၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဝင်ရန် ပြင်ဆင်နေသည့် မြန်မာ့အမျိုးသမီး ဘောလုံးအသင်း ဂျပန်နိုင်ငံသို့ သွားရောက်ကာ လေ့ကျင့်မည်ဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ လာမည့် သြဂုတ်လအတွင်း သွားရောက်ကာ လေ့ကျင့်မည်ဖြစ်ပြီး အဆိုပါ အသင်းအတွက် ကစားသမား ၂၆ ဦး ရွေးချယ်ထားပြီး လေ့ကျင့်မှုများပြုလုပ်နေပြီး၊ ခင်မာလာထွန်းနှင့် သန်းသန်း ထွေးတို့မှာ ခွဲစိတ်ကုသမှုခံယူလျက် ရှိခြင်းကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လာမည့်စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ များ တွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်(တိုင်ပေ)တို့နှင့် တစ်အုပ်စု တည်း ကျရောက်နေပြီး ယင်းခြေစစ်ပွဲ ၌ အုပ်စုအဆင့်ဗိုလ်စွဲသည့် အသင်း တစ်သင်းသာ နောက်တစ်ဆင့်တတိယ အဆင့် ခြေစစ်ပွဲသို့ တက်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။