ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူး အသံလွှင့် စက်ရုံဝင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ပြန်ကြားရေး ဝန်ကြီးဌာနက စီစဉ်နေမှုကို ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် ခဲ့သော်လည်း လွှတ်တော် ၏ ဆုံးဖြတ်မှုကို မလိုက်နာ ဘဲ လုပ်ငန်းဆက်လက် ဆောင်ရွက်နေသဖြင့် လွှတ်တော်က ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကို အခြေခံဥပဒေ ဖောက်ဖျက်မှု ဖြင့် စွပ်စွဲပြစ်တင်တော့မည် အခြေအနေရှိနေကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့နယ်ရှိ မြေဧက ၉၀ ကျယ်ဝန်းသော ရေကူးအသံလွှင့်စက်ရုံဝင်းကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးရန် ပြန် ကြားရေးဝန်ကြီးဌာနက မေလအတွင်းတွင် တင်ဒါခေါ်ယူခဲ့ပြီး ယင်းတင်ဒါခေါ်မှုသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူနှင့် နိုင်ငံ နစ်နာစေမည့် လုပ်ရပ်အဖြစ် Eleven Media Group က သတင်းဖော်ပြခဲ့ကြောင်း၊ ယင်းသို့ သတင်းဖော်ပြမှုကြောင့် မေလ ၂၇ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ရေကူးအသံလွှင့်စက်ရုံ ဝင်း ပုဂ္ဂလိက လွှဲပြောင်းမှု ဆိုင်းငံ့ထားရန် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ရေကူး အသံ လွှင့် စက်ရုံ ပုဂ္ဂလိက လွှဲပြောင်းရန် စီစဉ်နေမှုများ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့စွဲဖြင့် ရေကူးအသံလွှင့်စက်ရုံ စီမံကိန်း နိုင်ငံတော် နစ်နာမှုမရှိစေ ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြန်ကြားလာသည့်အပြင် ဇွန်လ ၁၈ ရက်နေ့ ကျင်းပသော ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က တင်ဒါဝယ်ယူထားသည့် ကုမ္ပဏီ ၆ ခု၏ စာရင်းကိုပါ တင်ပြ လာ ကြောင်း၊ ယင်းသို့ တင်ပြလာမှုသည် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ လုပ်ငန်း ဆက်လက် ဆောင်ရွက် ခြင်း ဖြစ် ၍ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကို စွပ်စွဲပြစ်တင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေးတွင် ပွင့် ပွင့် လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၈ တွင် ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အစိုးရက အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ယင်းပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက မလိုက်နာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေအရ ဦးရဲထွဋ်ကို စွပ်စွဲ ပြစ်တင်သင့်ပြီး ရာထူးမှ အနားပေးသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။
“ လွှတ်တော်က မေလ ၂၇ ရက်နေ့မှာ ဒီရေကူးအသံလွှင့်စက်ရုံ ကိစ္စကို ပုဂ္ဂလိက လွှဲတာတွေ ရပ်ထားဖို့ ဆုံးဖြတ် ထားပြီး ပြီ။ ဒါကို ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ဇွန်လ ၃ ရက်နေ့အထိ တင်ဒါ လာဝယ်တာကို လက်ခံထားတယ်။ လွှတ်တော်က ရပ်ဖို့ ပြောထားတာကို မရပ်တဲ့အပြင် သူက လုပ်ငန်းဆက်လက်ဆောင်ရွက်ဖို့ ဆက်ပြီးလုပ်တယ်။ ဆက်လုပ်မယ်လို့လည်း လွှတ်တော်မှာ လာပြောတယ်။ ဒါက လွှတ်တော်ကို အာခံတဲ့ သဘောပဲ။ ကျနော်ကတော့ လွှတ်တော်မှာ ဦးရဲထွဋ်ကို စွပ်စွဲ ပြစ်တင် ဖို့ တင်ပြထားတယ်။ ဒီကိစ္စက နောက်ဆက်တွဲတွေ အများကြီး ဖြစ်လာဦးမယ်။ စောင့်ကြည့်ပါ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က မိမိကို စွပ်စွဲပြစ်တင်မည်ဆိုပါက ရင်ဆိုင်ရန် အသင့်ရှိကြောင်း၊ ရေကူးအသံလွှင့်စက်ရုံဝင်း ကိစ္စသည် နိုင်ငံတော်နစ်နာမှုမရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိ၏ အကျိုးစီးပွား လုံး၀ မပါဝင်ကြောင်း၊ မိမိ အပေါ် စွပ်စွဲ ပြစ်တင်မည်ဆိုပါက လာရောက် ရင်ဆိုင်မည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော် ပြောဆို ခဲ့သည်။
“ကျနော် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းများကို လုပ်တဲ့အခါမှာ ကျနော်ရဲ့ ဆုံးဖြတ်ချက်တွေသည် မှားချင်မှားမယ်။ မှန် ချင် မှန်မယ်။ အားနည်းမှုများ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သေချာတာ တခုကတော့ ကျနော့်မှာ ကိုယ်ရေး ကိုယ် တာ အကျိုးစီးပွားလုံးဝမရှိပါဘူး။ ကျနော့် ဇနီးရော၊ ကျနော့် သားသမီးရော မီဒီယာလုပ်ငန်း လုပ်တာ မရှိပါဘူး။ ပြန်ကြား ရေး မှာလာပြီးတော့ ပစ္စည်းလာရောင်းတဲ့ အထဲမှာလည်း ကျနော့် ဇနီးတွေ သားသမီးတွေမပါ ပါဘူးခင်ဗျ။ ဒါ့ကြောင့်မို့လို့ ကျနော့်မှာ အတွေ့အကြုံ နုနယ်မှုကြောင့် ဆုံးဖြတ်တွေမှာလွဲချော် ကောင်းလွဲချော်နိုင်ပါတယ်။ ထောက်ပြ စရာ ရှိကောင်း ရှိနိုင် ပါတယ်။ သို့သော် သေချာတာကတော့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ရင်တော့ ကျနော် မှတ် ကျောက် တင် ခံနိုင်ပါတယ်” ဟု ဦးရဲထွဋ်က လွှတ်တော်တွင် ပြောဆိုသည်။
ယနေ့ လွှတ်တော်အစည်းအဝေးတွင် ဦးရဲထွဋ်၏ ပြောဆိုချက်များကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး က လက်ခုပ်တီးကြိုဆိုကြပြီး အရပ်သား လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်မတီးကြကြောင်း၊ ဦးရဲထွဋ်ကို စွပ်စွဲ ပြစ်တင် သင့်သည်ဆိုသော အရပ်သား လွှတ်တော်ကိုယ်စားလှယ်တို့၏ တင်ပြချက်ကို တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် များက လက်ခုပ်မတီးကြဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေက သူ၏ လူမှုကွန်ရက်ဖေ့ဘုတ်စ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ရေကူးအသံလွှင့်စက်ရုံဝင်း လွှဲပြောင်းရရန် လျှောက်ထားကြသည့် ပုဂ္ဂလိက ကုမ္ပဏီ ၆ ခုမှာ Auspicious Millennium Trading Group၊ Yangon Engineering Group ၊ Global Technology ကုမ္ပဏီ ၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ ၊ Thein Kyaw Kyaw ကုမ္ပဏီ၊ Myanmar Media Untied ကုမ္ပဏီတို့ ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်၏ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။