်ချသည်၊ ငြင်းဆန်သည်။ သူတို့၏ ပညာရေး ဗဟိုချုပ်ကိုင်မှု စနစ်ဖြင့်သာ ဆက်လက်သွား လိုသည်။ သို့သော် ဒေါက်တာသိန်းလွင် အနေဖြင့် အားလျော့ မသွားဘဲ “ပညာရေး ပြုပြင်ပြောင်းလဲပါ” ဟု အချိန်ပြည့် တိုက်တွန်းနေဆဲ ဖြစ်သည်။
သူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက်တာဝန်ခံ အဖြစ်လည်း ဆောင်ရွက်ခဲ့ သေးသည်။ သို့သော် NLD က ဒေါက်တာသိန်းလွင်ကို ကျောင်းသားများ သပိတ်မှောက် တောင်းဆိုနေသည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲသို့ ခွင့်ပြုချက် မယူဘဲ အစည်းအဝေး တက်ရောက်ခဲ့သည် ဟု ဆိုကာ ၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက ထုတ်ပယ်လိုက်သည်။
ထို့နောက်ပိုင်းတွင် သူက NNER အနေဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ပိုမို အားစိုက် ဆောင်ရွက်လာခဲ့ပြီး အစိုးရပိုင်း အဖွဲ့ အစည်းများနှင့် ဆွေးနွေးမှုများ၊ တိုက်တွန်းမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။
“အစိုးရ ပညာရေးစနစ်က နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာ သိမ်းပြီးချိန်ကတည်းက လုပ်ခဲ့တဲ့ ပညာရေးစနစ်၊ မအောင်မြင်ဘူး ဆိုတာ အားလုံး သိထားတယ်။ အထူး ပြောနေစရာ မလိုဘူး။ ကျောင်းသား တွေရဲ့ ရလဒ်ကို ကြည့်ရင်သိတယ်။ ကျောင်းသားတွေ ပညာ တတ်မလာဘူး။ အရည်အချင်း မရှိဘူး။ အလုပ်အကိုင် လုပ်ဖို့အတွက် စွမ်းရည်တွေ ပါမလာ ပါဘူး။ အစိုးရရဲ့ ပညာရေးမူဝါဒက ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် ပညာရေး တိုးတက်လာမှာ မဟုတ်ဘူး” ဟု သူက ဝေဖန်ထောက်ပြသည်။
၂၀၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းကာလ ကတည်းက မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သင့်ကြောင်း ဒေါက်တာသိန်းလွင်က NNER ၏ တခြားအဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် အတူ ထောက်ပြ ဝေဖန်ခဲ့သည်။ ထိုအချိန်တွင် အစိုးရက အမျိုးသားပညာရေး ဥပဒေကြမ်းကို ရေးဆွဲစဉ် ကာလပင် ရှိသေးသည့် အတွက် အကြံပေးမှုများ ဆက်လက် ပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
အစိုးရက ဒေါက်တာသိန်းလွင် ကဲ့သို့ ပညာရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကျောင်းသားများနှင့် ပြည်သူလူထု များစွာက ကန့်ကွက်ခြင်း၊ ဝေဖန် ထောက်ပြခြင်း ပြုလုပ်နေသည့် ကြားမှ ပညာရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းလိုက်ပြီးနောက် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။ ကန့်ကွက်မှုများ ကြားမှ အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အတွက် ကျောင်းသားများက ဆန္ဒပြကြသည့် အပေါ် အစိုးရ ရင်ဆိုင်နေရသည်။
“ပညာရေး လွတ်လပ်ခွင့်တွေ ရှိစေချင်တယ်။ ဆရာတွေ၊ အတတ်ပညာရှင်၊ သုတေသန ပညာရှင်တွေ အတွက်လည်း လွတ်လပ်တဲ့ ပညာရေး ရှိစေချင်တယ်။ ဒါပေမယ့် အစိုးရက ခွင့်မပြုဘူး။ ခွင့်မပြု ချင်လို့ ကျောင်းသားတွေနဲ့ NNER က တောင်းဆိုတာကို ပယ်ချတယ်။ ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ်ကိုပဲ သွားချင်တယ်။ အဓိကကတော့ သူတို့ ချုပ်ကိုင် ထားတာ မလွှတ်ချင်လို့ လုပ်တာလို့ ထင်တယ်။ အခုထိလည်း တင်းခံနေဆဲပဲ။ ဘာမှ ပြောင်းလဲတာ မရှိဘူး” ဟု ဒေါက်တာသိန်းလွင်က အစိုးရ၏ လက်ရှိ လုပ်ရပ်များ အပေါ် ဝေဖန်ထောက်ပြသည်။
မကြာသေးမီက ကမ္ဘာ့ ပညာရေး ညီလာခံ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း တက်ရောက်ခွင့် ရခဲ့သည်။ အဆိုပါ ညီလာခံတွင် နိုင်ငံတကာမှ သဘောထားများသည် ကျောင်းသားများနှင့် NNER တို့၏ သဘောထားများနှင့် ထပ်တူ ညီနေသည်ဟု သိရသည်။
ယင်း ညီလာခံကြီးတွင် ဆွေးနွေးကြသည့် မသင်မနေရ အခမဲ့ ပညာရေးစနစ်၊ ပညာရေး အသုံးစရိတ် ၂၀ ရာခိုင်နှုန်း၊ ၁၂ နှစ် အရွယ်ရှိ ကျောင်းသားများ ပညာသင်ကြားမှု စရိတ်သည် နိုင်ငံတော် စရိတ်ဖြစ်ရေး၊ ၁၂ တန်းပညာရေးနှင့် မူကြိုနှင့် မူလတန်းတွင် အခမဲ့ မသင်မနေရ ပညာရေး၊ ၁၂ တန်းပညာရေးစနစ် ဖြစ်ရေး၊ ပညာရေး ဥပဒေများနှင့် မူဝါဒများချမှတ်ရာတွင် လည်း သက်ဆိုင်ရာ ဆရာများနှင့် ကျောင်းသားများ ပါဝင်ခွင့် ရရှိရေး၊ မတူကွဲပြားသည့် ဘာသာစကား သင်ကြားနိုင်ခွင့် စသည့် ကိစ္စများတွင် နိုင်ငံတကာ သဘောထားနှင့် တိုက်ဆိုင်နေသည့် အတွက် အားရ ကျေနပ်မိသည် ဟုလည်း သူက ပြောပြသည်။
“ဒေါက်တာ သိန်းလွင်ဆိုတာ မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ရမယ် ဆိုရင် တော်တော် စိတ်အား ထက်သန်တဲ့ သူ၊ အတိုက်အခံ လုပ်ပြီးတော့ကို အလုပ်လုပ်တဲ့ သူ။ ပညာရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲချင်တဲ့ စိတ် တအားရှိတဲ့ လူတယောက်ပဲ။ သူနဲ့ စကားပြောတယ် ဆိုရင်လည်း ဘာပဲ ပြောပြော ဂရုတစိုက် နားထောင် ပေးတတ် တဲ့ အကျင့်ရှိတယ်။ တည်ငြိမ်တယ်။ ဘယ်တော့မှ ဇွတ်တရွတ် မလုပ်ဘူး။ သိပ်အံ့ဩစရာ ကောင်းတယ်” ဟု ဒေါက်တာသိန်းလွင်နှင့် ပညာရေးလှုပ်ရှားမှုများ စတင် ဆောင်ရွက်စဉ် ကတည်းက အတူပါဝင်ခဲ့သူ ရန်ကုန် တက္ကသိုလ်၊ သမိုင်းဌာနမှ ဒေါက်တာ သိန်းဦးက ပြောပြသည်။
ဒေါက်တာသိန်းလွင်သည် မြန်မာ့ပညာရေး စနစ် ပျက်ယွင်း နေသော်လည်း အစိုးရက ထိရောက်သည့် ပြုပြင် ပြောင်းလဲမှု မပြုလုပ်သည့်အပေါ် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။ ပညာရေးသည် နိုင်ငံတကာတွင် နောက်ကျကျန်နေပြီး လူငယ်များနှင့် ကလေးများ၏ အနာဂတ်များ အပေါ် စိတ်ပူနေသည်။ ဘာသာမတူ၊ လူမျိုး ကွဲပြားသူများနှင့် မသန်စွမ်း သူများသည်လည်း အခြားသူများ နည်းတူ လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိစေချင်သည့် ဆန္ဒ သူ့မှာ ရှိသည်။
“တိုင်းရင်းသား ကလေးငယ်တွေ နှစ်ပေါင်းများစွာ သူတို့ရဲ့ ဘာသာစကားဆိုင်ရာ သင်ကြားမှု အခွင့်အလမ်းတွေ ဆုံးရှုံးနေတယ်။ အဲဒါ လူ့အခွင့် အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဖြစ်တယ်။ အဲဒီ အခွင့်အရေးကို ကျနော်တို့ ရချင်တယ်။ ဒါဟာ ကလေးတွေရဲ့ ပညာရေးတင် မဟုတ်ဘဲ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့လည်း ဆိုင်တယ်။ တိုင်းရင်း သားတွေဟာ သူတို့ အခွင့်အရေး ဆုံးရှုံးနေလို့ ပြည်တွင်းစစ်တွေ ဖြစ်တယ်။ ဘယ်သူ့ကိုမှ ပညာရေးမှာ နောက်ကျ ကျန်လို့ ဆိုတာ မဖြစ်စေရဘူး။ ဘာ အကြောင်းပြချက်နဲ့မှ ခွဲခြားတာ မဖြစ်စေရဘူး။ အဲဒီ အတွက်ကြောင့် တောင်းဆို နေရတာ” ဟု ဒေါက်တာသိန်းလွင်က ပြောပြသည်။
မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေါက်တာသိန်းလွင် ကဲ့သို့ ပညာရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများက ယနေ့ထိတိုင် အစိုးရကို ထောက်ပြ ဝေဖန်နေဆဲ ဖြစ်သည်။ သို့သော် ယနေ့အချိန်ထိ အစိုးရပိုင်းက ဆွေးနွေးမှုတချို့သာ ပြုလုပ်ပေးပြီး ဒေါက်တာ သိန်းလွင်တို့ တောင်းဆို တိုက်တွန်းမှုများကို တင်းခံနေကာ ပြောင်းလဲမှု တစုံတရာ မရှိသည့် အပေါ်လည်း သူ့အနေဖြင့် အားမလို အားမရ ဖြစ်နေပုံရသည်။
“ပညာရေး ပြောင်းလဲမှပဲ ကလေးတွေ အရည်အချင်းရှိတဲ့ ပညာရေးကို ရမယ်။ ဒါမှ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှာ။ မဖြစ်မနေ လုပ်ဖို့လိုတယ်” ဟု သူက ပြောပြသည်။
ဒေါက်တာသိန်းလွင်သည် အစိုးရ၏ ဗဟိုချုပ် ကိုင်မှု စနစ်ဖြင့်သာ သွားနေရဆဲ ဖြစ်သည့် မြန်မာ့ ပညာရေး စနစ်ကို အမြန်ဆုံး ပြောင်းလဲလိုသည့် အတွက် ဆက်လက် တိုက်တွန်းရင်း တိုက်ပွဲဝင်နေဦးမည် ဖြစ်သည်။