မန္တလေးမြို့၊ မင်္ဂလာမန္တလေး စီမံကိန်းအတွင်းရှိ Hotel Pullman ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်က သံငြမ်းပြိုကျကာ အလုပ်သမားများ ပိတ်မိနေသည့်သတင်းကို တော်တော်များများ ဖတ်ရှုပြီး သား ဖြစ်ပါလိမ့်မည်။
အချိန်မရွေးပြိုကျနိုင်သည့် သံငြမ်းပုံကြီး အောက်တွင် ပိတ်မိနေသည့် လုပ်သားများကို အားသွန်ခွန်စိုက် ကယ်ဆယ် ပေး ကြသည့် ကယ်ဆယ်ရေးလုပ်သားများ၊လုံခြုံရေးယူပေးသူများကိုလည်း အထူးလေးစား ဂုဏ်ပြု အပ်ပါ သည်။ သို့သော် လည်း တာဝန်ရှိ သူများနှင့် ပတ်သက်၍ ပြောစရာရှိတာတော့ ပြောရပါဦးမည်။ ပြိုကျ နေသည့် သံငြမ်းပုံနားသို့ မိမိတို့ ရောက် သွားချိန်မှာ သံငြမ်းပြိုကျပြီး ၂ နာရီခွဲခန့် ကြာမြင့်ပြီးနောက် (ညနေ ၄ နာရီ ၄၅ မိနစ်) အချိန်တွင် ဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းခွင်အတွင်း ဝင်ဝင်ချင်း မြင်လိုက်ရသည်က ပြိုကျနေသည့် သံငြမ်းပုံနေရာအနီးတွင် မီးစက် အစုတ် လေး တစ်ခုကို အသည်းအသန်စက်နှိုးနေရသည့် ကယ်ဆယ်ရေးသမား၂ ဦး၊ မျက်နှာတွင် ချွေးသီးချွေးပေါက်များ တ ပေါက် ပေါက်ကျလျက် တော်တော်လေးမောဟိုက်နေပါတော့သည်။ သံငြမ်းများပိမိနေသည့် လုပ်သား၏ အသည်းလှိုက် အူလှိုက် နာကျင်စွာအော်ညဉ်းလေလေ မီးစက်နှိုးနေသည့် ကယ်ဆယ်ရေးလုပ်သားများမှာ ပို၍ အားသွန်ခွန်စိုက် ဖြင့် လုပ်ရလေ လေဖြစ်နေသည်ကိုတွေ့မြင်ရပါသည်။ သံတိုင်များကို ဖြတ်ရာတွင် သုံးမည့် စက်အတွက် လိုအပ်သော မီးအား ရရှိရန် အသည်း အသန်စက်နှိုးနေရသူများကို အားနာမိသလို လက်ဆွဲမီးစက်ကောင်းကောင်းလေးတခုမျှပင် ပံပိုးမှု မရှိသော တာဝန်ရှိ သူများကိုလည်း အသည်း နာမိပါသည်။
လူ့အသက်ကယ်ဆယ်ရာတွင် အသုံးပြုမည့် ပစ္စည်းပစ္စယများကိုပင် ကောင်းကောင်းမွန်မွန် စေ့စေ့ငှငှ ထောက်ပံ့ ပေးနိုင် ခြင်း မရှိရလောက်အောင် တိုင်းပြည်က မွဲနေပြီလားဟု မေးခွန်းထုတ်စရာရှိပါသည်။ ထောက်ပံ့ရေးပစ္စည်း အနည်းငယ် မျှဖြင့် အသက်ကိုရင်းကာ ကယ်ဆယ်ရေးလုပ်နေရသူများကိုလည်း ပို၍ ကျေးဇူးတင်မိပါသည်။ နောက် တချက် ပြောစရာ ရှိသည်မှာ အရေးပေါ်ကယ်ဆယ်ရေးကိစ္စများကြုံတွေ့ရာတွင် မည်သို့ မည်ပုံတုံ့ ပြန်မည်၊ မည်သည့်အဖွဲ့က အဓိက ဦး ဆောင် မည်ဆိုသည့် အစီအစဉ်များ ချမှတ်ထားမှုအားနည်းခြင်းဖြစ်ပါသည်။
အဆိုပါ ငြမ်းပြိုကျမှုကယ်ဆယ်ရေးအဖွဲ့တွင် ရဲအရာရှိများ၊ မီးသတ်ရဲဘော်များ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများ စသည်ဖြင့် အဖွဲ့တော်တော်များများကို စုံစုံလင်လင်တွေ့ရပါသည်။ သို့သော်လည်း လုပ်ငန်း လုပ်ကိုင် ရာတွင် တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်လုပ်ကိုင်ခြင်းအားနည်း နေသည်ကိုတွေ့ရသကဲ့သို့ လူများ၍ ပွဲမစည် ဖြစ်နေ သည် ကိုလည်း တွေ့ရပါသည်။
အဆိုပါ စီမံကိန်းမှ တာဝန်ရှိသူများပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်အဖွဲ့က ဦးဆောင်ပြီးလုပ်နေကြပါသလဲဟု မေးခဲ့ရာ သူတို့ကလည်း ရေရေရာရာဖြေကြားနိုင်ခြင်းမရှိပါ။ ထုံးစံအတိုင်း မြန်မာ့ နည်း မြန်မာ့ဟန် ဖြစ်သော ကြုံရာကျပန်း၊အဆင်ပြေသလိုလုပ်ရသည့် အစီအစဉ်ကိုသာ အသုံးပြုနေပုံပေါ်ပါသည်။ မြန်မာ နိုင်ငံတွင် အများပြည်သူတို့၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကျရောက်သောအခါ ကယ်ဆယ်ရေးဆိုင်ရာ အစီအမံ များကို ပြည်သူများ၏ အသက်များရင်း၍ တာဝန်ရှိသူများ သတိပြုမိစေရန် ပေးဆပ်နေကြရသည်။ ပြည်သူတို့၏ အသက်များ ရင်းပေးမှသာ အိပ်ငိုက်နေသည့်တာဝန်ရှိနေသူများ၊မသိချင်ယောင်ဆောင်နေသူများ ဗြူးဗြူး ဗြဲဗြဲ ထလုပ်ကြ သည်မှာ လည်း အစဉ်အလာကြီး တခုဖြစ်နေပါသည်။
လမ်းအသုံးပြုခများစွာ ကောက်ခံယူ ထားသော၊ ယာဉ်ကြီး ကြပ် ခွန်များကောက်ယူထားသော ရန်ကုန်-မန္တလေး အမြန် လမ်းမ သစ်ကြီးကို ကြည့် ကြပါစို့။ ပုံမှန်အားဖြင့် ယင်းလမ်းမကြီးပေါ်တွင် သွားလာနေကြသော ယာဉ်ကြီး ယာဉ်ငယ် တို့၏ ကြံ့ခိုင်ရေးအခြေအနေကို စစ်ဆေးကွပ်ကွဲသည့်အဖွဲ့က စဉ်ဆက်မပြတ် ကြည့်ရှု စစ်ဆေး အရေးယူ နေရမည်ဖြစ်သည်။ သို့သော် ယာဉ်တိုက်မှုမဖြစ်ခင် မည်သူကမှ အရေးတယူလုပ်ကာ ဖိဖိစီးစီးမစစ်ဆေးကြ။ အမြန်လမ်းပေါ်တွင် အဝေးပြေး ကားများ ယာဉ်တိုက်မှုဖြစ်မှ၊ ယာဉ်မီးလောင်ကာ ခရီးသည်များ မရှုမလှသေဆုံးမှ၊ မီဒီယာများက အကျယ်တဝင့် ဖော်ပြမှ နေ့ချင်း ညချင်း အရေးပေါ်စစ်ဆေးရေးအဖွဲ့များဖွဲ့ ကာ အသည်းအသန်စစ်ဆေးကြပါသည်။ လအတော်အတန် ကြာမြင့် သောအခါ ထိုစစ်ဆေးရေးအဖွဲ့များလည်း မရှိတော့ပါ။ နောက်တကြိမ် ကြီးကြီး ကျယ်ကျယ်ယာဉ်တိုက်မှုဖြစ်မှ ပြန်လည် ဖွဲ့စည်း၊ ပြန်လည်စစ်ဆေးကြပြန်ပါသည်။
အမှန်တကယ်အားဖြင့် ယာဉ်တိုက်မှုဖြစ်သည်ဖြစ်စေ၊မဖြစ်သည်ဖြစ်စေ မော်တော်ယာဉ်များ၊မော်တော်ယာဉ်လိုင်းများကို စဉ်ဆက်မပြတ် စစ်ဆေးနေရမည်သာဖြစ်သည်။အမြန်လမ်းပေါ်တွင် ကားမောင်းလျှင် ဂရုစိုက်ပါဆိုသည့် ဆိုင်းဘုတ် လေး များ ထောင်ထားရုံနှင့် တာဝန်ကျေပြီဟု ထင်မှတ်နေကြသည်မှာ မဖြစ်သင့်ပါ။
မြန်မာနိုင်ငံတွင်တာဝန်ရှိသူများ မျက်နှာလွှဲခဲပစ်လုပ်ခဲ့သောကြောင့် ၎င်းတို့စစ်ဆေးကြပ်မတ်ရမည့်ကိစ္စရပ်များကို ဖိဖိစီးစီး မလုပ်ဆောင်ကြသောကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်သာဓကများစွာရှိပါသည်။ တစုံတခုဖြစ်လာမှ တာဝန်ရှိသည့် ဌာနမှ အောက်ခြေဝန်ထမ်းများကို အလုပ်မှ ပြောင်းရွှေ့ခြင်း၊ထုတ်ပယ်ခြင်းစသည့် တရားခံ ဆွဲထုတ်ကာ လူကြားကောင်းအောင် အရေးယူပြသည့်အစဉ်အလာကို ပြောင်းလဲသင့်ပြီဖြစ်သည်။
တချို့ကိစ္စရပ်များမှာ လက်တလောတွင်ဖြစ်မလာသေးသော်လည်း ဖြစ်လာမည့် အလားအလာများစွာ ရှိပါသည်။ ဥပမာ အားဖြင့် မန္တလေးမြို့ကျောင်းကြီးများတွင် အထပ်မြင့် အဆောက်အအုံများစွာရှိနေပြီ ဖြစ်သည်။ ထိုအဆောက်အအုံ များ မီးလန့် လျှင် ကလေးငယ်များမည်သို့မည်ပုံသွားလာရမည်ဆိုသည့် အရေးပေါ်အစီအစဉ်များ မဖြစ်ခင်ကတည်းက လေ့ ကျင့် ထားရပါမည်။ သို့သော်လည်း ယခုထိ မည်သူကမှ ထိုကိစ္စကိုခေါင်းထဲမထည့်ကြသေးပါ။ ဖြစ်လာတော့မှ ကြည့် လုပ် ကြ မည့် ပုံစံသာ ရှိပါသည်။
ထို့အတူပင် စစ်ကိုင်းငလျင်ကြောကို ဖင်ခုထိုင်နေရသော စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့တွင် ငလျင်ပြင်းထန်စွာလှုပ်ခဲ့ပါက မည်သို့ မည်ပုံကယ်ဆယ်ရေးလုပ်ရမည်၊ အများပြည်သူများအနေဖြင့် မည်သို့ မည်ပုံနေထိုင်ရမည်ဆိုသည်တို့ကို ပြည်သူ များကြား ပညာပေးမှုလွန်စွာအားနည်းပါသည်။ အထပ်မြင့်တိုက်များစွာရှိနေပြီဖြစ်သော စစ်ကိုင်းမြို့ ၊ မန္တလေးမြို့ကြီး များတွင် ယနေ့အချိန်ထိ ငလျင်လှုပ်လျှင် မည်သို့မည်ပုံလုပ်ရမည်ဆိုသည်ကို ကြိုတင် ပြင်ဆင်ထားမှုများ ၊အသိပညာ ပေးမှုများ၊ Rehearsal (အစမ်းလေ့ကျင့်မှု) လုပ်ဆောင်နေမှုများ အဘယ်မျှအားနည်းနေပါသနည်း။ ကိစ္စတိုင်း ကို အကောင်း ပဲ မြင်နေ၍ မရပေ။ ဖြစ်လာနိုင်ခြေရှိသည့် ကိစ္စရပ်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားသည့်အစီအစဉ်များ ကောင်းမွန်စွာ ချမှတ်ကာ အချိန်မနှောင်းခင်လုပ်ဆောင်သင့်ပြီဖြစ်ပါသည်။
တစုံတခုဖြစ်လာမှ မည်သို့မည်ပုံ အရေးယူသွားမည်၊ မည်သို့ ကြပ်မတ်သွားမည်ဟု ထုတ်ပြန်ခြင်းမျိုး မလုပ်ဆောင်သင့် တော့ပေ။ မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။ မိုးလွန်မှ ထွန်ချ သည့် အကျင့်ကို ဖျောက်ဖျက်ရပါမည်။ အစိုးရဌာန အသီးသီးမှ တာဝန်ရှိသူများကို မေတ္တာရပ်ခံလိုပါသည်။ ပြည်သူများပို့သည့် မေတ္တာမစူးပါစေနှင့်ဟုလည်း ဆုတောင်းပေးပါသည်။