အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး မတည်ငြိမ်မှုများ အကြောင်းပြ၍ ၂၀၁၅ ရွေးကောက်ပွဲ လမ်းလွဲသွားမည်ကို စိုးရိမ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ ရန်ကုန်မြို့ ၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ် သည့် NLD ဗဟိုကော်မတီ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
“နိုင်ငံရဲ့ မတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲလမ်းလွဲသွားမှာကို မဖြစ်ပါစေနဲ့လို့ ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေ အားလုံးကို မှာချင်ပါတယ်။ ပြည်သူလူထုကိုလည်း ဒီကနေတဆင့် မှာချင်ပါတယ်။ ဒီလိုတည်တည်ငြိမ်ငြိမ်နဲ့ နိုဝင်ဘာ လပထမအပတ်မှာ နောက်ဆုံးထားပြီးကျင်းပရမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်စေချင်တယ်။ ရွေးကောက်ပွဲအလွန် ကာလမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျမတို့ရဲ့ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ပေး နိုင်မယ့် ကာလတခုကို ဖြစ်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ချင်သူများသည် ယင်းတို့၏ ပိုင်ဆိုင်မှုကို တင်ပြရမည်ဖြစ်သကဲ့သို့ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အဖွဲ့ချုပ်က မေးမြန်းစုံစမ်းသည့်အခါတွင်လည်း မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်ပါမည်ဆိုသည့် ခံဝန်ချက်ကို တရားဝင် လက်မှတ် ထိုးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ယခင်ကမလုပ်ဖူးသည့် စည်း မျဉ်း စည်းကမ်းချက်များကို ထားရှိမည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ အား အဂတိတရား လုံးဝကင်းစေရေးအတွက် ဦးတည်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဒီလိုလုပ်တယ်ဆိုတာဟာ ကျမတို့ နိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်တဲ့ ပုဂ္ဂိုလ်များဟာ အဂတိတရား လုံးဝကင်းစင်ဖို့ လိုပါ တယ်။ ဒါကို ဦးတည်ပြီးတော့ လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
NLD ကိုယ်စားလှယ်လောင်းများအားလုံးသည် ယင်းတို့၏မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ ယင်းတို့၏ ဇနီး၊ ခင်ပွန်းများ၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ ယင်းတို့၏ အသက် ၁၈ နှစ်အောက် သားသမီးများ၏အမည်နှင့်ရှိသည့် မရွှေ့ပြောင်း နိုင်သည့် ပစ္စည်းများစာရင်းကို တင်သွင်းရမည်ဖြစ်ကြောင်း၊ ဘဏ်အကောင့်ရှိပါကလည်း နံပတ်ပေးရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်မှုရှိပါကလည်း တင်ပြရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြင်ပတွင် အမှန်တကယ်နိုင်ငံကိုအကျိုးပြုသည့် ပုဂ္ဂိုလ်များရှိပါက NLD ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်အရွေးခံရန် ဖိတ်ခေါ်သွားမည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
“ရွေးတဲ့အခါမှာ အဖွဲ့ချုပ်ဝင်တွေထဲကရွေးတဲ့အခါမှာလည်း လူကြီးလူငယ် ဝါရင့်ဝါနု ဒါတွေကိုကြည့်မှာမဟုတ်ဘူး။ လူကြီး တွေထဲမှာ တော်တဲ့သူတွေရှိသလို လူငယ်တွေထဲမှာလည်း တော်တဲ့ လူရှိမယ်။ ဝါရင့်တွေထဲမှာ တော်တဲ့သူတွေ ရှိသလို သွေးသစ်တွေထဲမှာ တော်တဲ့သူတွေရှိတယ်။ ကျမတို့ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ပြင်ပမှာတောင်မှ တကယ် နိုင်ငံကိုအကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေရှိတယ်ဆိုရင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ ဖိတ်ခေါ်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ချင်သည့် ပုဂ္ဂိုလ်များသည် မိမိတို့ အနိုင်ရရှိရေးအတွက်မဟုတ်ဘဲ နိုင်ငံ့အရေး၊ ဒီမိုကရေစီအောင်နိုင်ရေးအတွက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကိုယ် စားလှယ် လောင်းများရွေးချယ်ရာတွင်လည်း ရွေးကောက်ပွဲတွင်မဲအနိုင်ရရှိရေးတခုတည်းမဟုတ်ဘဲ ရွေးကောက်ပွဲ အလွန် ကာလကို အဓိကထားစဉ်းစားပြီး ရေရှည်နိုင်ငံအကျိုးအတွက် မည်မျှလုပ်ဆောင်နိုင်မည်ကို ကြည့်ပြီးရွေးချယ် မည်ဖြစ် ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမြောက်အစည်းအဝေးကို ဇွန် ၂၀ ရက်မှ ၂၁ ရက် အထိ ပြုလုပ်မည်ဖြစ်ပြီး ဇွန် ၂၁ ရက်၊ နေ့လယ် ၃ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။